တရုတ်မှာ မီးတူး လှုပ်ရှားမှု စပေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ် နိုင်ငံမှာ ဒီနှစ်သစ်ကူးက စပြီး အမျိုးသမီး တွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုက ဆန့်ကျင်တဲ့ မီးတူး ကိုယ်လည်း ထပ်တူ ဆိုတဲ့ လှုပ်ရှားမှု စပေါ်လာပါပြီ။
ဘေဂျင်းမြို့တော်က နာမည်ကြီး ဘေ့ဟိုင် တက္ကသိုလ်က ပါရဂူဘွဲ့ရ လိုရှီရှီ ဆိုတဲ့ အမျိုးသမီး တယောက်က သူပညာသင်တုန်း ကာလ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က သူ့ပါမောက္ခတယောက်ရဲ့ မတော်တရားပြုတာ ကြုံဖူးတယ် လို့ ဆိုပါတယ်။
သူ့အတွေ့အကြုံကို တရုတ် လူမှုကွန်ယက် ဝေဘိုမှာ တင်ပြီး ဒီအတွေ့အကြုံက သူ့ကို ခြောက်လှန့်နေဆဲ ဖြစ်တယ်လို့ ရေးခဲ့ပါတယ်။
သူ့ပို့စ်ကို တရက်ထဲတင် ကြည့်သူ သုံးသန်း ကျော်သွားပါတယ်။
လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေလည်း တောမီးလို တဟုန်ထိုး ပြန့်သွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BUAA
ဒီနောက် ချက်ချင်းဆိုသလို ဘေဟိုင် တက္ကသိုလ်က အဲဒီ စွပ်စွဲခံရတဲ့ ပါမောက္ခကို ရာထူးက ချပြီး စစ်ဆေးရေးတွေ လုပ်ပါတယ်။
ဒီ ဆရာကတော့ သူ့ကို စွပ်စွဲတာတွေကို ငြင်းပါတယ်။
အခု အမေရိကန်မှာ နေတဲ့ မစ္စလိုက ဒီလှုပ်ရှားမှုကြောင့် သူ့ကို ခွန်အား သတ္တိတွေ အများကြီး တိုးစေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကမ္ဘာ တလွှားမှာ သန်းနဲ့ချီတဲ့ အမျိုးသား အမျိုးသမီးတွေက ဒီလှုပ်ရှားမှုမှာ ပါလာကြပေမယ့် တရုတ်နိုင်ငံမှာတော့ ဒီလို လိင်ကျူးလွန် စော်ကားမှုတွေကို ဖော်ထုတ်တာဟာ သိပ်ခေတ်မစားသေးပါဘူး။
တရုတ်ပြည်က မဝါဒီ အုပ်စုတွေက မစ္စလိုရဲ့ ခြေရာကို နင်းပြီး ဒီလှုပ်ရှားမှုကို လုပ်ချင်ကြပေမယ့် ကွဲပြားတာတော့ ရှိပါတယ်။
မစ္စလိုဟာ သူ့အမှုကို လူကြား မတင်ခင်မှာ သေချာ ပြင်ပြီးမှ သွားတာလို့ ဘေဂျင်းက လိင်အကြမ်းဖက်မှု ကာကွယ်ရေး အန်ဂျီအို တခုက ဖန်ယွမ်က ဆိုပါတယ်။
သူ့လိုပဲ ဒီပါမောက္ခကြီး စော်ကားတာ ခံရဖူးတဲ့ တခြား အမျိုးသမီးတွေကို သူ ဆက်သွယ် ပြီး အချက်အလက်တွေ ယူပြီးမှ ဒီအမှုကို တက္ကသိုလ်မှာ တိုင်တာလို့ ဆိုပါတယ်။
သေချာ အသံသွင်း မှတ်တမ်းယူတာတွေလည်း ပါပါတယ်။
နောက်ဆုံး တက္ကသိုလ်က ဒီပါမောက္ခကို ရာထူးချဖို့ ဆုံးဖြတ်ပြီးမှ ဒီကိစ္စတွေကို လူမှုကွန်ယက်ပေါ် တင်တာ ဖြစ်ပါတယ်။

တခြား အမျိုးသမီးတွေ သူ့လို လိုက်လုပ်ဖို့ မလွယ်ဘူး၊ တရုတ်မှာ ဒီလို လိင်အကြမ်းဖက်တာတွေကို တားမြစ်တဲ့ ဥပဒေ မရှိဘူး၊ ကျောင်းတွေ ရုံးတွေမှာလည်း ဒါတွေကို ထိရောက်အောင် မဟန့်တားဘူးလို့လည်း သိရပါတယ်။
နောက် နိုင်ငံအများစုမှာ လိုပဲ တရုတ်မှာလည်း အကျူးလွန်ခံရတဲ့သူတွေက သူတို့ပြောတာကို မယုံမှာ ကြောက်ကြပါတယ်။
ဒီလို ကျူးလွန်ခံရသူဘက်ကိုပဲ အပြစ်ဖို့တာနဲ့ သူတို့ကပဲ မျက်နှာသာလိုချင်လို့ သွေးဆောင်တာလိုမျိုး စွပ်စွဲမှုတွေ တရုတ်မှာ ရှိပါတယ်။
ဒါကြောင့် အစော်ကားခံရသူတွေ ရှေ့ထွက်မလာရဲကြတာပါ။
အနောက်နိုင်ငံတွေမှာ ဒီလှုပ်ရှားမှုက ဖျော်ဖြေရေး လုပ်ငန်းတွေနဲ့ အားကစား၊ နိုင်ငံရေး စတဲ့ နေရာတွေမှာ ဖြစ်တတ်ပေမယ့် တရုတ်မှာတော့ တက္ကသိုလ်တွေမှာ ဖြစ်နေတာပါ။
မစ္စလို မတိုင်ခင်ကလည်း ဒီလိုပဲ အစော်ကားခံရတဲ့ အမျိုးသမီး ပညာတတ်တွေက ဒီလို သူတို့ အတွေ့အကြုံတွေ ဖလှယ်တာ ရှိပေမယ့် သူတို့က နာမည် မဖော်ဘဲ လုပ်ကြတာပါ။
တရုတ် ဂွမ်ဂျိုးက လိင်ပညာပေး ဌာန တခု စစ်တမ်းအရ တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၇ဝ ရာခိုင်နှုန်းလောက်မှာ ဒီလို စော်ကားခံရတဲ့ အတွေ့အကြုံ ရှိကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒီထဲက တဝက်ကျော်ကပဲ အာဏာပိုင်တွေကို ပြန်တိုင်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်ပြည်မှာ ပါမောက္ခနဲ့ တပည့်ကြား ဆက်ဆံရေးက မညီမျှတော့ လူတွေက တိုင်တာ တန်းတာတွေ မလုပ်ရဲကြပါဘူး။
ဆရာတွေက တပည့်တွေရဲ့ သုတေသန စာတမ်းတွေ ထုတ်တာ၊ ဘွဲ့ရတာက အစ ချုပ်ကိုင်ထားတဲ့ အတွက် သူတို့ ဘဝ တက်လမ်းမှာ ဆရာတွေက နှောင့်ယှက်နိုင်ပါတယ်။
နောက်ပြီး ကျောင်းသူတွေ အမျိုးသား ဆရာ တွေနဲ့ အတူ ထမင်းစား အရက်သောက် လုပ်ရတာတွေ၊ ဆရာ တွေ ပါးစပ်လေးနဲ့ ဖြစ်ဖြစ် အရသာ ခံ ပြောတာမျိုး ကြုံရတာတွေ ရှိတယ်လို့လည်း သိရပါတယ်။








