အိန္ဒိယ အနောက်ဘက်ကမ်းကို မုန်တိုင်းဝင်၊ မြေပြိုမှုတွေဖြစ်

မွန်ဘိုင်းက တိုက်ခတ်စဥ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မွန်ဘိုင်းကို တိုက်ခတ်စဥ်

အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းခြေက လူဦးရေ ထူထပ်တဲ့ မွန်ဘိုင်းမြို့နားက နေရာတွေကို ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့လို့ မြေပြိုမှုတွေ ဇွန်လ ၃ ရက်မှာ ဖြစ်ခဲ့ပါတယ်။

လူနေထူထပ်များပြားတဲ့ မဂ္ဂါစီးတီးမြို့ကြီး မွန်ဘိုင်းရှိတဲ့ မဟာရာရှတရာ ပြည်နယ်ကို မုန်တိုင်းဝင်ခဲ့ရာမှာ ဆိုင်ကလုန်း မုန်တိုင်း နိစာဂရဲ့ မုန်တိုင်းမျက်စိက မွန်ဘိုင်းကို နည်းနည်းလေး ကပ်ကျော်သွားပြီး ဝင်သွားခဲ့ပါတယ်။

မုန်တိုင်းကြောင့် အနောက်ဘက်ကမ်းရိုးတန်းမှာ မုန်တိုင်းဒီရေတွေ တက်လာနိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ထားပါတယ်။

မုန်တိုင်း နီးကပ်လာတာနဲ့ ကမ်းရိုးတန်းမှာနေတဲ့ ဒေသခံ ထောင်သောင်းများစွာကို ကုန်းမြင့်တွေဆီကို အာဏာပိုင်တွေက ရွှေ့ထားခဲ့ကြပါတယ်။

မုန်တိုင်းခန့်မှန်းလမ်းကြောင်း
ဓာတ်ပုံ ပုံစာ, မုန်တိုင်းခန့်မှန်းလမ်းကြောင်း

အိန္ဒိယရဲ့ လူဦးရေ အထူထပ်ဆုံးမြို့မှာ လူသန်း ၂၀ နေထိုင်ပြီး ကိုရိုနာကပ်က ဆိုးဆိုးရွားရွား ကူးစက်နေပါတယ်။

ရိုင်ဂတ်ခရိုင်ကို မုန်တိုင်းဝင်တိုက်တာ ရိုက်ထားတဲ့ မိုဘိုင်းဖုန်းဗီဒီယိုတစ်ခုမှာတော့ ကမ်းခြေကို လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့ပြီး သစ်ပင်ကြီးတွေ လေပြင်းတွေကြားမှာ ယိမ်းထိုးနေတာ တွေ့ရပါတယ်။

ဗီဒီယို ပုံစာ, မုန်တိုင်းနိစာဂကြောင့် မြေပြိုမှုတွေဖြစ်

အိမ်တွေလည်း သွပ်မိုးတွေ ပြုတ်ထွက်ကုန်ပါတယ်။

အာရေဗျ ပင်လယ်ကနေ ချဥ်းကပ်လာတဲ့ မုန်တိုင်းက လေတိုက်နှုန်း တစ်နာရီကို မိုင် ၆၀ ကျော် ရှိပါတယ်။

ဒေသခံတွေကို ကုန်းမြင့်တွေဆီ ရွှေ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒေသခံတွေကို ကုန်းမြင့်တွေဆီ ရွှေ့

မဟာရာရှတရာပြည်နယ်ထဲက မွန်ဘိုင်းနဲ့ မိုင် ၃၀ လောက် အကွာမှာရှိတဲ့ တချို့နေရာတွေမှာ ဒေသအချိန် နေ့လယ် ၁ နာရီလောက်မှာ မြေပြိုမှုတွေ စဖြစ်ခဲ့ပါတယ်။

မုန်တိုင်းလမ်းကြောင်းက အရှေ့မြောက်ဘက်ကို ဆက်သွားဖို့ရှိလို့ ဂူဂျာရတ်ပြည်နယ်လည်း မုန်တိုင်းလမ်းကြောင်းမှာ ရှိနေပါတယ်။

မုန်တိုင်းက နီပေါဘက်က ဟိမဝန္တာတောင်တန်းတွေကို မရောက်ခင် အိန္ဒိယလမ်းကြောင်းတလျှောက်မှာ မိုးသည်းထန်မှုတွေ ရှိမှာ ဖြစ်ပါတယ်။

မွန်ဘိုင်းမှာတော့ အခြေအနေက နည်းနည်း သက်သာပါတယ်။

မွန်ဘိုင်းမှာ ကမ်းကပ်ထားတဲ့ ငါးဖမ်းသင်္ဘောတွေကို သတိပေးထား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မွန်ဘိုင်းမှာ ကမ်းကပ်ထားတဲ့ ငါးဖမ်းသင်္ဘောတွေကို သတိပေးထား

"လေက ပိုပြင်းပါတယ်။ ဒါပေမဲ့ မိုးကတော့ မိုးသည်းတဲ့ မုတ်သုန်မိုးထက် နည်းပါတယ်"လို့ ဒေသခံ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မွန်ဘိုင်းက မိုးရာသီမှာ မိုးကြီးပြီး ရေလျှံတာတွေ ဖြစ်လေ့ရှိပါတယ်။

မုန်တိုင်းကို ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယမိုးလေ၀သ ဌာနက သတ်မှတ်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် လူတွေ ကယ်ဆယ် ရွှေ့ပြောင်းခံခဲ့ရာမှာ ကိုဗစ် လူနာ ၁၅၀ လည်း အသစ်ဆောက်ထားတဲ့ ဆေးရုံတွေကနေ ရွှေ့ပြောင်းခံခဲ့ရပါတယ်။

မုန်တိုင်းချဥ်းကပ်လာစဥ် မွန်ဘိုင်းမြို့အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မုန်တိုင်းချဥ်းကပ်လာစဥ် မွန်ဘိုင်းမြို့အခြေအနေ

အိန္ဒိယရဲ့ အရှေ့ဘက် ကမ်းခြေနဲ့မတူဘဲ အနောက်ဘက်ကမ်းခြေတွေဟာ မုန်တိုင်းဝင်ခဲပါတယ်။ အရှေ့ဘက်ကမ်းခြေမှာ ကိုလ်ကတ္တားမြို့ကို အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်း ပြင်းပြင်းထန်ထန် တိုက်သွားအပြီး နှစ်ပတ်လောက်အကြာမှာ နိစာဂ မုန်တိုင်းဝင်လာတာ ဖြစ်ပါတယ်။

အမ်ဖန်တိုက်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ သြရိဿပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ စုစုပေါင်း လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။