အိပ်စက်ခြင်းအတွက် အကောင်းဆုံး အလင်းရောင်

woman using her mobile phone

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, မစ်ချဲလ် ရောဘတ်
    • ရာထူးတာဝန်, ဘီဘီစီအွန်လိုင်း ကျန်းမာရေးအယ်ဒီတာ

ဖန်သားပြင်တွေပေါ်က ထွက်လာတဲ့ သဘာဝ မဟုတ်တဲ့ အလင်းရောင်တွေကြောင့် ညအခါ အိပ်ချင်စိတ်ပျက်ပြယ်စေတယ်ဆိုတဲ့ အယူအဆဟာ မမှန်ကြောင်း သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ ဘယ်လို အလင်းရောင်အမျိုးအစားက အိပ်စက်မှု အတွက် အကောင်းဆုံးလဲဆိုတာကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ဖန်သားပြင်တွေကထွက်လာတဲ့ အပြာရောင်အလင်းဟာ အဓိက ပြဿနာမဟုတ်ဘူးလို့ မန်ချက်စတာ တက္ကသိုလ်က သုတေသီတွေက ဆိုပါတယ်။

သူတို့ဟာ ကြွက်တွေကို အလင်းရောင်အမျိုးမျိုးအောက်မှာ လွှတ်ထားပြီး အကျိုးသက်ရောက်မှုကို စမ်းသပ်ခဲ့ကြပါတယ်။ Current Biology ဂျာနယ်မှာ ဖော်ပြထားတဲ့ အငြင်းပွားဖွယ်ရာ အဲဒီတွေ့ရှိချက်မှာ ဖော်ပြထားတာကတော့ အလင်းရောင်ဟာ ဘယ်လောက် အပူဓာတ်ပေးတယ်ဆိုတာနဲ့ ဘယ်လောက်စူးရှတယ်ဆိုတာကသာ အဓိက အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာကိုလေ့လာသလဲ

လူတိုင်းလူတိုင်းမှာ ပုံမှန်အိပ်နေကျအချိန်ရှိပါတယ်။ အဲသလို အိပ်ချိန်ကို ခန္ဓာကိုယ်ရဲ့ ဇီဝနာရီလို့ခေါ်တတ်ကြပါတယ်။ အဲဒီဇီဝနာရီဟာ နေ့အခါမှာ နိုးကြားနေပြီး ညအခါမှာ အိပ်ချင်နေအောင် ထိန်းညှိပေးနေပါတယ်။

အဲသလိုထိန်းညှိတဲ့ ဖြစ်စဉ်ကို သဘာဝ မဟုတ်တဲ့ အလင်းရောင်တွေက အနှောင့်အယှက်ပေးနေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ကာလအတော်ကြာကတည်းက သံသယဝင်နေခဲ့ကြပါတယ်။

ကွန်ပျူတာတို့ မိုဘိုင်းဖုန်းတို့ကနေ ထွက်လာတဲ့ အပြာရောင်အလင်းအမျိုးအစားဟာ ပိုပြီး အနှောင့်အယှက်ပေးနိုင်တယ်ဆိုတဲ့ အယူအဆဟာ တော်တော်ခေတ်စားခဲ့ပါတယ်။

Mouse exposed to different types of light

ဓာတ်ပုံ ရင်းမြစ်, Dr Timothy Brown

တွေ့ရှိချက်

ကြွက်တွေကို စမ်းသပ်ချိန်မှာ အလင်းရောင်ကို အတိုးအလျှော့လုပ်ပြီး စမ်းသပ်ခဲ့သလို အပြာကနေ အဝါဆီကို အရောင် အဆင့်ဆင့်ပြောင်းပြီးတော့လည်း စမ်းသပ်ခဲ့ပါတယ်။

အရောင်စူးရှတဲ့အခါ အပြာမှာပဲဖြစ်ဖြစ် အဝါမှာပဲဖြစ်ဖြစ် ကြွက်တွေဟာ နိုးကြားနေတာ တွေ့ရပါတယ်။

ဒါပေမယ့် အလင်းရောင်ကို မှိန်ထားလိုက်တဲ့အခါ အဝါရောင်ထက် အပြာရောင်မှာ ပိုပြီး အိပ်ချင်ကြတာကို တွေ့ရပါတယ်။

စမ်းသပ်ချက်မှာ တွေ့ရတာဟာ သဘာဝပတ်ဝန်းကျင်မှာ တွေ့ရတဲ့ အတိုင်း စူးရှ နွေးထွေးတဲ့ နေ့ခင်းလို အလင်းရောင်အောက်မှာ ပိုပြီးနိုးကြားတာကို တွေ့ခဲ့ရတယ်လို့ သုတေသီအဖွဲ့ခေါင်းဆောင် ဒေါက်တာ တင်မ်ဘရောင်းက ပြောပါတယ်။

ဘယ်လိုအဓိပ္ပာယ်လဲ

မိုဘိုင်းဖုန်းနဲ့ လက်ပ်တော့ ကွန်ပျူတာရဲ့ Night-mode setting ဟာ အိပ်ရေးမပျက်အောင် အပြာရောင်ကို လျှော့ပေးထားပါတယ်။

အဲသလို လုပ်တာဟာ ဖန်သားပြင်ပေါ်မှာ အဝါရောင်တိုးလာအောင် လုပ်တဲ့ သဘောဖြစ်တဲ့ အတွက် လုပ်နည်းလုပ်ဟန်က ပြောင်းပြန်ဖြစ်နေပါတယ်လို့ ဒေါက်တာ ဘရောင်းက ဆိုပါတယ်။

အလင်းရောင်ရဲ့ စူးရှမှုကိုလည်း လျှော့ချရမယ့် အစားပိုတောက်အောင် လုပ်သလို ဖြစ်နေပါတယ်လို့ ဒေါက်တာ ဘရောင်းက ဆိုပါတယ်။

ညမှ ကြွက်တွေပိုနိုးကြားကြသလား

ကြွက်ဟာညမှာ လူထက်ပိုနိုးကြားတတ်တဲ့ သတ္တဝါဖြစ်ပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်ချက်အတွက် ဇီဝနာရီ အလုပ်လုပ်ပုံကတော့ နို့တိုက်သတ္တဝါချင်း အတူတူပဲဖြစ်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒါပေမယ့် ပိုသေချာချင်ရင် နောက်ထပ်သုတေသနတွေ ထပ်လုပ်ဖို့ လိုတယ်လို့လည်း သူတို့က ဆိုပါတယ်။