ကိုရိုနာဗိုင်းရပ်စ် - နိုင်ငံခြား အလုပ်သမား သုံးသိန်းကျော် စင်ကာပူ ပိုးစစ်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စင်ကာပူနိုင်ငံမှာ လာအလုပ်လုပ်ပြီး အဆောင်တွေမှာ နေထိုင်နေကြတဲ့ နိုင်ငံခြားသား အလုပ်သမား ၃၂၃,၀၀၀ ကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာမှာ စပြန့်ခဲ့ချိန်က ပိုးထိန်းချုပ်ရေး စံပြအဖြစ် လုပ်နိုင်ခဲ့တဲ့ စင်ကာပူမှာ အခုအခါမှာတော့ ရွှေ့ပြောင်းအလုပ်သမား အသိုင်းအဝိုင်းထဲ ကူးစက်မှုတွေ အများအပြား ဖြစ်နေတာပါ။
ရွှေ့ပြောင်း အလုပ်သမား သိန်းချီ ရှိနေတဲ့ စင်ကာပူမှာ အများစုက တောင်အာရှက ရောက်လာတာ ဖြစ်ပြီး သူတို့တွေထဲက အများအပြားက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကြပါတယ်။
ဆောက်လုပ်ရေး အလုပ်သမားတွေဟာ ကျဥ်းကျဥ်းကျပ်ကျပ် အဆောင်ခန်းတွေမှာ နေကြရပါတယ်။ တချို့အခန်းတွေမှာ တစ်ခန်းတည်းကို လူ ၁၆ ယောက် လောက် နေကြတာပါ။ အဲဒီအလုပ်သမားတွေ နေတဲ့ အဆောင်ခန်းတွေကို အစိုးရက ကွာရန်တင်းလုပ်ထားတာတောင်မှ ပိုးတွေ့သူ နေ့စဥ် ရာချီ ရှိနေပါတယ်။
အခုအချိန်ထိ အဲဒီအဆောင်တွေက အလုပ်သမား ၃၂,၀၀၀ ကို ပိုးစစ်ထားပြီးပါပြီ။ အဲဒါဟာ အလုပ်သမား စုစုပေါင်းရဲ့ ၁၀ ပုံ ၁ ပုံ ပမာဏ ရှိပါတယ်။
အစိုးရက တစ်နေ့ကို လူ ၃၀၀၀ လောက် ပိုးစစ်နေတယ်လို့ ထုတ်ပြောထားပါတယ်။
မေလ ၁၃ ရက် ဗုဒ္ဓဟူးနေ့ မှာ ကူးစက်မှု အသစ် ၆၇၅ ခု ရှိတယ်လို့ စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စင်ကာပူမှာ ကူးစက်သူ ၂၅,၃၄၆ ရှိပြီ ဖြစ်ပြီး အများစုက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။ သေဆုံးသူက ၂၁ ဦး ရှိပါပြီ။









