အနှစ် ၂ဝ အတွင်း ပထမဆုံး ဂျပန် ဆူမိုနပန်းသမား အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, JIJI PRESS
အနှစ် ၂ဝ အတွင်း ပထမဆုံး ဂျပန် ဆူမိုနပန်းသမား တယောက်က ကမ္ဘာ့ ချန်ပီယံဆုကို အနိုင်ရသွားပါတယ်။ နှစ်သစ်ကူး ဆူမို နပန်း ပြိုင်ပွဲမှာ ၃၁ နှစ် အရွယ် ကီဆန်နိုဆာတိုက ချန်ပီယံ ဆုကြီးကို ရရှိသွားတာပါ။
အသက် ၃၀ အရွယ် ကီဆန်နိုဆာတို (Kisenosato) ဟာ ၂၀၁၇ ခုနှစ် အဖွင့် ဒုတိယတန်း အဆင့် အိုဇက်ကိ (Ozeki) ဆူမိုပြိုင်ပွဲမှာ အနိုင်ရပြီးနောက် ဆူမိုနပန်းပြိုင်ပွဲရဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ယိုကိုဇူနာ (Yokozuna) အဆင့်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၈ ခုနှစ်က ဂျပန်နပန်းသမား ဝါကာနိုဟာနာ (Wakanohana) အပြီး နောက်ပိုင်း အဆင့်အမြင့်ဆုံး တန်းကို ရောက်လာနိုင်ခဲ့တဲ့ ပထမဆုံး ဂျပန်နိုင်ငံဖွား ဆူမိုနပန်းသမား ဖြစ်ပါတယ်။
တိုကျိုမြို့တော် မြောက်ဖက် အီဘာရာကိ မြို့မှာ မွေးဖွားခဲ့တဲ့ ကီဆန်နိုဆာတိုဟာ ကိုယ်အလေးချိန် ၁၇၈ ကီလိုဂရမ် (၃၉၂ ပေါင်) ရှိပြီး ဆူမိုပြိုင်ပွဲ ဒုတိယတန်းအဆင့်ကို ၂၀၁၂ ခုနှစ်ကတည်းက ရရှိခဲ့သူပါ။
ဒီနှစ်မှာ အဆင့်အမြင့်ဆုံးတန်းကို ကီဆန်နိုဆာတိုနဲ့ အတူ မွန်ဂိုလီးယား နိုင်ငံသား ဆူမိုနပန်း ၃ ယောက်လည်း ရောက်ရှိခဲ့ပါတယ်။ အမေရိကန် ဆာမိုအာနဲ့ မွန်ဂိုလီးယား နပန်းသမား ၅ ယောက်က ဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်။
နှစ်ပေါင်းရာချီ သက်တမ်းရှိပြီ ဖြစ်တဲ့ ဂျပန်ရိုးရာ ဆူမိုနပန်းသတ်ပြိုင်ပွဲတွေမှာ ပြည်တွင်း နပန်းသမား အသစ် ရှားပါးလာခြင်းကြောင့် ပြည်ပက နပန်းသမားတွေသာ ကြီးစိုးနေပါတယ်။
ဂျပန်ဆူမိုနပန်း အဖွဲ့ချုပ်က သူ့ကို အဆင့်မြင့်တန်း နပန်းသမား အဖြစ် တရားဝင် အသိအမှတ်ပြုအပြီးမှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ ကီဆန်နိုဆာတိုက ဒီလို အသိအမှတ်ပြုမှုကို ရိုကျိုးနှိမ့်ချမှု အပြည့်နဲ့ လက်ခံယူပါတယ်၊ ဒီအဆင့်နဲ့ ထိုက်တန်အောင် အပြည့်အဝ အားထုတ်ပါမယ်၊ ယိုကိုဇူနာ အဆင့်ရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းအောင် ကြိုးစားပါမယ်လို့ ပြောခဲ့ပါတယ်။





