ဧပြီလ ၂၆ ရက် တနင်္ဂနွေ ညချမ်း နိုင်ငံတကာ ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ
စပိန်မှာ ကလေးတွေ အပြင်ထွက် ကစားခွင့် စရပြီ

ဓာတ်ပုံ ရင်းမြစ်, AFP
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ အများအပြား ရှိခဲ့တဲ့ စပိန် နိုင်ငံ မက်ဒရစ်မြို့မှာ အစိုးရက ကန့်သတ်မှုတွေကို ဖြေလျှော့ပေးခဲ့တဲ့ အတွက် ကလေးငယ်တွေဟာ အိမ်ပြင်ထွက် ဆော့ကစားခွင့် ရနေကြပါပြီ။
အသက် ၁၄ နှစ်နဲ့အောက် ကလေးတွေ တစ်နေ့ကို တစ်နာရီလောက် အိမ်အပြင် ထွက်ပြီး ကစားခွင့် ရရှိခဲ့ကြတာပါ။
စပိန်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ နှစ်သောင်းကျော် ရှိခဲ့ပြီး၊ လူ နှစ်သိန်းကျော်ဟာလည်း ရောဂါ ကူးစက်ခံခဲ့ရပါတယ်။
နောက်လာမယ့် ရက်တွေမှာ ဗိုင်းရပ်စ် ကူးစက်ခံရမှု ထပ်မံ လျော့ကျသွားရင် လူတွေကို အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာ စတာတွေကိုလည်း ခွင့်ပြု ပေး သွားမယ်လို့ စပိန်ဝန်ကြီးချုပ်က ပြောပါတယ်။
ယူကေမှာ ဖြေလျှော့မှုတွေကို အလောသုံးဆယ်လုပ်မှာ မဟုတ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဗြိတိန် နိုင်ငံမှာတော့ ကိုဗစ်-၁၉ ဒုတိယလှိုင်း အန္တရာယ်ကို စိုးရိမ်တဲ့အတွက် social distancing ခပ်ခွာခွာနေကြဖို့ ညွှန်ကြားချက်နဲ့ တခြား ကန့်သတ်မှုတွေ ဖြေလျှော့ဖို့ အစိုးရ အနေနဲ့ အတော် သတိထားပြီး လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ဒုတိယ အကြိမ် ပြန်လည် ကူးစက်မှု ပြင်းထန် လာရင် စီးပွားရေးအပြင်၊ အစိုးရအပေါ် ပြည်သူတွေရဲ့ ယုံကြည်ချက်မှာ ကျဆင်း သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ်ရပ်ဘ် က ပြောပါတယ်။
ဗြိတိန်မှာ လူတွေ ခပ်ခွာခွာ နေရမယ် ဆိုတဲ့ စည်းကမ်းတွေကိုတော့ အချိန်အတိုင်း အတာ တစ်ခုအထိ ဆက်ရှိနေဦးမယ်လို့လည်း သူက ပြောပါတယ်။
အခုလောလောဆယ်မှာ လူတွေရဲ့ အသက်က ပိုအရေးကြီးတဲ့အတွက် ကန့်သတ်မှုတွေကို ဖြေလျှော့ဖို့ စဉ်းစားဦးမှာ မဟုတ်ဘူးလို့လည်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ကလည်း ပြောထားပါတယ်။
ဂျာမနီမှာ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြား

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျာမနီ နိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က စပြီး လူတွေ အပြင်ထွက်ရင် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရမယ်ဆိုတာကြောင့် ဈေးကွက်ထဲမှာ ပစ္စည်း ပြတ်တော့ မယ်လို့ ဆေးဝါး ပစ္စည်းတွေ ထုတ်တဲ့ကုမ္ပဏီ ဘက်က ပြောပါတယ်။
ဒါ့အပြင် လူအတော်များများ က နှာခေါင်းစည်းတွေကို ဝယ်ယူ စုဆောင်းမှုတွေ များတာကြောင့်လည်း ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေရတာလို့လည်း ဂျာမနီရဲ့ တတိယအကြီးဆုံး ဆေးကုမ္ပဏီ ဖြစ်တဲ့ ဂေဟေ စတူးဂတ် က ဆိုပါတယ်။
ပြီးခဲ့တဲ့ တပတ်က ဂျာမနီမှာ နှာခေါင်းစည်း မဖြစ်မနေတပ်ဖို့ ဆိုတဲ့ ကိစ္စ ကို အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။
အပြင်သွားတဲ့အခါမှာ နှာခေါင်းစည်း မတပ်နိုင်ရင်လည်း မာဖလာ နဲ့ နှာခေါင်းနဲ့ ပါးစပ် နေရာကို ဖုံးအုပ်ထားဖို့ အစိုးရက တိုက်တွန်း ပြောဆိုနေပါတယ်။
ဆော်ဒီမှာ နေ့ဘက်ထွက်ခွင့်ပြုလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို စိုးရိမ်လို့ ကန့်သတ်မှုတွေကို ချမှတ် ထားတဲ့ ဆော်ဒီအာရဗျ မှာလည်း ဖြေလျှော့ ပေးမှုတွေ စတင် လုပ်ဆောင် လာပြီ ဖြစ်ပါတယ်။
၂၄ နာရီ ည မထွက်ရ အမိန့်အစား မနက် ကိုး နာရီ ကနေ ညနေ ၅ နာရီ အထိ အပြင်သွားခွင့်ရမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာကတည်း က စီးပွားရေး လုပ်ငန်း တချို့ကို ပုံမှန်အတိုင်း ပြန်လည် လုပ်ကိုင်ခွင့် ပေးထားပါတယ်။
ဒါပေမယ့် အားကစား ခန်းမတွေ နဲ့ စားသောက်ဆိုင်တွေကိုတော့ ပိတ်ထားဆဲပါ။ ကွာရန်တင်း လုပ်ထားတဲ့ မက်ကာ နဲ့ မက်ဒီနာ မြို့တွေကိုလည်း ဆက်လက် ပိတ်ထား ဆဲ ဖြစ်ပါတယ်။
ကိုရိုနာနဲ့ တိုက်နေရတဲ့စစ်ပွဲမှာ ပြည်သူတစ်ဦးချင်းက စစ်သားတွေလို့ အိန္ဒိယဝန်ကြီးချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
အိန္ဒိယနိုင်ငံမှာ ကိုရိုနာ စစ်ပွဲ ဆင်နွှဲနေရတာ ဖြစ်ပြီး ပြည်သူ တစ်ဦးချင်း တစ်ယောက်ချင်း က စစ်သားတွေ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ က ပြောဆို လိုက်ပါတယ်။
နိုင်ငံပိုင် အသံလွှင့်ဌာနကနေ မိန့်ခွန်း ပြောကြား ခဲ့ရာမှာလည်း ပြည်သူတွေ အနေနဲ့ လမ်းပေါ်မှာ စည်းကမ်းမဲ့ တံတွေး ထွေးတာ ကို ရှောင်ကြဖို့ သူက တိုက်တွန်း ခဲ့ပါတယ်။
နောက်ပြီး အိန္ဒိယ တိုင်းရင်းဆေးတွေဟာ ကိုယ်ခံအား ကောင်းစေတဲ့ အတွက် တိုင်းရင်းဆေးတွေကို မှီဝဲကြဖို့ သူက နိုးဆော်ခဲ့ပါတယ်။
လောလောဆယ် အိန္ဒိယ နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အတည်ပြု လူနာ နှစ်သောင်းကျော် ရှိနေပြီး။ လူ ရှစ်ရာကျော် သေဆုံး သွားခဲ့ပါတယ်။
ဗိုင်းရပ်စ်ကြောက်လို့ ရိုဟင်ဂျာလှေတွေကို ကမ်းကပ်ခွင့်မပေး

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘင်္ဂလား ပင်လယ်အော်ထဲမှာ တဝဲဝဲ တလည်လည် ဖြစ်နေတဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၄၀၀ ကျော် အတွက် စိုးရိမ် ပူပန်မိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက ထုတ်ပြန် ပါတယ်။
လှေ ၂ စီး နဲ့ ပင်လယ်ထဲ မျောပါ နေသူတွေဟာ အစားအသောက် နဲ့ ရေ ပြတ်လပ် တော့မဲ့ အန္တရာယ် နဲ့ ရင်ဆိုင် နေရတယ်လို့ UNHCR ဘက်က ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်း ကတော့ ဘင်္ဂလားဒေ့ရှ် အစိုးရ ဘက် က လှေစီး ဒုက္ခသည် တချို့ကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို စိုးရိမ်တဲ့ အတွက် ဒုက္ခသည်တွေရဲ့ လှေတွေကို ဘယ်နိုင်ငံကမှ ကမ်းကပ်ခွင့် မပေးတော့ပါဘူး။
အစာရေစာ ပြတ်လပ်မှုကြောင့် လှေပေါ်က ဒုက္ခသည်တချို့ သေဆုံးသွားကြပြီး အလောင်းတွေကို ပင်လယ်ထဲ ပစ်ချ ခဲ့ကြတယ် လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ်။
ဗိုင်းရပ်စ်ရှိသူကို ခြေရာခံနိုင်မယ့် မိုဘိုင်းအက်ပ် သြစတြေးလျထုတ်

ဓာတ်ပုံ ရင်းမြစ်, AFP
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ခြေရာခံ လိုက်မယ့် မိုဘိုင်း ဖုန်း အက်ပလီ ကေးရှင်း တစ်ခုကို သြစတြေးလျ အစိုးရ က ထုတ်ပြန် လိုက်ပါတယ်။
ဗိုင်းရပ်စ် ကူးခံထားရသူလို့ သံသယ ရှိသူနဲ့ အနီးကပ် ရောက်တဲ့ အခါမှာ အဲဒီ အပ်ဟာ ဘလူးတုသ် နည်းပညာနဲ့ ဆက်သွယ်ပြီး သတိပေးချက်တွေ ပေးပို့ သွားမှာ ဖြစ်ပါတယ်။
ဒီအပ်ပ်ကြောင့် ကိုရိုနာ ကူးစက်ခံရမှု အခြေအနေ ကနေ အရင်လို ပုံမှန် အခြေအနေ မျိုးပြန်ရောက်အောင် ကူညီ နိုင်မယ်လို့ သြစတြေးလျ ကျန်းမာရေး ဝန်ကြီး က ဆိုပါတယ်။
ဒါပေမယ့် ဒီအပ်ပ် ကြောင့် ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်တွေ ကျိုးပေါက် နိုင်တယ် ဆိုပြီးတော့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန် နေကြပါတယ်။








