ထရမ့် ရဲ့ သမီး က သမ္မတ လက်ထောက် ရာထူး ယူမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမီး ဖြစ်သူ အီဗန်ကာထရမ့်ဟာ ဖခင်ဖြစ်သူရဲ့ လက်ထောက် အဖြစ် လစာမဲ့ တရားဝင် ရာထူးယူကာ နိုင်ငံတော် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်တွေ ရယူမယ်လို့ သမ္မတရုံးက အိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမသမီးတော်ဟာ အစောပိုင်းတုန်းက တရားဝင် ရာထူးမယူဘဲ အလွတ်သဘော ဖခင်ဖြစ်သူကို ကူညီမယ် စီစဉ်ခဲ့လို့ ကျင့်ဝတ်ဆိုင်ရာ ကျွမ်းကျင်သူတွေက အရင်အပတ်က ကန့်ကွက်ခဲ့ကြပါတယ်။
အသက် ၃၅ နှစ် အရွယ် အီဗန်ကာ ဟာ ဒီလို အစိုးရ ရာထူး ကို တရားဝင် ရယူရာမှာ အကျိုးစီးပွား ဝိရောဓိ မဖြစ်စေဖို့ သူမရဲ့ ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်း လုပ်ငန်း အုပ်ချုပ်မှုကိုလည်း ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ကို လွှဲပေးခဲ့ပြီး ကုမ္ပဏီ စီးပွားကို ကိုယ်စား စောင့်ကြည့်ပေးမယ့် ဘုတ်အဖွဲကို ဖွဲ့ခဲ့ပါတယ်။
ဒါ့အပြင် ဖခင်ဖြစ်သူရဲ့ စီးပွားလုပ်ငန်းအဖွဲ့ကြီးက ခေါင်းဆောင်မှုရာထူးကိုလည်း စွန့်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့် မစ္စတာထရမ့်ပိုင် အိမ်ခြံမြေ ကုမ္ပဏီ က နေ ပုံသေလစာ တခုကိုတော့ ဆက်လက် ရယူနေမှာ ဖြစ်ပါတယ်။
အီဗန်ကာရဲ့ အမျိုးသားဖြစ်သူ ဂျဲရတ်ခူရှနာ ကလည်း သမ္မတထရမ့်ရဲ့ အကြီးတန်း အကြံပေး ရာထူး ရယူ ထမ်းဆောင်နေပါတယ်။
#ဘီဘီစီမြန်မာပိုင်း




