ထရမ့်အမှု နစ်ဆင်ထက်ဆိုးတယ်လို့ စုံစမ်းရေးကော်မတီပြော

၂၀၁၉ အောက်တိုဘာက မဲဆွယ်ပွဲ တစ်ခုမှာ တွေ့ရတဲ့ ထရမ့်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အခု စုံစမ်းစစ်ဆေးမှုတွေရဲ့ အကျိုးဆက်တွေကတော့ ၂၀၂၀ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုတွေရှိမှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဝါးတားဂိတ် အရှုပ်တော်ပုံက သမ္မတ နစ်ဆင်ရဲ့ လုပ်ရပ်တွေထက် ပိုဆိုးရွားတယ်လို့ ထရမ့်ကို စွပ်စွဲပြစ်တင်မှု ကြားနာပွဲကို ဦးစီးဆောင်ရွက်နေတဲ့ လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။

အများပြည်သူပါ ကြည့်ရှုနားထောင်နိုင်တဲ့ တစ်ပတ်ကြာ ကြားနာမှုတွေ အပြီးမှာ ကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီက အဒမ် ရှရစ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

၁၉၇၄ ခုနှစ်တုန်းက သမ္မတ ရစ်ချတ်နစ်ဆင်ဟာ သူ့ပြိုင်ဘက်အပေါ် သူလျှိုလွှတ်ထောက်လှမ်းစေခဲ့တယ်ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဝါးတားဂိတ်လို့ နာမည်ကျော်တဲ့ အမှုပါ။ ဒီအမှုပေါ်လာတော့ လွှတ်တော် နှစ်ရပ်စလုံးက သူ့ကို စွပ်စွဲပြစ်တင် အရေးယူဖို့ သေချာလာချိန်မှာ သမ္မတနစ်ဆင်က အဲဒါကို မစောင့်တော့ဘဲ နုတ်ထွက်သွားခဲ့တဲ့ ဖြစ်ရပ်ကို ကော်မတီ ဥက္ကဋ္ဌ ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

ငါးရက်ကြာ စစ်ဆေးမှုတွေ အပြီးမှာ လွှတ်တော် အမတ်တွေဟာ သက်သေထွက်ဆိုသူ ၁၂ ယောက် ရဲ့ ထွက်ဆိုချက်တွေကို ကြားနာခဲ့ကြရပါတယ်။

ထရမ့်က သူ့ သမ္မတလောင်း ပြိုင်ဘက် ဂျိုးဘိုင်ဒန်ကို စုံစမ်းထောက်လှမ်းပေးဖို့ ယူကရိန်းကို ဖိအားပေးခဲ့တယ်လို့ လာထွက်ဆိုတဲ့ အမေရိကန် အဆင့်မြင့် သံတမန် တစ်ယောက်က ပြောခဲ့ပါတယ်။

နောက်ဆုံးထွက်ဆိုခဲ့တဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အရာရှိ ဖီအိုနာ ဟေးလ်ကတော့ ပြည်တွင်း နိုင်ငံရေးက အမေရိကန် နိုင်ငံခြားရေး မူဝါဒမှာ လာရောထွေးကုန်မှာကို စိတ်ပူမိတယ်လို့ ပြောပါတယ်။

သမ္မတ ထရမ့်ကတော့ သူဘာမှ အမှားလုပ်မထားဘူးလို့ အခိုင်အမာ ပြောထားပါတယ်။

သမ္မတကို ရာထူးက ဖြုတ်ချနိုင်မလားဆိုတာကို အထက်လွှတ်တော်မှာ ပြည့်ပြည့်စုံစုံ ကြားနာတာကို ထရမ့်ကလည်း မြင်ချင်လိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဗီဒီယို ပုံစာ, သမ္မထရမ့် ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ သက်သေထွက်ဆိုချက်

ကြားနာမှုတွေ အပြီးမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထရမ့်နဲ့ ယူကရိန်းကြားက အဆက်အသွယ်လုပ်ထားတာတွေနဲ့ ဆိုင်တဲ့ နောက်ထပ် အထောက်အထားတွေနဲ့ စာရွက် စာတမ်းတွေကို နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ဖို့ ရှိနေပါတယ်။

အဲဒီလို ထုတ်ပြန်မယ့် အထဲမှာ ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီးတို့ တယ်လီဖုန်း ပြောထားတဲ့ အကြောင်းအရာ အကျဉ်းချုပ်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒါတွေကလည်း ထရမ့်ကို စွပ်စွဲ ပြစ်တင်တဲ့ ကြားနာမှုမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါလာမှာပါ။

အခု ကြားနာမှုဟာ ထရမ့်က သူတောင်းဆိုတာ မလုပ်ပေးမချင်း ယူကရိန်းကို အမေရိကန်ကပေးမယ့် စစ်ရေး အထောက်အပံ့တွေကို ဆိုင်းထားတယ်ဆိုတဲ့ အပေါ် စစ်ဆေးနေတာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ အပြီး ဘာဖြစ်မလဲ

ငါးရက်အတွင်း သက်သေ ၁၂ ယောက်ရဲ့ ထွက်ဆိုမှု ၇ ခုကို ကြားနာကြအပြီးမှာ လွှတ်တော် စုံစမ်းရေး ကော်မတီက တရားရေး ကော်မတီကို တင်ပြဖို့အတွက် အစီရင်ခံစာကို ရေးနေပြီ ဖြစ်ပါတယ်။ အဲဒါဟာ နောက်ပိုင်းမှာ စွပ်စွဲပြစ်တင်မှု အစီရင်ခံစာ မူကြမ်းလည်း ဖြစ်လာနိုင်ပါတယ်။

ထရမ့်ရဲ့ အတိုက်အခံပါတီ ဒီမိုကရက်တွေ အများစုရှိတဲ့ အောက်လွှတ်တော်က မဲခွဲ ဆုံးဖြတ်ပြီးရင်တော့ ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီက လွှမ်းမိုးထားတဲ့ အထက်လွှတ်တော်မှာ ကြားနာတာ စလာနိုင်ပါတယ်။

အကယ်၍ အဲဒီမှာသာ အမတ် သုံးပုံ နှစ်ပုံက ထရမ့်ကို အပြစ်ရှိတယ်လို့ ဆိုခဲ့ရင် ထရမ့်ဟာ အမေရိကန် သမိုင်းမှာ ပထမဆုံး စွပ်စွဲပြစ်တင်ခံရပြီး ရာထူးက ဖယ်ရှားခံရသူ ဖြစ်လာမှာပါ။