လေယာဉ်ပျက်ကျ သေဆုံးခဲ့တဲ့ ကားဒစ်ဖ် ဘောလုံးသမား ဆာလား ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့သင့်ခဲ့တယ်လို့ တွေ့ရှိ
ဖ

ဓာတ်ပုံ ရင်းမြစ်, Getty Images/David Ibbotson
အင်္ဂလိပ် ရေလက်ကြားမှာ လေယာဉ်ပျက်ကျ သေဆုံးခဲ့တဲ့ ဘောလုံးသမား အယ်မီလီယာနို ဆာလားရဲ့ ကိုယ်မှာ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့တွေ သင့်နေတာကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဆာလားနဲ့ လေယာဉ်မှူး ဒေးဗစ် အစ်ဘော့ဆန်တို့ဟာ အခုနှစ် ဇန်နဝါရီလမှာ ပြင်သစ်နိုင်ငံ နန့်မြို့ကနေ ကားဒစ်ဖ်မြို့ကို လေယာဉ်နဲ့ ပျံသန်းလာတုန်း လေယာဉ်ပျက်ကျ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
အဆိပ်သင့် စစ်ဆေးမှု အရ သူ့ကိုယ်ထဲမှာ တွေ့ရတဲ့ ကာဗွန်မိုနောက်ဆိုဒ် ပမာဏဟာ အတော်များပြားတယ်လို့ သိရပါတယ်။
အဲဒီပမာဏဟာ အသိစိတ်ထိန်းချုပ်ဖို့ ခက်ခဲတာ၊ သတိလစ်တာနဲ့ နှလုံးဖောက်မှု ဖြစ်တာတွေကို ဖြစ်စေလောက်တဲ့ ပမာဏ ဖြစ်တယ်လို့ ဆိုပါတယ်။
လေယာဉ်မှူးကိုတော့ အခုထိ ရှာလို့ မတွေ့ရသေးပါဘူး။
ဒါပေမဲ့ သူ့မှာလည်း ကာဗွန်ဒိုင်မိုနောက်ဆိုဒ် ဓာတ်ငွေ့သင့်တာမျိုး ဖြစ်နိုင်တယ်လို့ လေကြောင်း မတော်တဆမှုတွေ စုံစမ်းစစ်ဆေးရေး ဌာနခွဲ AAIB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဌာနခွဲရဲ့ အကြီးအကဲက ဆာလားရော လေယာဉ်မှူးရော နှစ်ယောက်စလုံး လေယာဉ်ပျက်မကျမီ ဓာတ်ငွေ့တွေ ရှူရှိုက်မိပုံရတယ်လို့ ဆိုပါတယ်။
ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ကို နည်းနည်းပါးပါး ရှူရှိုက်မိတယ်ဆိုရင် ငိုက်မြည်း မူးဝေလာတာမျိုး ဖြစ်နိုင်ပြီး အများအပြား ရှူမိမယ်ဆိုရင်တော့ သတိလစ်မေ့မြော အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
"ဒီဖြစ်ရပ်နဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ ကျယ်ပြန့်တဲ့ ကိစ္စရပ် နယ်ပယ်ထဲ ဆက်လက် စုံစမ်း စစ်ဆေးသွားဖို့ ရှိပါတယ်။ အထူးသဖြင့် ဒီလို လေယာဉ်အမျိုးအစားရဲ့ အတွင်းခန်းထဲ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ ဘယ်လိုဘယ်နည်း ဝင်လာသလဲ ဆိုတာကို စုံစမ်း စစ်ဆေးသွားမှာပါ" လို့ သူက ပြောပါတယ်။
ဒီအစီရင်ခံကြောင့် နောက်ထပ် မေးခွန်းထုတ်စရာတွေ ပေါ်လာတယ်လို့ ဆာလားရဲ့ မိသားစု ရှေ့နေ ဒန်နီယယ် မက်ချိုဗာ က ပြောပါတယ်။
လေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာကို အသေးစိတ် မဖြစ်မနေ စစ်ဆေးဖို့ လိုတယ်ဆိုတာကို ဆာလားရဲ့မိသားစုက ယုံကြည်ထားကြောင်း သူက ပြောပါတယ်။
"ကာဗွန် မိုနောက်ဆိုဒ် ဓာတ်ငွေ့က လေယာဉ်အတွင်းခန်းထဲ ဘယ်လို ဝင်လာသလဲ ဆိုတာကို မိသားစုနဲ့ လူထုက သိဖို့ လိုပါတယ်။ ဒီကိစ္စကို အတတ်နိုင်ဆုံး ဖော်ထုတ်ခြင်းအားဖြင့် နောင်အနာဂါတ် လေကြောင်းလုံခြုံမှုပေါ် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ကားဒစ်ဖ် စီတီး အသင်းက ပေါင်ငွေ ၁၅ သန်းနဲ့ စံချိန်တင် ခေါ်ယူထားတဲ့ အာဂျင်တီးနား လက်ရွေးစင် အမ်မီလီယာနို ဆလား လိုက်ပါလာတဲ့ လေယာဉ်ဟာ ဂန်ဇီကျွန်းနားမှာ အဆက်အသွယ် ပြတ်သွားတာ ဖြစ်ပါတယ်။
ပျောက်ဆုံးအပြီး ၃ ရက်အကြာမှာ ဂန်ဇီ အာဏာပိုင်တွေက ရှာဖွေမှုကို ရပ်ဆိုင်းလိုက်ပြီး လေယာဉ်ပေါ် ပါသွားသူနှစ်ဦးကို အသက်ရှင်ရက် ရှာတွေ့ဖို့ အခွင့်အလမ်း မရှိတော့ဘူးလို့ ပြောပါတယ်။
ပုဂ္ဂလိက မတည်ထားတဲ့ ရံပုံငွေနဲ့ ရှာဖွေမှုတွေ ဆက်လုပ်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ လေယာဉ် အပျက်အစီးပုံတွေထဲကနေ ဆာလားရဲ့ အလောင်းကို ပြန်ရှာတွေ့ခဲ့ပြီး အာဂျင်တီးနား နိုင်ငံဆီ သယ်ဆောင်သွားခဲ့ပါတယ်။








