ယင်းမာပင်ခရိုင်ထဲက NUG တပ်စခန်း ၂ ခု မီးရှို့ဖျက်ဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက ယင်းမာပင်နဲ့ ကနီမြို့နယ်တို့မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်စခန်း ၂ ခု မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ စခန်းတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။
ယင်းမာပင်အခြေစိုက်တပ်တွေဖြစ်တဲ့ အမှတ် ၃၅ တပ်ရင်းနဲ့ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF) စစ်ကြောင်းတို့ရဲ့တပ်စခန်းတွေ မီးရှို့ခံလိုက်ရတာလို့ သူက ဆက်ပြောပါတယ်။ စစ်တပ်က ULF စစ်ကြောင်းရဲ့စခန်းကို မတ် ၇ ရက်က မြေပြင်စစ်ကြောင်းအင်အား ၃၀၀ ဝန်းကျင်နဲ့ ဝင်စီးခဲ့တာလို့ သိရပါတယ်။
ဝင်စီးတဲ့အချိန် ”လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ထုတယ်။ ကင်းထောက်နဲ့ အသေခံဒရုန်းတွေနဲ့လည်း လေကြောင်းဗုံးချတယ်။ စစ်ကားတွေလည်းပါတယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ယင်းမာပင်ခရိုင်၊ ပုလဲနယ်မှာအခြေစိုက်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ဆီမှာ လက်နက်ချပြီးတဲ့နောက်မှာပဲ စစ်တပ်က ပုလဲနယ်ထဲ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့သလို စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။
NUG ရဲ့ တပ်စခန်းတွေ မီးရှို့ခံရတာကလည်း ဗိုလ်နဂါးနဲ့အတူ စစ်တပ်ဆီမှာ လက်နက်ချသွားတဲ့ BNRA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မျက်လုံးဆိုသူက သတင်းပေးလိုက်တာဖြစ်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က စွပ်စွဲပြောဆိုပါတယ်။
“မျက်လုံးက ULF စခန်းကို ရောက်ဖူးတယ်။ စစ်ဆင်ရေးလည်း တွဲလုပ်ခဲ့ဖူးတယ်။ စခန်းတည်နေရာကို သိပြီးသားဖြစ်တယ်” လို့ ULF ရဲ့တာဝန်ရှိသူတစ်ဦးက မတ် ၁၀ ရက်မှာ ပြောပါတယ်။
မီးရှို့ခံရတဲ့ စခန်းတွေဟာ ယင်းမာပင် - ကနီအစပ်အနီးက ရွာတွေမှာရှိတဲ့ စခန်းတွေလို့ သိရပါတယ်။
လက်ရှိ ယင်းမာပင်တောင်ဘက်ခြမ်းနားမှာ အင်အား ၂၀၀ ပါတဲ့ စစ်တပ်စစ်ကြောင်းတစ်ကြောင်း အထိုင်ချထားတယ်လို့ သိရပါတယ်။
NUG ဘက်ကလည်း BNRA ခေါင်းဆောင် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့ စစ်တပ်ဆီ လက်နက်ချပြီးနောက်မှာပဲ ဗိုလ်နဂါးရဲ့ ညီမဖြစ်သူအပါအဝင် ဗိုလ်နဂါးနဲ့ ဆက်ဆံမှုရှိခဲ့သူတချို့ကို အကျိုးတူပူးပေါင်းမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပါတယ်။
စစ်ကော်မရှင်ကတော့ ယင်းမာပင်ခရိုင်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
