ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်း

ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီ
၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကျင်းပဖို့ လပိုင်းသာ လိုတော့တဲ့အချိန် ပြိုင်ပွဲဝင်မယ့် အသင်းတွေအားလုံးလည်း စုံညီနေပါပြီ။ ရုရှားနိုင်ငံက ပထမဆုံး ကျင်းပခွင့်ရမယ့် ဒီပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး ဘယ်လိုဖြစ်ပေါ်လာခဲ့ပုံ၊ အရင် ပြိုင်ပွဲ တွေမှာ ဘယ်အသင်းတွေ ချန်ပီယံဖြစ်ခဲ့ကြပုံနဲ့ ပြိုင်တွေအကြောင်း ပြည့်ပြည့်စုံစုံကို ဘီဘီစီ မြန်မာပိုင်းကနေ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
"ဖီဖာ ကမ္ဘာ့ဖလား ဖြစ်ပေါ်လာပုံ"
ကမ္ဘာ့ပရိသတ်တွေ စိတ်ဝင်စားမှု အရှိဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်ပေါ်လာဖို့ အားသွန်ခွန်သိုက် ကြိုးစားခဲ့သူက ပြင်သစ်လူမျိုး ဖီဖာ ဥက္ကဌဟောင်း ဂျူးရီးမက်ပါ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကို ၁၉၀၄ခုနှစ်မှာ စတင်တည်ထောင်ပြီးနောက် ဂျူးရီးမက်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲတစ်ရပ်ကို ကျင်းပနိုင်ဖို့ ကြိုးပမ်းခဲ့ ပါတယ်။ ၁၉၃၀ခုနှစ်ရောက်မှ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပနိုင်ခဲ့တာပါ။ အဲ့ဒီမတိုင်မီ ဘောလုံးပြိုင်ပွဲတွေကို နွေရာသီ အိုလံပစ် အားကစားပွဲတွေမှာသာ ထည့်သွင်းကျင်းပခဲ့ပါတယ်။ ။ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်နဲ့ ဥရုဂွေးတို့ လျောက်ခဲ့ကြပြီး ဖီဖာကွန်ဂရက်က နိုင်ငံသက်တမ်း နှစ် (၁၀ဝ)ပြည့်မြောက်နှစ်နဲ့ တိုက်ဆိုင်နေတဲ့ ဥရု ဂွေးကို အိမ်ရှင်အဖြစ် ရွေးချယ်ဖို့ ၁၉၂၉ ခုနှစ် ဘာစီလိုနာမြို့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
"၁၉၃၀ ဥရုဂွေး"
ပထမဆုံး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ နိုင်ငံပေါင်း (၁၃)နိုင်ငံက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပေမယ့် အဲ့ဒီခေတ် ဥရောပ ဘောလုံး အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ နယ်သာလန်တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းမရှိခဲ့ပါ ဘူး။ ပြိုင်ပွဲဝင် ၁၃သင်းကို ၄သင်းပါ တစ်အုပ်စုနဲ့ ၃သင်း ၃အုပ်စု ခွဲကစားစေခဲ့ပါ တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးပွဲကတော့ အုပ်စု Aက ပြင်သစ်နဲ့ မက္ကဆီကိုတို့ ရဲ့ပွဲဖြစ်ပြီး ပြင်သစ်က ၄-၁ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားရဲ့ ပထမဆုံးဂိုးကို ပြင်သစ် က လော်ရန်က ပွဲချိန် ၁၉မိနစ်မှာ သွင်းခဲ့တာဖြစ်ပါတယ်။ အုပ်စု ၄ အုပ်စုကနေ ထိပ်ဆုံးရတဲ့ ၄သင်းသာ ဆီးမီးဖိုင်နယ်ကို တက်ရောက်ခွင့်ပြုလို့ အာဂျင်တီးနား၊ ယူဂိုဆလားဗီးယား၊ အိမ်ရှင် ဥရုဂွေးနဲ့ အမေရိကန်တို့ တက်ရောက်ခဲ့ကြပါတယ်။ ဆီမီးဖိုင်နယ်မှာ ဥရုဂွေးက ယူရိုးစလားဗီးယား၊ အာဂျင်တီးနားက အမေရိကန်တို့ကို ၆-၁ဂိုးစီနဲ့ နိုင်ခဲ့ကြလို့ ဖိုင်နယ်တက်ခဲ့ကြပါတယ်။ ဖိုင်နယ်မှာ အိမ်ရှင် ဥရုဂွေးအသင်း က ၄-၂ဂိုးနဲ့နိုင်လို့ ပထမဆုံး ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်လာပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ အာဂျင်တီးနားက Guillermo Stabile က သွင်းဂိုး ၈ဂိုးနဲ့ ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင် ဖြစ်လာပါတယ်။ ဥရုဂွေးအသင်း ချန်ပီယံဖြစ်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဇူလိုင် ၃၁ကို နိုင်ငံတော် အားလက်ရက်အဖြစ် ဥရုဂွေး အစိုးရက ကြေညာသတ်မှတ်ပေးခဲ့ ပါတယ်။
"ပြိုင်ပွဲမှတ်တမ်း"
ပွဲပေါင်း - ၁၈ပွဲ
သွင်းဂိုး - ၇၀ဂိုး
တစ်ပွဲ ပျမ်းမ ျှသွင်းဂိုး - ၃.၈၉ဂိုး
ချန်ပီယံ - ဥရုဂွေး
ဂိုးသွင်းဘုရင် - Guillermo Stabile ၈ဂိုး ( အာဂျင်တီးနား)
"၁၉၃၄ အီတလီ"
ဒုတိယအကြိမ်ပြိုင်ပွဲကိုတော့ အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရပါ တယ်။ ဒီပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆အသင်းအထိရှိခဲ့တာပါ။ အဲ့ဒီအ ချိန်တုန်းက အီတလီမှာ ဖက်ဆစ် အာဏာရှင် မူဆိုလီနီ အုပ်ချုပ်နေချိန်ဖြစ်လို့ အီတလီကို အိမ်ရှင်အဖြစ် ရွေးချယ်ဖို့ ဖီဖာက အစည်းဝေး (၈) ကြိမ်အထိ ပြုလုပ်ခဲ့ပြီး မှ ရွေးချယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အသင်းပေါင်း ၃၂ သင်း အထိ စာရင်းပေးလာခဲ့လို့ ဖီဖာက ခြေစစ်ပွဲတွေ ကစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ပထမဆုံး ကစားရတဲ့ ခြေစစ်ပွဲမှာ အိမ်ရှင် အီတလီလည်း ဝင်ရောက် ကစားခဲ့ရပြီး နောက်ဆုံးအဆင့် ဝင်ရောက်ခွင့် ရမယ့် ၁၆သင်းကို ရွေးချယ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲ မှာတော့ လက်ရှိချန်ပီယံ ဥရုဂွေးဟာ သူတို့နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၉၃၀ ပထမဆုံး ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ငြင်းဆိုခဲ့ကြတဲ့ ဥရောပအသင်းကြီးတွေကို သပိတ်မှောက်တဲ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ခြင်းမရှိခဲ့ပါ။ ဒါ့အပြင် ဖီဖာနဲ့ အဆင်မပြေဖြစ်နေတဲ့ အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ်၊ မြောက်အိုင်ယလန်တို့ လည်း ဒီပြိုင်ပွဲကို ဒီပြိုင်ပွဲကို မဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ခြေစစ်ပွဲအောင်လာတဲ့ ၁၆သင်းကိုတော့ ပထမအကြိမ်တုန်းကလိုမျိုး၊ အုပ်စုပွဲတွေ မကစားစေဘဲ ရှုံးထွက် စနစ်ပုံစံမျိုး ပြောင်းကစားစေခဲ့ပါတယ်။ ၁၆သင်းယှဉ်ပြိုင်မယ့် ၈ပွဲကို တစ်ချိန်တည်း မှာ ကစားစေခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ကို ဥရောပတိုက်က အသင်းတွေ သာ တက်ရောက် နိုင်ခဲ့ကြပါတယ်။ အီတလီနဲ့ စပိန်တို့ ကစားတဲ့ ကွာတားဖိုင်နယ်မှာတော့ ပွဲချိန် မိနစ် ၉၀၊ အချိန်ပို မိနစ် ၃၀အထိ သရေကျခဲ့လို့ ပြန်ကန်ပွဲ နောက်တစ်ပွဲ ကစားခဲ့ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ အီတလီက သြစတြီးယားကို ၁ဂိုး-ဂိုးမရှိ၊ ချက်ကိုစလိုဗက်ကီးယားက ဂျာမနီကို ၃-၁ဂိုးနဲ့ နိုင်ပါတယ်။ တတိယနေရာလုပွဲမှာ ဂျာမနီက သြစတြီးယားကို ၃-၂ဂိုးနဲ့နိုင်ပြီး အီတလီက ဖိုင်နယ်မှာ ချက်ကိုစလို ဗက်ကီးယားကို ၂-၁ဂိုးနဲ့ အချိန်ပိုမှာ နိုင်လို့ ဥရောပတိုက်ရဲ့ ပထမဆုံး ချန်ပီယံဖြစ်လာပါတယ်။ ဒီပြိုင်ပွဲမှာ ချက်ကိုစလိုဗက်ကီး ယား က Oldrich Nejedly က ၅ဂိုးနဲ့ ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာ ပါတယ်။
"ပြိုင်ပွဲမှတ်တမ်း"
ပွဲပေါင်း - ၁၇ပွဲ
သွင်းဂိုး - ၇၀ဂိုး
တစ်ပွဲ ပျမ်းမ ျှသွင်းဂိုး - ၄.၁၂ဂိုး
ချန်ပီယံ - အီတလီ
ဂိုးသွင်းဘုရင် - Oldrich Nejedly ၅ဂိုး ( ချက်ကိုစလိုဗက်ကီးယား)

ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီ
"၁၉၃၈ ပြင်သစ်"
ဒီတစ်ကြိမ်မှာတော့ ပြင်သစ်က အာဂျင်တီးနား၊ ဂျာမနီတို့ကို ကျော်ပြီး အိမ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အာဂျင်တီးနားအသင်းက ဖီဖာရဲ့ အိမ်ရှင်ရွေးချယ်ပုံကို မကျေနပ်လို့ ပြိုင်ပွဲကို မဝင်ရောက်ခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခြေစစ်ပွဲအဆင့်မှာ အသင်းပေါင် ၃၇သင်းအထိ ပါဝင်ဖို့ စာရင်းပေးသွင်းခဲ့ပြီးမှ ၃၄သင်းသာ ခြေစစ်ပွဲ ကစားခဲ့ကြပါတယ်။ စပိန်က ပြည်တွင်းစစ်နဲ့ ဂျပန်က တရုတ်နဲ့ စစ်ပွဲတွေကြောင့် ခြေစစ်ပွဲတွေကနေ နှုတ်ထွက်ခဲ့ကြပါတယ်။ အဲ့ဒီတုန်းက အရှေ့တောင်အာရှက ဒတ်ချ်ကိုလိုနီ ဖြစ်တဲ့ Dutch East Indies( အခု အင်ဒိုနီးရှား) လည်း ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ အိမ်ရှင် ပြင်သစ်က ကွာတားဖိုင်နယ်မှာ လက်ရှိ ချန်ပီယံ အီတလီကို ရှုံးခဲ့ပြီး ထွက်ခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်ကို အီတလီ၊ ဘရာဇီးလ်၊ ဟန်ဂေရီ၊ ဆွီဒင်တို့ တက်ရောက်နိုင်ခဲ့ကြပြီး အီတလီက ဘရာဇီးလ်ကို ၂-၁ဂိုး၊ ဟန်ဂေရီက ဆွီဒင်ကို ၅-၁ဂိုးနဲ့ အသီးသီးနိုင်ပြီး ဖိုင်နယ်တက်ခဲ့ကြပါတယ်။ ဖိုင်နယ်မှာတော့ လက်ရှိချန်ပီယံ အီတလီက ဟန်ဂေရီကို ၄-၂ဂိုးနဲ့နိုင်ပြီး ချန်ပီယံ သရဖူကို ကာကွယ်နိုင်ခဲ့ပါတယ်။ အီတလီလူမျိုးနည်းပြ ဗစ်တိုရီယို ပေါ့ဇိုက ကမ္ဘာ့ဖလား ၂ကြိမ်ဆက်ရတဲ့ ပထမဆုံး နည်းပြဖြစ်လာပါတယ်။ ဘရာဇီးလ်က ဆွီဒင်ကို ၄-၂ဂိုးနဲ့ နိုင်ပြီး တတိယနေရာ ရခဲ့ကာ ဘရာဇီးလ်တိုက်စစ်မှူး လီယိုနီ ဒတ်စ် ၇ဂိုးနဲ့ ဂိုးအများဆုံးသွင်းတဲ့ ကစားသမား ဖြစ်လာပါတယ်။
"ပြိုင်ပွဲမှတ်တမ်း"
ပွဲပေါင်း - ၁၈ပွဲ
သွင်းဂိုး - ၈၄ဂိုး
တစ်ပွဲ ပျမ်းမ ျှသွင်းဂိုး - ၄.၆၇ဂိုး
ချန်ပီယံ - အီတလီ
ဂိုးသွင်းဘုရင် - လီယိုနီဒတ်စ် ၇ဂိုး ( ဘရာဇီးလ်)
၁၉၃၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့လို့ ၄နှစ် တစ်ကြိမ် ကျင်းပနေတဲ့ ဒီပြိုင်ပွဲကို ၁၂နှစ်ကြာပြီးမှ ပြန်လည်ကျင်းပခဲ့ ပါတယ်။ ပြိုင်ပွဲကျင်းပခဲ့ တဲ့ ၃ကြိမ်အတွင်း ကမ္ဘာ့ဘောလုံးပရိသတ်တွေ ပိုစိတ်ဝင်စားလာခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို နိုင်ငံတွေများစွာက ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားလာကြပါတယ်။
ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သမိုင်းကြောင်းနဲ့ အရင် ကျင်းပခဲ့ဖူးတဲ့ ပြိုင်ပွဲတွေ အကြောင်း သိကောင်းစရာတွေကို နောက်ပိုင်းမှာ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။








