လေထုညစ်ညမ်းမှု - အိန္ဒိယမှာ ကျောင်းသားတွေကို နှာခေါင်းစည်း သန်းချီဝေ

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့ လေထု ညစ်ညမ်းမှု အမြင့်ဆုံးထက် အဲဒီမှာ အဆ ၂၀ လောက် ပိုများနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့ လေထု ညစ်ညမ်းမှု အမြင့်ဆုံးထက် အဲဒီမှာ အဆ ၂၀ လောက် ပိုများနေ

အိန္ဒိယ မြို့တော် ဒေလီမှာ လေထု ညစ်ညမ်းမှု အဆမတန် ဆိုးရွားလာလို့ အစိုးရက အရေးပေါ် ကျန်းမာရေး အခြေအနေ ကြေညာထားရပြီး ကျောင်းသားတွေကို နှာခေါင်းစည်း ငါးသန်း ဝေငှ ထားရပါတယ်။

ဒေလီမြို့နဲ့ အနီးက ပြည်နယ် နှစ်ခုမှာ လေထု ညစ်ညမ်းမှု အကြီးအကျယ် ဆိုးဝါးလာတဲ့အတွက် တရားရုံးချုပ် အခွင့်အာဏာရ ခုံရုံးအဖွဲ့တစ်ခုကနေ ကန့်သတ်ချက် စည်းမျဉ်းတွေ အများအပြား ထုတ်ပြန်ထားပါတယ်။

WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့ လေထု ညစ်ညမ်းမှု အမြင့်ဆုံးထက် အဲဒီမှာ အဆ ၂၀ လောက် ပိုများနေတာပါ။

အခုအခါ ဒေလီမြို့က စာသင်ကျောင်းတွေကို အနည်းဆုံး လာမယ့် အင်္ဂါနေ့အထိ ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေအားလုံးကို သီတင်းတပတ်ကြာ ရပ်ဆိုင်းထားလိုက်ပြီး မီးရှူးမီးပန်း ဖောက်လွှတ်တာတွေကိုလည်း တားမြစ်ထားပါတယ်။ ယာဉ်အသွားအလာ လေထုညစ်ညမ်းမှုကို လျှော့ချဖို့ ကြိုးစားတဲ့အနေနဲ့ မော်တော်ယာဉ်တွေကို ကားနံပါတ် စုံ မ ဂဏန်းအလိုက် နေ့ခြားပြီး မောင်းနှင်ခွင့်ပြုမယ့် ယာယီ အစီအစဉ်ကို ဒေလီမြို့မှာ လာမယ့် တနင်္လာနေ့မှာ စတင်မှာ ဖြစ်ပါတယ်။

ဒေလီမြို့ဟာ အဆိပ်ငွေ့ခန်းကြီး တစ်ခုလို ဖြစ်လာနေပြီလို့ ဒေလီမြို့ ဝန်ကြီးချုပ် အာဗင် ကီဂျီရီဝါလ် က ပြောပါတယ်။

မြူခိုးတွေကို မြို့သူမြို့သားတွေက ဓာတ်ပုံရိုက်ပြီး တွစ်တာလူမှုကွန်ရက်ပေါ်တင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြူခိုးတွေကို မြို့သူမြို့သားတွေက ဓာတ်ပုံရိုက်ပြီး တွစ်တာလူမှုကွန်ရက်ပေါ်တင်

နှာခေါင်းစည်းတွေကို ကျောင်းသားတွေနဲ့ သူတို့ရဲ့ မိဘတွေကို ဝေငှပေးထားပြီး ဒီနှာခေါင်းစည်းတွေကို တတ်နိုင်သလောက် သုံးကြဖို့ သူက တိုက်တွန်းထားပါတယ်။

အဆုပ်ထဲ ထိုးဖောက် ဝင်နိုင်တဲ့ PM2.5 မြူမှုန်ထု ပမာဏဟာ ဒေလီမြို့မှာ တစ်စတုရန်း မီတာကို ၅၃၃ မိုက်ခရိုဂရမ်လောက် ရှိနေပါတယ်။ PM2.5 ပမာဏဟာ ၂၄ နာရီအတွင်း ပျမ်းမျှ တစ်မီတာကို ၂၅ မိုက်ခရိုဂရမ်ထက် မကျော်သင့်ဘူးလို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က အကြံပြုထားတာပါ။

လေထုညစ်ညမ်းမှုက ဘယ်လောက် ထူထပ်သလဲ

ဒေလီမြို့ကို ဖုံးလွှမ်းနေတဲ့ မြူခိုးဖြူတွေကို မြို့သူမြို့သားတွေက ဓာတ်ပုံရိုက်ပြီး တွစ်တာလူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ကြပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂယ်လာ မာခဲလ်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ် ဓာတ်ပုံတွေထဲမှာ သမ္မတ အိမ်တော်မှာ မြူခိုးတွေ ဖုံးနေတာကို အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ ပုံတွေထဲမှာတော့ ခေါင်းဆောင် နှစ်ဦးက လူထုကို ထုတ်ပြန်ထားတဲ့ ကျန်းမာရေး အရေးပေါ် ကြေညာချက်ကို လျှစ်လျူ ရှူပြီး နှာခေါင်းစည်းတွေ မဝတ်ခဲ့တာ တွေ့ရပါတယ်။

အိန္ဒိယ၊ ဒေလီ၊ မီးခိုးမြူ၊ အဆိပ်ငွေ့ခန်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဂျာမနီနဲ့ အိန္ဒိယခေါင်းဆောင် နှစ်ဦး သမ္မတအိမ်တော်မှာ မီးခိုးမြူတွေအကြား တွေ့ဆုံခဲ့ကြ

လေထုညစ်ညမ်းမှုကို ရှောင်ရှားနိုင်ဖို့ အလုပ်သမားတချို့ကို အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။

ဝန်ထမ်း ထောင်နဲ့ချီ ခန့်ထားတဲ့ Kantar စျေးကွက် သုတေသနကုမ္ပဏီက ဝန်ထမ်းတွေကို တနင်္လာနေ့မှာ ရုံးမလာကြဖို့ ညွှန်ကြားထားတယ်လို့ ကုမ္ပဏီ ငွေစာရင်း ဒါရိုက်တာ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

လေထုညစ်ညမ်းမှု အခြေအနေက တနှစ်ပြီး တနှစ် အမြဲ ဆိုးဝါးနေတဲ့အတွက် မြို့ခံအတော်များများက အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။ စည်ပင် ဝန်ထမ်းတွေနဲ့ ခံနိုင်ရည်မရှိသူတွေကို အရည်အသွေးမြင့် N95 နှာခေါင်းစည်း ထောင်ပေါင်းများစွာကို မကြာသေးခင် နှစ်တွေက စလို့ အခမဲ့ ပေးဝေခဲ့ပါတယ်။

အိန္ဒိယ၊ ဒေလီ၊ မီးခိုးမြူ၊ အဆိပ်ငွေ့ခန်း

ဓာတ်ပုံ ရင်းမြစ်, Hindustan Times

ဓာတ်ပုံ ပုံစာ, အလားတူ လေထုညစ်ညမ်းမှုကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်က ဂါဂအုန်မြို့မှာ လူနာတွေကို နှာခေါင်းစည်းတွေ ဝေငှခဲ့

အခြေအနေတွေ ဘယ်လောက်ဆိုးလာမလဲ ဆိုတာ မသိခဲ့ဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကိုယ့်သားသမီးတွေကို အသက်ရှင် ကြီးပြင်းစေချင်ကြသလားလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီကိစ္စကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။ အခြေအနေတွေ တိုးတက်လာအောင် ဘယ်သူမှ မလုပ်ချင်ကြဘူး လို့ ဆိုပါတယ်။

ဘာ့ကြောင့် လေထုညစ်ညမ်းမှု ဒီလောက် ဆိုးလာရတာလဲ

ဒေလီမြို့မှာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ နှစ်စဉ် လေထုညစ်ညမ်းမှု အခုလို ဆိုးလာရတဲ့ အဓိက အကြောင်းရင်းတစ်ခုက ဒေလီမြို့နားက ပန်ဂျပ်ပြည်နယ်နဲ့ ဟာယာနာ ပြည်နယ်တွေမှာ လယ်သမားတွေက လယ်ယာ ရှင်းလင်းဖို့ စိုက်ခင်းဟောင်းတွေကို မီးရှို့လေ့ ရှိတဲ့အတွက် ဖြစ်ပါတယ်။ ဒီဝါလီ ဟိန္ဒူပွဲတော်အတွင်း မီးရှူးမီးပန်း ဖောက်လေ့ ရှိတာကလည်း လေထုညစ်ညမ်းမှုကို ပိုဆိုးသွားစေပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေကလာတဲ့ ဖုန်တွေ၊ စက်ရုံနဲ့ မော်တော်ယာဉ်တွေက ထွက်တဲ့ မီးခိုးတွေ အပါအဝင် တခြား အကြောင်းရင်းတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ လယ်သမားတွေရဲ့ ယာမြေ မီးရှို့မှုကတော့ အဓိက အကြောင်းရင်း တရားခံ လို့ ဆိုရမှာပါ။

နှစ်စဉ် ဆောင်းရာသီ ရောက်တိုင်း အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ လယ်သမား နှစ်သန်းလောက်က လယ်မြေ ဧရိယာ စတုရန်း ကီလိုမီတာ ၈ သောင်းလောက်မှာ ရိုးပြတ် တန်ပေါင်း ၂၃ သန်းကို မီးတင်ရှို့လေ့ ရှိပါတယ်။

အဲဒီလို မီးရှို့ရာက ထွက်လာတဲ့ မီးခိုးငွေ့တွေထဲမှာ ကာဘွန်မိုနောက်ဆိုဒ် ၊ နိုက်တြိုဂျင် ဒိုင်အောက်ဆိုဒ်နဲ့ ဆာလ်ဖာ ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တို့ ရောပြွမ်းနေတဲ့ အဆိပ် မြူတွေ ပါဝင်နေပါတယ်။

အိန္ဒိယနိုင်ငံက မီးခိုးမြူတွေ ဘယ်လောက်တောင် ကျယ်ပြန့်သလဲ ဆိုရင် နာဆာကနေ ရိုက်တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေမှာတောင် တွေ့မြင်နိုင်ပါတယ်။