၂ဝ၁၈ ဘီဘီစီ အမျိုးသမီး ၁ဝဝ

women

၂ဝ၁၈ ခုနှစ်အတွက် ဘီဘီစီက ရွေးချယ်တဲ့ အမျိုးသမီး ၁ဝဝ စာရင်းကို ထုတ်ပြန်လိုက်ပါပြီ။

ကမ္ဘာတလွှားက အားကျ အတုယူစရာ ကောင်းပြီး သြဇာတိက္ကမ ရှိတဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

အသက် ၁၅ နှစ်ကနေ ၉၄ နှစ်ထိ ရှိကြတဲ့ နိုင်ငံ ၆ဝ ကျော်က အမျိုးသမီးတွေထဲမှာ တိုင်းပြည်ခေါင်းဆောင်တွေ၊ လမ်းသစ်ဖောက်သူတွေနဲ့ သမားရိုးကျ ဘဝတွေထဲကနေ သူရဲကောင်း အဖြစ် ဖောက်ထွက် အောင်မြင်လာသူတွေ ပါဝင်ပါတယ်။

အမျိုးသမီးတွေကို ချုပ်ချယ်တားဆီးမှုတွေကို ဖယ်ရှားလိုသူတွေသာ မက ဒုက္ခသုက္ခနဲ့ ကြုံရတဲ့ကြားက သူများအားကျအတုယူစရာ ဘဝကို လျှောက်လှမ်းနိုင်ခဲ့သူတွေလည်း ဒီစာရင်းမှာ ပါပါတယ်။

usa

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချယ်လ်ဆီး ကလင်တန်

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ သမီး ချယ်လ်ဆီးကို နောက်မျိုးဆက် ခေါင်းဆောင်သစ်တွေကို အားပေးထောက်ပံ့တဲ့ လုပ်ဆောင်ချက်တွေအတွက် ရွေးချယ်တယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။ ၃၈ နှစ် ရှိပြီ ဖြစ်တဲ့ ချယ်လ်ဆီး ကလင်တန်ဟာ ကလင်တန် ဖောင်ဒေးရှင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပြီး စာအုပ်အများအပြား ရေးသားခဲ့ပါတယ်။ တချိန်မှာတော့ သူလည်း သူ့မိဘတွေလို နိုင်ငံရေး စင်မြင့်ပေါ် တက်လာမလား လူစိတ်ဝင်စားစရာ ဖြစ်ပါတယ်။

australia

ဓာတ်ပုံ ရင်းမြစ်, LUKAS COCH

ဓာတ်ပုံ ပုံစာ, သြစတြေးလျရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်

သြစတြေးလျရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဂျူလီယာ ဂီးလာ့ဒ်ကို တော့ အမျိုးသမီး ပညာရေးနဲ့ ခေါင်းဆောင်မှု အားပေးတဲ့ လှုပ်ရှားမှု တွေအတွက် ဒီနှစ်မှာ ရွေးချယ်ထားပါတယ်။

အသံဖိုင် ပုံစာ, သဘာဝ ဆိုးဆေးရက်ကန်း ပိုင်ရှင် မဖြူအိသိမ်း

ဒီထဲမှာ အသက်အကြီးဆုံး အရွေးခံရတဲ့ အမျိုးသမီးက ဒုတိယ ကမ္ဘာစစ် အတွင်းက ထောက်လှမ်းရေး လုပ်ခဲ့တဲ့ ဟယ်လင် တေလာ သော်မဆင်ပါ။ ၉၄ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စစ် သော်မဆင်ဟာ အေအိုင်ဒီအက်စ် ရောဂါသည်တွေအတွက် ပထမဆုံး ဂေဟာကို ဥရောပမှာ ဖွင့်လှစ်ခဲ့သူ ဖြစ်ပါတယ်။

vietnam

ဓာတ်ပုံ ရင်းမြစ်, Haven Shepherd Facebook

ဓာတ်ပုံ ပုံစာ, ခြေမရှိပေမယ့် အရှုံးမပေး

အသက်အငယ်ဆုံးကတော့ ဗီယက်နမ်မှာ မွေးတဲ့ ၁၅ နှစ်အရွယ် ကျောင်းသူလေး ဟေဗန် ရှက်ပတ် ဖြစ်ပါတယ်။ သူ့မိဘတွေ ဗုံးခွဲသေကြောင်းကြံတုန်းက အသက်မသေ ရှင်ကျန်ခဲ့တဲ့ ဟေဗန်ဟာ ၂ဝ၂ဝ တိုကျိုမှာ ကျင်းပမယ့် ပါရာလင်းပစ် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲမှာ ရေကူးချန်ပီယံ အဖြစ် အမေရိကန် ကိုယ်စားပြု ဝင်ပြိုင်ဖို့ ပြင်နေပါတယ်။

အသံဖိုင် ပုံစာ, လူမှုကယ်ဆယ်ရေး ပရဟိတလုပ်ကိုင်သူ မိုင်းမိုင်

မြန်မာနဲ့ အရှေ့ဘက် အိမ်နီးချင်း လာအို နိုင်ငံက ရဂ်ဘီ ဘောလုံး ကစားသမားနဲ့ နည်းပြ လာအိုခန်းကိုလည်း လာအို အမျိုးသမီး အသင်းကို နိုင်ငံတကာမှာ ဆုကြီးတွေ ရအောင် ကြီးကြပ်ပေးခဲ့တဲ့အတွက် ရွေးချယ်ခဲ့ပါတယ်။ ၂၆ နှစ်အရွယ် ခန်းဟာ မုန် လူမျိုးတွေကြားက ပထမဆုံး ရဂ်ဘီဘောလုံးနည်းပြ လိုင်စင်ရတဲ့ အမျိုးသမီးလည်း ဖြစ်ပါတယ်။

thai

ဓာတ်ပုံ ရင်းမြစ်, Kanpassorn Suriyasangpetch Facebook

ဓာတ်ပုံ ပုံစာ, မိုဘိုင်းကနေ စိတ်ကျန်းမာရေး ဆွေးနွေးသူ

ထိုင်းနိုင်ငံမှာ ပထမဆုံး မိုဘိုင်းဖုန်းကနေ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးလို့ရတဲ့ နည်းပညာကို တီထွင်တဲ့ သွားဆရာဝန် ကန်ပါဆွန်ကိုလည်း ဘီဘီစီ အမျိုးသမီး ၁ဝဝ အစီအစဉ်က ရွေးချယ်ပါတယ်။

အသက် ၃ဝ ရှိပြီဖြစ်တဲ့ သွားဆရာဝန် ဒေါက်တာ ကန်ပါဆွန်ဟာ သူကိုယ်တိုင် စိတ်ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံရပြီးနောက် ဒီနည်းပညာကို တီထွင်ခဲ့တာပါ။

ဗီဒီယို ပုံစာ, အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ

ကမ္ဘောဒီးယားမှာ ပထမဆုံး ဥပဒေပညာသင်ခဲ့တဲ့ အမျိုးသမီး ရှေ့နေ ဗီဆာနာ ချီယာလက်သ်ကိုလည်း အမျိုးသမီး ၁ဝဝ အစီအစဉ်မှာ ဖော်ပြခဲ့ပါတယ်။ ချီယာလက်သ်ဟာ ကျောင်းတက်တုန်းက အမျိုးသမီး အဆောင်မရှိလို့ ကျောင်းမြေအောက်ထပ်က အခန်းတခန်းမှာ နေခဲ့ရတာပါ။

အသံဖိုင် ပုံစာ, ရှားရှားပါးပါး အမျိုးသမီး ကားဝပ်ရှော့ဆရာမ မခင်စန်းရီ

မလေးရှားနိုင်ငံမှာ မွတ်ဆလင် အမျိုးသမီးတွေကို တရားရုံးမှာ ကာကွယ်စောင့်ရှောက်ပေးတာတွေ လုပ်တဲ့ တရားသူကြီး တယောက်ကိုလည်း ဘီဘီစီက ရွေးချယ်ပါတယ်။ နန်နီ ဘင်တီ ရှမ်ရှူဒင် ဟာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ရှာရီယာ ထုံးတမ်းဥပဒေမှာ ရှိတဲ့ ချို့ယွင်းချက်တွေကို ပြုပြင်လိုသူ ဖြစ်ပါတယ်။

transgender

ဓာတ်ပုံ ရင်းမြစ်, Joey Mead King Facebook

ဓာတ်ပုံ ပုံစာ, ခင်ပွန်းမှ လက်တွဲဖော်သို့

ဖိလစ်ပိုင်နဲ့ အာရှမှာ ကိုယ်ဟန်ပြမယ်နဲ့ ပွဲတင်ဆက်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂျိုဝီမိဒ်ကင်း ဆိုသူကိုလည်း ဒီစာရင်းမှာ ထည့်သွင်းထားပါတယ်။ သူ့ခင်ပွန်းသည် လိင်ပြောင်းလဲပြီး အမျိုးသမီးဘဝ ခံယူလိုက်တာနဲ့ ပတ်သက်တဲ့ မှတ်တမ်းကားမှာ သူနဲ့ ခင်ပွန်းကနေ လက်တွဲဖော် ဖြစ်လာသူ အန်ဂျလာမိဒ်ကင်းတို့ ပါဝင်ထားကြပါတယ်။

indonesia

ဓာတ်ပုံ ရင်းမြစ်, GOH CHAI HIN

ဓာတ်ပုံ ပုံစာ, ဟာသနဲ့ အစွန်းရောက်ကို တိုက်ဖျက်သူ

အင်ဒိုနီးရှားက ဟာသပညာရှင် အမျိုးသမီး ဆက်ဒီယာ မာရုဖ်ကိုလည်း ဘီဘီစီက ရွေးချယ်ခဲ့ပါတယ်။

သူဟာ အင်ဒိုနီးရှားမှာ မွတ်ဆလင် အမျိုးသမီးထဲက ပထမဆုံး ဟာသ ဖျော်ဖြေသူ အဖြစ် ပေါ်ထွက်လာသူ ဖြစ်ပြီး အစ္စလာမ္မစ် အစွန်းရောက်ဝါဒနဲ့ အမျိုးသမီးတွေကို အနိုင်ကျင့် ကျူးလွန်တာတွေကို ဟာသနဲ့ ဝေဖန်တိုက်ခိုက်နေသူ ဖြစ်ပါတယ်။