သေရင် ရေထဲပစ်ချခံရတဲ့ အင်ဒိုနီးရှား ငါးဖမ်းသမားတွေ

ဆီပရီ (ဝဲ)နဲ့ တစ်ရွာတည်းသား အာရီတို့ ပင်လယ်ထဲမှာ သေခဲ့ရ။
ဓာတ်ပုံ ပုံစာ, ဆီပရီ (ဝဲ)နဲ့ တစ်ရွာတည်းသား အာရီတို့ ပင်လယ်ထဲမှာ သေခဲ့ရ။
    • ရေးသားသူ, ကယ်လစ်တာဆီယာ နဲ့ ရက်ဘက္ကာ ဟန်းချကီး
    • ရာထူးတာဝန်, ဘီဘီစီသတင်း အင်ဒိုနီးရှား

လူငယ်တစ်ယောက်ရဲ့အလောင်း ပင်လယ်ထဲပစ်ချခံခဲ့ရပုံ ဗီဒီယိုတစ်ခုကနေ နိုင်ငံတကာအဆင့် စုံစမ်းစစ်ဆေးမှုကြီး ဖြစ်လာခဲ့ရာကနေ အင်ဒိုနီးရှားငါးဖမ်းသမားတွေ တရုတ်သင်္ဘောပေါ်မှာ ကျွန်တွေလို ဆက်ဆံခံနေရတဲ့ အခြေအနေကို မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

ဒီဆောင်းပါးက ဘဝသစ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားရင်း အသက်ဆုံးခဲ့ကြရတဲ့ လူငယ်လေး နှစ်ယောက်ရဲ့ မိသားစု နှစ်စု အကြောင်းပါ။

တရုတ်ပိုင် ငါးဖမ်းသင်္ဘောတစ်စင်းပေါ်မှာ အလုပ်ရနိုင်တဲ့အကြောင်း သူငယ်ချင်းတစ်ယောက်ဆီက ကြားခဲ့ချိန်တုန်းက ဆီပရီဟာ ပင်လယ်ထဲတောင် တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။

သင်္ဘောပေါ်မှာ ရမယ့်လစာငွေဟာ အသက် ၂၅နှစ်အရွယ် ဆီပရီအတွက် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်က သူ့ရွာလေးမှာဆို အိပ်မက်တောင် မမက်နိုင်တဲ့ လစာမျိုးပါ။

"ကျွန်မတို့အတွက် ပိုက်ဆံတွေ အများကြီး ထောက်နိုင်တော့မယ် ဆိုပြီး သူက အရမ်းကို စိတ်ထက်သန်နေခဲ့တယ်" လို့ အစ်မဖြစ်သူ ရီကာအင်ဒရီပရာတမာက ပြန်ပြောင်း ပြောပြပါတယ်။

သင်တန်း တက်ခွင့်နဲ့ တစ်လကို လစာ ဒေါ်လာ လေးရာ ရမယ်ဆိုတဲ့ အာမခံချက်နဲ့ ဆီပရီဟာ တခြားအင်ဒိုနီးရှားလူမျိုး ၂၂ ယောက်နဲ့အတူ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက လောင်ရှင်း အမှတ် ၆၂၉ ဆိုတဲ့ ငါးဖမ်းသင်္ဘောပေါ် လိုက်သွားခဲ့ပါတယ်။

"သူမသွားခင် ကျွန်မဆီက ပိုက်ဆံ ချေးသွားသေးတယ်" လို့ ရီကာက ပြောပြပါတယ်။

"သူက ဒီတစ်ခါ ပိုက်ဆံချေးတာ နောက်ဆုံးပါတဲ့၊ သူပြန်လာတဲ့အခါ ပိုက်ဆံတွေ အများကြီးပါလာမှာ၊အဲဒီကျရင် မိသားစုအိမ်ကို ကျွန်မတို့ ပြန်ပြင်နိုင်တော့မှာလို့ ပြောသွားတယ်။"

ဒါပေမယ့် ဆီပရီတစ်ယောက် အိမ်ကို ဘယ်တော့မှ ပြန်မလာတော့ပါဘူး။ ဘာငွေမှလည်း မပို့နိုင်တော့သလို ရီကာလည်း သူ့မောင်နဲ့ ဘယ်တော့မှ ထပ်စကားပြောခွင့် မရတော့ပါဘူး။

ပင်လယ်ထဲမှာ သူ့မောင် သေသွားတဲ့အကြောင်း ရေးထားတဲ့ စာနဲ့အတူ ရီကာကို တွေ့ရစဉ်
ဓာတ်ပုံ ပုံစာ, ပင်လယ်ထဲမှာ သူ့မောင် သေသွားတဲ့အကြောင်း ရေးထားတဲ့ စာနဲ့အတူ ရီကာကို တွေ့ရစဉ်

ဇန်နဝါရီလ အစောပိုင်းမှာ ရီကာ စာတစ်စောင် လက်ခံ ရခဲ့ပါတယ်။ စာထဲမှာ သူ့မောင် ပင်လ ယ်ထဲမှာ သေသွားလို့ အလောင်းကို ပစိဖိတ်သမုဒ္ဒရာထဲ ပစ်ချလိုက်ပြီလို့ ရေးထားပါတယ်။

"သူ့ကို ပင်လယ်ထဲ ပစ်ချလိုက်ပြီ ဆိုတာ ကြားလိုက်ရတော့ ကျွန်မ ရင်ကွဲခဲ့ရတယ်" လို့ ရီကာက မျက်ရည်တွေထိန်းရင်း ပြန်ပြောပါတယ်။

သူ့မောင်လေးကို စောင့်ရှောက်ဖို့ အမေ မသေခင် မှာခဲ့တာကြောင့် ရီကာ့အနေနဲ့ အပြစ်မကင်းသလို ခံစားနေရပါတယ်။

တခြား အင်ဒိုနီးရှား သင်္ဘောသားနှစ်ယောက်လည်း လောင်ရှင်း အမှတ် ၆၂၉ ငါးဖမ်းသင်္ဘောပေါ်မှာသေဆုံးခဲ့ပါတယ်။

ပင်လယ်ထဲရောက်ပြီး ၁၀ လလောက်အကြာ ဒီဇင်ဘာလမှာ ဆီပရီနဲ့ နောက်အင်ဒိုနီးရှား တစ်ယောက် ရက်ပိုင်းပဲ ခြားပြီး သေဆုံးခဲ့ပါတယ်။

တစ်ရွာတည်းသား အာရီ ကတော့ ကျန်တဲ့ သင်္ဘောသားတွေ ကယ်ဆယ်မခံရခင်လေးမှာတင် မတ်လပိုင်းက သေဆုံးခဲ့တာပါ။

ဆီပရီလိုပဲ သူတို့ရဲ့ အလောင်းတွေကို အဝတ်နဲ့ပတ်ပြီး ပင်လယ်ထဲကို ပစ်ချခဲ့တာပါ။

ဆီပရီရဲ့ မိသားစုလိုပဲ သူတို့တွေရဲ့ မိသားစုတွေလည်း နောက်ဆုံးနှုတ်ဆက်ခွင့် မရသွားခဲ့ကြပါဘူး ။

အသည်းအသန် ဖျားနေတဲ့ အီဖန်ဒီ ပါဆရီဘူကတော့ မသေဘဲ ကုန်းပေါ် ပြန်ရောက်လာနိုင်ခဲ့ပါတယ်။ အသက်ပါလာတယ် ဆိုရုံလေးပါ။

အလောင်းတွေ ပင်လယ်ထဲ ပစ်ချနေတာကို မိုဘိုင်းဖုန်းနဲ့ ဗီဒီယို ရိုက်မထားဘူးဆိုရင် ဒီကိစ္စက အင်ဒိုနီးရှားမှာ အုတ်အော်သောင်းတင်း ဖြစ်လာမှာ မဟုတ်တော့ပါဘူး။

ဒါဆိုရင် ဒီကိစ္စတွေကို ဘယ်သူမှ မသိဘဲ အစပျောက်သွားနိုင်ပြီး နောက်ထပ် သေဆုံးမှုတွေလည်း ထပ်ရှိလာနိုင်ပါတယ်။

အခုတော့ ဒီဗီဒီယိုကြောင့် တောင်အာရှဒေသမှာ နိုင်ငံခြားသင်္ဘောတွေပေါ်က ငါးဖမ်းသမားတွေ နှိပ်စက်ညှင်းပမ်း ခံနေရတဲ့ ကိစ္စအကြောင်း အခြေအတင် ဆွေးနွေးစရာ ဖြစ်လာခဲ့တာပါ။

ပင်လယ်ထဲ အလောင်းပစ်ချခဲ့ပုံကို ရိုက်ထားတဲ့ မိုဘိုင်းဖုန်းပေါ်က ဗီဒီယိုကြောင့် အင်ဒိုနီးရှားမှာ အကြီးအကျယ် ဒေါသထွက်ခဲ့ကြ
ဓာတ်ပုံ ပုံစာ, ပင်လယ်ထဲ အလောင်းပစ်ချခဲ့ပုံကို ရိုက်ထားတဲ့ မိုဘိုင်းဖုန်းပေါ်က ဗီဒီယိုကြောင့် အင်ဒိုနီးရှားမှာ အကြီးအကျယ် ဒေါသထွက်ခဲ့ကြ

ထိတ်လန့်စရာ ကောင်းတာက လောင်ရှင်း အမှတ် ၆၂၉ ငါးဖမ်းသင်္ဘောပေါ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မျိုးတွေဟာ သိပ်မထူးဆန်းတဲ့ ဖြစ်နေကျ ဖြစ်ရပ်တွေပါ။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကလည်း မြန်မာနိုင်ငံသား အများစုပါတဲ့ ငါးဖမ်းသမား ၄၀၀၀ လောက်ကို အင်ဒိုနီးရှားနိုင်ငံ အစွန်အဖျား လူသူမနီးတဲ့ ကျွန်းတွေပေါ်ကနေ ကယ်ဆယ်ခဲ့ရဖူးပါတယ်။

အဲဒီထဲက တချို့တွေဆိုရင် နှစ်နဲ့ချီကြာ ကျွန်တွေလို အနိုင်ကျင့် ခံခဲ့ကြရတာပါ။

အဲဒီအချိန်တုန်းက တရားမဝင် ငါးဖမ်းတာတွေ၊ နိုင်ငံခြားသင်္ဘောတွေပေါ်မှာ ငါးဖမ်းသမားတွေကိုအနိုင်ကျင့် ခေါင်းပုံဖြတ်တာမျိုးတွေကို အမြစ်ဖြုတ် တိုက်ဖျက်သွားမယ်လို့ အင်ဒိုနီးရှားအစိုးရက ကတိပြုထားတာပါ။

ဒါပေမဲ့ လောင်ရှင်း အမှတ် ၆၂၉ ငါးဖမ်းသင်္ဘောပေါ်ကနေ အသက်မသေဘဲ လွတ်လာတဲ့သူတွေရဲ့ ပြောဆိုချက်တွေကို ကြားလိုက်ရချိန်မှာတော့ အဲဒီအခြေအနေတွေ ဘာမှ ပြောင်းလဲမလာသေးဘူးဆိုတာ သိသာလာပါတယ်။

အလောင်းကို သန့်စင်ပေးပြီး ဆုတောင်းပေးတာပဲ လုပ်ပေးနိုင်ခဲ့

ဆီပရီနဲ့ အတူ အလုပ်လုပ်ခဲ့တဲ့ ငါးဖမ်းသမားတွေက သူတို့ မကြာခဏ ရိုက်နှက် ခံခဲ့ရတဲ့အကြောင်း ဘီဘီစီ အင်ဒိုနီးရှားဌာနကို ပြန်ပြောပြခဲ့ပြီး သူတို့ရဲ့ နာမည်အတိုကောက်ကိုပဲ ဖေါ်ပြပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။

တရုတ်အလုပ်ရှင်တွေ ပြောတာကို နားမလည်တဲ့အတွက် စိတ်ရှုပ်ထွေးစရာတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့သူငယ်ချင်းတွေ မသေခင်မှာ ခန္ဓာကိုယ်တွေ ဖောယောင်နေတယ်လို့ ငါးဖမ်းသမား တစ်ယောက်က ပြောပါတယ်။

သူတို့ တစ်နေ့ကို ၁၈ နာရီလောက် အလုပ်လုပ်ခဲ့ရပြီး သူတို့စားဖို့ ငါးစာတွေပဲ ပေးတယ်လို့ နောက်တစ်ယောက်က ပြောပါတယ်။

"တရုတ်သင်္ဘောသားတွေက ရေသန့်သောက်ပြီး ကျွန်တော်တို့ကိုတော့ ပင်လယ်ရေကနေ နည်းနည်းပါးပါး ပြန်ချက်ထားတဲ့ရေတွေ ပေးတယ်" လို့ အသက်၂ဝ အရွယ် NA က ပြောပါတယ်။

သင်္ဘောသားတွေ ဖမ်းမိတဲ့ငါးတွေထဲက ငါးမန်းတောင်တွေ
ဓာတ်ပုံ ပုံစာ, သင်္ဘောသားတွေ ဖမ်းမိတဲ့ငါးတွေထဲက ငါးမန်းတောင်တွေ

ဆီပရီနဲ့ နောက်ငါးဖမ်းသမားတွေ အကြီးအကျယ် နေမကောင်းနေတာ သိလာရတော့ ကမ်းကပ်ပြီး ဆေးကုပေးဖို့ သင်္ဘောကပ္ပတိန်ကို သူတို့ အသနားခံခဲ့ကြတယ်လို့ NA ကပြောပြပါတယ်။

လူ ၃ ယောက် သေသွားပြီးတဲ့အခါမှာ ကမ်းပေါ်ရောက်ရင် အစ္စလာမ်ထုံးစံအတိုင်း သင်္ဂြိုဟ်နိုင်အောင် အလောင်းတွေကို အအေးခန်းတစ်ခုထဲ ထည့်သိမ်းထားခွင့်ပြုဖို့ ငါးဖမ်းသမားတွေက တောင်းပန်ခဲ့ကြပါတယ်။

ဒါပေမယ့် ကပ္ပတိန်က ဒီအလောင်းတွေကို ဘယ်သူကမှ လက်ခံချင်မှာ မဟုတ်ဘူးဆိုပြီး ပြန်ပြောခဲ့ပါတယ်။

"ဘယ်နိုင်ငံကမှ ဒီအလောင်းတွေကို သင်္ဂြိုဟ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ သူက ပြောတယ်။ ဒီတော့ ကျွန်တော်တို့ လုပ်နိုင်သလောက်လေး အစ္စလာမ်ထုံးစံအတိုင်း အလောင်းတွေကို သန့်စင်၊ ဆုတောင်းပေးပြီးပင်လယ်ထဲ ပစ်ချခဲ့ရတယ်" လို့ NA က ပြန်ပြောပြပါတယ်။

နောက်ဆုံးမှာတော့ ကျန်တဲ့ အင်ဒိုနီးရှားငါးဖမ်းသမားတွေကို တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းမှာ ရပ်ထားတဲ့ နောက်တရုတ်သင်္ဘောပေါ် ပြောင်းပေးဖို့ ကပ္ပတိန်က သဘောတူခဲ့ပါတယ်။

အဲဒီအချိန်မှာ အီဖန်ဒီ ပါဆာရီဘူ က အရမ်းဖျားနေပေမယ့် အသက်ရှင်နေပါသေးတယ်။

အနာဂတ်ကောင်းဖို့ ရွာကို စွန့်ခွာခဲ့

ဘူဆန်ဆေးရုံမှာ အီဖန်ဒီ ဆေးကုသခံနေတုန်း သူ့အမေ ကလန်တီနာနဲ့ ဗီဒီယိုကနေတဆင့် စကားပြောခွင့် ရခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်က အမေကို နှုတ်ဆက် ထွက်သွားတုန်းက ကျန်းမာသန်စွမ်းတဲ့ အသက်၂၁ နှစ် အရွယ် အီဖန်ဒီ ကို ဒီလိုပုံစံနဲ့ တွေ့လိုက်ရတာ မမှတ်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။

ပင်လယ်ထဲ ထွက်သွားတုန်းက ကျန်းမာသန်စွမ်းမှု အပြည့်နဲ့ အီဖန်ဒီ
ဓာတ်ပုံ ပုံစာ, ပင်လယ်ထဲ ထွက်သွားတုန်းက ကျန်းမာသန်စွမ်းမှု အပြည့်နဲ့ အီဖန်ဒီ

"သားရေ၊ အိမ်ကိုသာ ပြန်လာခဲ့ပါ၊ ရွာမှာပဲ သားကို အမေတို့ ပြုစုပါ့မယ်၊ ကျေးဇူးပြုပြီး အိမ်ကိုသာ ပြန်လာပါတော့"လို့ သူ့အမေက အီဖန်ဒီကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ အီဖန်ဒီ အစား သူ့ရဲ့ အလောင်းပဲ အိမ်ပြန်ရောက်လာခဲ့ပါတယ်။ ကျောက်ကပ် ပျက်တာ၊ အဆုတ်ရောင်ရောဂါတွေနဲ့ သေခဲ့တာလို့ သူတို့ကို ပြောပါတယ်။

ရွာက မထွက်ခင်တုန်းက အီဖန်ဒီက ခရီးဆောင်သေတ္တာတစ်လုံး ကြွားကြွားဝံ့ဝံ့ ဆွဲထားတဲ့ သူ့ဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။

ပုံအောက်မှာတော့ "အနာဂတ် ကောင်းဖို့ ရွာကို စွန့်ခွာသွားတော့မယ်" လို့ ရေးခဲ့ပါတယ်။

အီဖန်ဒီရဲ့အလောင်းကို ဆူမားတြားကျွန်း ကျေးလက်ဒေသက သူ့မိသားစုအိမ်နားမှာ မြေမြှုပ်ပေးခဲ့ကြပါတယ်။

"ကျွန်တော့်ညီ သေဆုံးခဲ့မှုကနေ နိုင်ငံခြားငါးဖမ်းသင်္ဘောတွေပေါ်က ကျွန်ပြုမှုကိစ္စတွေ ဖော်ထုတ်ရေးမှာ အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီကိစ္စကို အပြည့်အဝ စုံစမ်းစစ်ဆေးသွားမယ်လို့ မျှော်လင့်ပါတယ်"လို့ အီဖန်ဒီရဲ့ အစ်ကို ရိုမန်က ပြောပါတယ်။

အဖြေပဲ လိုချင်တာပါ၊ ငွေမလိုချင်ပါဘူး

အင်ဒိုနီးရှားနိုင်ငံသားတွေ ကျွန်လို ဆက်ဆံခံလာနေရမှုကနေ ကာကွယ်နိုင်အောင် အစိုးရအနေနဲ့ ပိုမို ဆောင်ရွက်ပေးဖို့ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

လောင်ရှင်း အမှတ် ၆၂၉ သင်္ဘောကနေ အသက်ရှင် လွတ်မြောက်လာတဲ့ ငါးဖမ်းသမားတွေဟာ အသက် ၁၉ နှစ်ကနေ ၂၄ နှစ်အကြား ငါးဖမ်းသမား ၄၉ ယောက် အုပ်စုထဲက ဖြစ်ပါတယ်။

သူတို့တွေ တာ့လျန်းအိုးရှန်း Dalian Ocean ငါးဖမ်းကုမ္ပဏီပိုင် ငါးဖမ်းသင်္ဘော အနည်းဆုံးလေးစင်းပေါ်မှာ ဆင်းဆင်းရဲရဲ အလုပ်လုပ်ခိုင်းခံခဲ့ရပြီး တစ်ယောက်မှ လစာ အပြည့် မရခဲ့ကြဘူးလို့ အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ သင်္ဘောကုမ္ပဏီကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်ဖြေဖို့ ငြင်းဆန်ခဲ့ပြီး သူတို့ ဝက်ဘ်ဆိုက်မှာ ကြေညာချက် ထုတ်ပြန်မယ်လို့ ပြောပါတယ်။

အခုချိန်ထိ ဘာကြေညာချက်မှ မထုတ်ပြန်ခဲ့ပါဘူး။

သူတို့မကြာခဏ ရိုက်နှက် ကန်ကျောက်ခံရတယ်လို့ အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ပြန်ပြောပြကြ
ဓာတ်ပုံ ပုံစာ, သူတို့မကြာခဏ ရိုက်နှက် ကန်ကျောက်ခံရတယ်လို့ အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ပြန်ပြောပြကြ

ဖြစ်ခဲ့တဲ့ ကိစ္စအတွက် အဖြေရှာပေးပါ့မယ်လို့ မိသားစုတွေကို အင်ဒိုနီးရှား အစိုးရကရော တရုတ်အစိုးရကပါ ကတိပေးထားကြပါတယ်။

ငါးဖမ်းသမားတွေကို ဆက်ဆံခဲ့ပုံဟာ လူမဆန်ဘူးလို့ အင်ဒိုနီးရှားအစိုးရက ပြောခဲ့ပြီး ဂျာကာတာအခြေစိုက် တရုတ်သံရုံးကတော့ ဒါဟာ ကံမကောင်း အကြောင်းမလှလို့ မဖြစ်သင့်ဘဲ ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် ပြောခဲ့ပါတယ်။

အခုအခါ ပြည့်စုံကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို အင်ဒိုနီးရှားအစိုးရနဲ့ ပူးပေါင်းပြီး လုပ်နေပါတယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှားမှာ လူငယ်လေးတွေကို အလုပ်ခန့်တဲ့ ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး လူ ၃ဦးကို ဖမ်းဆီးထားပါတယ်။ တကယ်လို့ လူကုန်ကူးမှု ဥပဒေတွေနဲ့ ပြစ်မှု ထင်ရှားရင်တော့ ထောင်၁၅နှစ် အထိ ကျခံရဖို့ ရှိပါတယ်။

"အင်ဒိုနီးရှား ငါးဖမ်းသမားတွေရဲ့ အခွင့်အရေးကို ကုမ္ပဏီအနေနဲ ဖြည့်ဆည်းပေးဖို့ ကျွန်မတို့ အသေအချာ ဆောင်ရွက်သွားမှာပါ" လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ဗီဒီယို ကွန်ဖရန့်စ်တစ်ခုမှာ ပြောသွားခဲ့ပါတယ်။

"ငါးဖမ်းသမားတွေဆီက ရတဲ့ အချက်အလက်တွေအရ ကုမ္ပဏီက လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။

အစိုးရသတိမထားမိဘဲ အလုပ်သမားတွေ ခန့်နေတဲ့ မှတ်ပုံမတင်ထားတဲ့ သင်္ဘောသား အေဂျင်စီတွေအများကြီး ရှိနေတယ်လို့ အင်ဒိုနီးရှား ငါးဖမ်းသမား အေဂျင်စီ အစည်းအရုံး (IFMA)က ဘီဘီစီ အင်ဒိုနီးရှားဌာနကို ပြောပါတယ်။

"နိုင်ငံခြားငါးဖမ်းသင်္ဘောတွေကနေ လူတွေ အများကြီးခေါ်နေတော့ အေဂျင်စီတွေကလည်း လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေလောက်ပဲ လုပ်ပြီး လူတွေကို ပို့နေတာပါ။

အင်ဒိုနီးရှားဘက်က ဘာစိစစ်တာမှ မရှိပါဘူး" လို့ IFMA ဒုတိယ ဥက္ကဋ္ဌ တစ်ကနို က ပြောပါတယ်။

တရုတ်သင်္ဘောတွေပေါ်က အနိုင်ကျင့် စော်ကားမှုတွေကို အင်ဒိုနီးရှားနဲ့ တရုတ် အစိုးရ စုံစမ်းစစ်ဆေးနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်သင်္ဘောတွေပေါ်က အနိုင်ကျင့် စော်ကားမှုတွေကို အင်ဒိုနီးရှားနဲ့ တရုတ် အစိုးရ စုံစမ်းစစ်ဆေးနေ

လူထုဆီက ဖိအားပေး ပြောဆိုမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ အင်ဒိုနီးရှားအစိုးရက နိုင်ငံခြားသင်္ဘောတွေမှာ အင်ဒိုနီးရှား ငါးဖမ်းသမားတွေ အလုပ်လုပ်ခွင့် ၆လ ပိတ်ပင်ထားဖို့ အခုအခါ စဉ်းစားနေတယ်လို့ ပြောပါတယ်။

"ဒီလို လုပ်လိုက်ရင် ကျွန်တော်တို့ရဲ့ ကြီးကြပ်စောင့်ကြည့်မှုတွေ ပိုကောင်းလာအောင် လုပ်ဖို့ အချိန်ရလာမယ်။

ကျွန်တော်တို့ ရထားတဲ့ အချက်အလက်တွေအားလုံးကို လမ်းကြောင်း စနစ်တစ်ခုထဲ ထည့်လာနိုင်မယ်။

စောင့်ကြည့်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ အားလုံး အဲဒီစနစ်ထဲမှာ ရှိနေပြီဆိုရင် အင်ဒိုနီးရှား ငါးဖမ်းသမားတွေရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးသွားနိုင်ပါလိမ့်မယ်လို့" ငါးလုပ်ငန်းဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ် ဇူဖီကာ မိုချာတာက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဆီပရီကို အလုပ်ခန့်ခဲ့တဲ့ ကုမ္ပဏီက သူ့အစ်မ ရီကာကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၆၀၀၀ ကျော် ပေးမယ်လို့ ကတိပြုထားပါတယ်။

ဒါပေမဲ့ ရီကာ လိုချင်နေတာက ဘာတွေဖြစ်ခဲ့သလဲ ဆိုတဲ့ သူတို့ဆီက အဖြေစကားတွေပါ။ ငွေတစ်ခုတည်း မဟုတ်ပါဘူး။

"အဲဒီသင်္ဘောပေါ်မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ကျွန်မတို့ သိဖို့ လိုပါတယ်။ ဒီလိုအဖြစ်မျိုး နောက်ဆုံးကြုံရတဲ့သူတွေဟာ ကျွန်မတို့ မိသားစုတွေပဲ ဖြစ်ပါရစေ"လို့ ရီကာက ပြောပါတယ်။

ဖြည့်စွက်သတင်းပေးပို့သူ - အာဖန် ဟက်ဒယာနဲ့ ရာဂျာအီဘန် လွမ်ဘန်ရာ (ဘီဘီစီ အင်ဒိုနီးရှားဌာန)