ကြွယ်ဝမှု မဖော်ပြနိုင်တဲ့ လန်ဒန်က ဇိမ်ခံအိမ်ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဒေါမနစ် ကာရှီယားနီးနဲ့ ခရစ္စတီယန် အေရစ်ဆွန်
- ရာထူးတာဝန်, ဘီဘီစီသတင်း
လန်ဒန်ရဲ့ စျေးအကြီးဆုံးလမ်းတခုမှာ လုံခြုံရေး ထူထပ်စွာ စီစဉ်ထားတဲ့ အိမ်ကြီးတလုံး ရှိပါတယ်။ ဒီအိမ်ကို ဗြိတိန်ရဲ့ ကြွယ်ဝမှု မဖော်ပြနိုင်တဲ့ ဥပဒေက နောက်ဆုံးပစ်မှတ်ထားနေတာပါ။
အခွန်ဆောင်စရာမလိုတဲ့ နေရာတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေ ပိုင်တဲ့ ဒီအဆောက်အအုံကို ချိတ်ပိတ်လိုက်တဲ့အတွက် ရောင်းလို့ မရတော့ပါဘူး။ တရားရုံး ကြားနာမှုတခုလည်း ဒီနေ့ လုပ်ဖို့ ရှိပါတယ်။
နောက်ဒီအိမ်ကို ကာဇက်စတန်ရဲ့ ရာသက်ပန် သမ္မတဟောင်းရဲ့ မြေး ညူရာ အာလီယက် ပိုင်တယ်ဆိုပြီးလည်း မှတ်တမ်းတွေက ပြနေပါတယ်။
အိမ်ကြီးက ကြီးလွန်းလို့ မြေအောက်မှာ ရေကူးကန်နဲ့ ရုပ်ရှင်ရုံတောင် ပါ ပါတယ်။
ဒီအိမ်ကြီးအပါအဝင် မစ္စတာ အာလီယက် မိသားစုနဲ့ ဆက်နွှယ်နေတဲ့ နောက်ထပ် အိမ်နှစ်လုံးအမှုကို ဗြိတိသျှ တရားလွှတ်တော်မှာ ဒီကနေ့ စတင်တရားရင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ ဘယ်နေရာက ဘယ်အိမ်လဲဆိုတာတော့ ဥပဒေကိစ္စမို့ ဖော်ပြလို့ မရသေးပါဘူး။
ဒီကြားနာမှုအတွင်း ဒီအိမ်တွေကို ပိုင်တယ်ဆိုတဲ့ ကုမ္ပဏီတွေက ရှေ့နေတွေက ဗြိတိသျှ ရာဇဝတ်မှု အေဂျင်စီရဲ့ စစ်ဆေးမှု မဝင်အောင် ကြိုးစားကြတော့မှာပါ။
မြေယာအဆောက်အအုံစျေးကွက်မှာ ရာဇဝတ်မှုက ရတဲ့ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံထားသလား ကြွယ်ဝမှု မဖော်ပြနိုင်တဲ့ ဥပဒေနဲ့ စစ်ဆေးတာက ဗြိတိန်မှာ နောက်ဆုံးသုံးနေတဲ့ နည်းတမျိုး ဖြစ်ပါတယ်။
ဗြိတိသျှ ရာဇဝတ်မှု အေဂျင်စီရဲ့ စစ်ဆေးသူတွေက ဒီလိုဇိမ်ခံအိမ်တွေကို ဘယ်လိုငွေကြေးနဲ့ ဝယ်ယူတယ်ဆိုတာ ပေါ်အောင် ပိုင်ရှင်တွေကို စစ်ဆေးပိုင်ခွင့် ရှိပါတယ်။ ဒီလို ရှင်းမပြနိုင်ဘူးဆိုရင်တော့ တရားရုံးကို ဒီအိမ်ကို သိမ်းဖို့ တောင်းဆိုနိုင်ပါတယ်။
အခု အမှုဖြစ်နေတဲ့ အိမ်ကြီးက အားလုံးပေါင်း ပေါင်စတာလင် သန်း ၈ဝ ကျော် တန်တဲ့ အိမ်ကြီးသုံးလုံးထဲက တခုပါ။ ဒီအိမ်တွေကို မနှစ် မေလကတည်းက ဗြိတိသျှ အစိုးရက ခြေရာခံနေခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီရဲ့ စုံစမ်းမှုအရ ဒီအိမ်သုံးလုံးစလုံးအကြောင်း အစိုးရမှတ်တမ်းတွေမှာ သွားတွေ့ရပါတယ်။
ဒီအိမ်ကို ပိုင်တယ်ဆိုတဲ့ ကုမ္ပဏီနှစ်ခုက ရောင်းမစပ်နိုင်အောင် တရားလွှတ်တော်က ချိတ်ပိတ်မိန့်ပေးခဲ့တယ်လို့ အဲဒီမှတ်တမ်းတွေမှာ ပြနေပါတယ်။ ကာရစ်ဘီယန် ပင်လယ်ထဲမှာရှိတဲ့ ကျူရာဆားက မန်းရစ် ပုဂ္ဂလိက ဖောင်ဒေးရှင်းနဲ့ အန်ဂွီးလားက အယ်လ်ဒါတန် ရင်းနှီးမြှုပ်နှံမှု လီမိတက်တို့က ပိုင်တာပါ။
ဒီအိမ်ကို ဒီကုမ္ပဏီတွေက ၂ဝ၁၄ ကတည်းက ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက် ဒီအိမ်ကို ပိုင်တဲ့သူတွေက ညူရာလီနဲ့ အေဒါ အာလီယက်တို့ ဖြစ်တယ် ဆိုပြီး အများပြည်သူ ကြည့်ရှုနိုင်တဲ့ အိမ်ရာမှတ်တမ်းတွေမှာ ပြနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မစ္စတာ အာလီယက်က သူ့ကိုယ်သူ ကာဇက်စတန်က စွန့်ဦးတီထွင် နည်းပညာလုပ်ငန်းရှင်နဲ့ ရင်းနှီးမြှုပ်နှံသူ ဆိုပြီး လင့်ဒင် ဝက်ဆိုက်မှာ ဖော်ပြပါတယ်။
သူ့ရဲ့အဘိုး နူရ်ဆူလတန် နာဇဲဗိုက်ဗ်ဟာ ရေနံနဲ့ ဓာတ်ငွေ့ကြွယ်ဝတဲ့ ဒီနိုင်ငံကို အနှစ် သုံးဆယ်ကြာ သမ္မတအဖြစ် အုပ်ချုပ်ခဲ့ပြီး မနှစ်ကမှ အာဏာစွန့်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁ဝ မှာ သူ့ကိုယ်သူ ရာသက်ပန် ခေါင်းဆောင် ဆိုတဲ့ အထူးအခွင့်အရေး ပြန်ပေးခဲ့ပါတယ်။ သူ့အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ခြစားမှုတွေ ကြီးစိုးခဲ့တယ် ဆိုပြီးလည်း ဝေဖန်ခံခဲ့ရပါတယ်။
အာလီယက်ရဲ့ အမေက သမ္မတ သမီးဖြစ်ပြီး လက်ရှိ ကာဇက်စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ပါတယ်။
သူ့အဖေ ရာဟတ်ကတော့ အဘိုးအစိုးရမှာ ဝါရင့်ဝန်ကြီး ဖြစ်ခဲ့ပြီး အစိုးရကို ဆန့်ကျင်သူ ဖြစ်ခဲ့ပါတယ်။
၂ဝ၁၅ တုန်းက သြစတြီးယားက ထောင်အကျဉ်းခန်းမှာ ရာဟတ် အာလီယက်ကို သေလျက်သား တွေ့ခဲ့ပါတယ်။ ကာဇက်စတန်က ဘဏ်သူဌေးနှစ်ယောက်ကို သတ်မှုနဲ့ တရားရင်ဆိုင်ဖို့ စောင့်နေတုန်း သတ်သေသွားပုံ ပေါ်ပါတယ်။
"ဗြိတိန်ရဲ့ စီးပွားရေး လုပ်ဖို့ သန့်ရှင်းလုံခြုံတယ်ဆိုတဲ့ ဂုဏ်သတင်းကို တည်ဆောက်ရာမှာ ကြွယ်ဝမှု မဖော်ပြနိုင်တဲ့ ဥပဒေက တကယ် ထူးခြားကွဲထွက်အောင် လုပ်နေတယ် ဆိုတာကို ဒီအမှုကနေ အစိုးရက ပြသင့်တယ် " လို့လည်း Transparency International UK အဖွဲ့က ဒန်နီယယ် ဘရုစ်က ပြောပါတယ်။
မစ္စတာ အာလီယက်နဲ့ ဒီအိမ်တွေရဲ့ ပိုင်ရှင်တွေရဲ့ ရှေ့နေတွေကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ကြားနာမှု မတိုင်ခင်မှာ လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ကြပါဘူး။








