နိုဝင်ဘာရွေးကောက်ပွဲအတွက် ဘိုင်ဒန်က ဒုသမ္မတ ဟဲရစ်ကို သမ္မတလောင်းအဖြစ် ထောက်ခံ

နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီရဲ့သမ္မတလောင်းနေရာကနေ နုတ်ထွက်ပြီလို့ လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာလိုက်ပြီး ပါတီရဲ့ သမ္မတလောင်းအဖြစ် ကမ်မလာဟဲရစ်ကို ရွေးချယ်ဖို့လည်း မစ္စတာဘိုင်ဒန်က ပါတီဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။

အနှစ်ချုပ်

  • အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ‘‘ပါတီနဲ့ နိုင်ငံ့အကျိုးအတွက်ဆိုပြီး နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲကို သူ ဝင်မပြိုင်တော့ဘူးလို့ ပြောလာပါတယ်။ ဒါပေမဲ့ ကျန်ရှိနေသေးတဲ့သမ္မတ သက်တမ်း ၆ လကာလကိုတော့ ဆက်ပြီးထမ်းဆောင်မယ်လို့ ဆိုပါတယ်
  • မစ္စတာ ဘိုင်ဒန်က ဒုတိယသမ္မတ ကမ်မလာဟဲရစ်ကို သမ္မတလောင်းနေရာအတွက် ထောက်ခံလိုက်ပါတယ်
  • ဟဲရစ်ကတော့ သမ္မတလောင်းနေရာအတွက် ‘‘ထိုက်ထိုက်တန်တန်ရရှိအောင် လုပ်ဆောင်ပြီး အနိုင်ရအောင်လည်း ကြိုးပမ်းမယ်’’၊ ‘‘ဒေါ်နယ် ထရမ့်ကို နိုင်ရေး နိုင်ငံစည်းလုံးဖို့ စွမ်းနိုင်သမျှ ကြိုးပမ်းမယ်’’ လို့လည်း ပြောပါတယ်
  • မစ္စတာ ဘိုင်ဒန်နေရာမှာ အစားထိုးလာနိုင်ခြေရှိတဲ့ သမ္မတလောင်းအဖြစ် တစ်ပြေးခဲ့ကြတဲ့ အကြီးတန်း ဒီမိုကရက်တွေဖြစ်တဲ့ ဂယ်ဗင် နယူဆန်နဲ့ ပိ ဘုတဂျစ် တို့ကလည်း ဟဲရစ်ကို ထောက်ခံနေကြပါတယ်
  • အသက် ၈၁ နှစ်အရွယ် သမ္မတ ဘိုင်ဒန်ဟာ ပြီးခဲ့တဲ့လတုန်းက မစ္စတာ ထရမ့်နဲ့ပြုလုပ်တဲ့ စကားရည်လုပွဲမှာ စွမ်းဆောင်ရည်ပိုင်း မေးခွန်းထုတ်ခံရပြီးတဲ့နောက်မှာ သမ္မတလောင်းအဖြစ် ဝင်မပြိုင်တော့ဖို့ တိုက်တွန်းတာတွေခံနေရတာပါ
  • သမ္မတကတော် ဂျေး ဘိုင်ဒန်ကတော့ ‘‘သူ ဘယ်လမ်းကို ရွေးရွေးထောက်ခံမယ်’’ လို့ ပြောထားသလို ‘‘သူ့ကို အယုံကြည်ဆုံးသူအဖြစ် ဆက်ရှိနေမယ်’’ လို့လည်း ပြောထားတဲ့အကြောင်း သူမရဲ့ ပြောခွင့်ရက ဘီဘီစီကို ပြောပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် အရေးပါတဲ့ပွဲတွေနဲ့ နေ့ရက်တွေ

    သမ္မတ အိမ်တော် အိမ်ဖြူတော်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ရုတ်တရက် ကြေညာလိုက်တာဟာ အမေရိကန်ပြည်သူတွေ ရွေးကောက်ပွဲ မဲသွားထည့်ဖို့ ရက်ပေါင်း ၁၀၀ မတိုင်ခင်လေးမှာပဲ ဖြစ်ပါတယ်။

    အဲဒီမတိုင်ခင် အဓိကအခင်းအကျင်းတွေအကြောင်း အောက်မှာ ဆက်ပြီး ဖတ်ကြည့်ကြရအောင်ပါ။

    အခုသီတင်းပတ်မှာပဲ ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး နိုင်ငံကို အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီညီလာခံရဲ့ စည်းကမ်းရေးရော ကော်မတီကလည်း သမ္မတလောင်းအသစ် တစ်ယောက်ကို ရွေးချယ်တဲ့လုပ်ငန်းစဥ်အရေးကို ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးဖို့ရှိပါတယ်။

    ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းတစ်ဦးကို နောက်ဆုံးရွေးချယ်တာကိုတော့ ချီကာကိုမြို့မှာ သြဂုတ်လ ၁၉ ရက်ကနေ ၂၂ ရက်အထိပြုလုပ်မယ့် ပါတီညီလာခံအတွင်း ပြုလုပ်မှာဖြစ်ပါတယ်။

    အဲဒီညီလာခံအတွင်းမှာပဲ ပြည်နယ်ပေါင်း ၅၀ ရှိတဲ့ အမေရိကန်ပြည်ထောင်စုတဝန်းက ပြည်နယ်တွေက ဒီမိုကရက်ပါတီ ကိုယ်စားလှယ်တွေဟာ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ပါတီရဲ့ သမ္မတလောင်းနဲ့ ဒုသမ္မတ လောင်းတွေကို တရားဝင်အဆိုပြုရွေးချယ်ကြမှာပါ။

    သမ္မတလောင်းတွေရဲ့နောက်တစ်ကြိမ် ရုပ်သံ စကားစစ်ထိုးပွဲကတော့ စက်တင်ဘာလ ၁၀ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီအခါ ဒီမိုကရက်တစ်ပါတီသမ္မတလောင်းက ရီပတ်ဘလီကန် ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ယှဥ်ပြိုင်ပြောဆိုရမှာဖြစ်ပါတယ်။

    သမ္မတရွေးကောက်ပွဲကတော့ နိုဝင်ဘာလ ၅ ရက်မှာကျင်းပမှာဖြစ်ပါတယ်။

  2. ၂၄ နာရီအတွင်း မဲဆွယ် ရန်ပုံငွေ သန်း ၅၀ နီးပါး ဟဲရစ် ရှာထားနိုင်

    ၂၄ နာရီအတွင်း မဲဆွယ် ရန်ပုံငွေ သန်း ၅၀ နီးပါး ဟဲရစ် ရှာထားနိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ကမ်မလာ ဟဲရစ်ရဲ့ မဲဆွယ်အဖွဲ့ဟာ သမ္မတ ဂျိုးဘိုင်ဒန်က ဒုသမ္မတ ဟဲရစ်ကို ဒီမိုကရက်ပါတီသမ္မတလောင်းအဖြစ် ထောက်ခံတယ်လို့ ကြေညာပြီး ၂၄ နာရီအတွင်းမှာပဲ ရန်ပုံငွေ ဒေါ်လာ သန်း ၅၀ နီးပါး ရှာထားနိုင်ပြီဖြစ်ပါတယ်။

    ‘‘သမ္မတ ဘိုင်ဒန်က ဒုသမ္မတ ဟဲရစ်ကို မနေ့ မွန်းလွဲပိုင်းမှာ ထောက်ခံကြောင်း ပြောပြီးကတည်းက သူမအတွက် အမေရိကန် ပြည်သူတွေရဲ့ မဲဆွယ်ရန်ပုံငွေ ထည့်ဝင်မှုဟာ ဒေါ်လာ ၄၉.၆ သန်းအထိရှိထားပါတယ်’’လို့ ဘိုင်ဒန်ရဲ့ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။

    အစောပိုင်းက သတင်းဖော်ပြထားတဲ့အတိုင်းမှာ ဟဲရစ်ကို ဝါရင့် ဒီမိုကရက်နိုင်ငံရေးသမားတွေရော၊ အမေရိကန်ပြည်ထောင်စုတဝန်းက လူမည်းအမျိုးသမီး ထောင်ချီကလည်း ထောက်ခံထားကြပါတယ်။

    ‘‘လူမည်းအမျိုးသမီးတွေနဲ့အတူ အောင်ပွဲ ရယူပါ’’ လို့ နာမည်ပေးထားတဲ့ အဲဒီအဖွဲ့ဟာ Zoom ကနေ တဆင့် တွေ့ဆုံထားကြပြီး ၃ နာရီအတွင်းမှာ ဒေါ်လာ ၁ သန်းခွဲကျော် ရန်ပုံငွေ ရှာဖွေထားနိုင်ပါတယ်။

    အဲဒီအဖွဲ့ကတော့ Zoom ကနေတဆင့်တွေ့ဆုံမှုမှာ အမျိုးသမီးပေါင်း ၄၄,၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ပြောထားပါတယ်။

  3. ယူကရိန်းအတွက် ထွက်လာတဲ့မေးခွန်းက ‘‘အခု ဘာဆက်လုပ်မလဲ’’

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မ ဇလန်းစကီး

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မ ဇလန်းစကီး

    ယူကရိန်း သမ္မတ ဇလန်းစကီးဟာ ဂျိုးဘိုင်ဒန်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး နှစ်မျိုး ရှုမြင်နိုင်ခြေရှိပါတယ်။ တစ်ခုက သူ့ရဲ့မဟာမိတ်ကြီး သမ္မတရာထူးအတွက် ဆက်မပြိုင်တော့ဘူးဆိုတာနဲ့ နောက်မျိုးကတော့ အမေရိကန်ရဲ့ ကာလရှည်ကြာ ထောက်ခံမှုကို ခိုင်မာစေမယ့်လမ်းကြောင်း ပေါ် ဆက်ရှိနေမလားဆိုတာပါပဲ။

    သမ္မတ ဇန်လန်းစကီးအတွက်တော့ ရုရှားကျူးကျော်စစ်ကို ခုခံနေတဲ့သူ့နိုင်ငံစစ်ပွဲကို အဓိက ကူညီနေတဲ့ နောက်နိုင်ငံမဟာမိတ်တွကြားက နိုင်ငံရေးရပ်ဝန်း မငြိမ်မသက်ဖြစ်မှုတွေကို အရင်ကလည်း ကြုံထားဖူးပါတယ်။

    အခုနှစ်အစောပိုင်းတုန်းကဆိုရင် ယူကရိန်းကို ပေးမယ့် စစ်ဘက်အကူအညီ ဒေါ်လာ သန်းပေါင်း ခြောက်သောင်းအကူအညီကို ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေက ကန့်ကွက်ခဲ့လို့ အဲဒီအကူအညီတွေ နှောင့်နှေးပြီး လက်နက်လိုအပ်နေတဲ့ယူကရိန်း စစ်သားတွေအပေါ် တည့် ရိုက်ခတ်မှု ရှိခဲ့တာပါ။ ယူကရိန်း နယ်မြေတွေလည်း သိသိသာသာရှုံးခဲ့သလို ဒီနေ့အထိ ရုရှားတပ်တွေလက်ထဲကို တအိအိနဲ့ပါနေတုန်းဖြစ်ပါတယ်။

    ဒါပေမဲ့လည်း ရာထူးသက်တမ်း ၆ လပြည့်တဲ့အထိ သက်တမ်းကုန်တာဝန်ထမ်းပြီး‌နောက်မှာ အနားယူမယ့် သမ္မတ ဘိုင်ဒန်ကတော့ လေကြောင်းကာကွယ်ရေးစနစ်တွေ၊ ဒုံးပစ်စင်တွေ၊ ကျည်ကာယာဥ်တွေ၊ လက်နက်တွေ၊ ရေဒါတွေနဲ့ ခဲယမ်းမီးကျောက် ကျည်ဆန်တွေကို ယူကရိန်းကို ပေးဖို့ လက်မှတ်ထိုး အတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။

    ယူကရိန်းအစိုးရအရာရှိတွေဟာ အခုဆိုရင် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီဘက်က သမ္မတလောင်း ဝင်ပြိုင်မယ့် ဒေါ်နယ်ထရမ့်ဆီ ချဥ်းကပ်ပြီး သူ့အောက်က အဖွဲ့တွေနဲ့ဆွေးနွေးတာတွေတောင်လုပ်ပြီး ဖြစ်ပါတယ်။ သူတို့ဟာ အခုတော့ ဒီမိုကရက်တစ်ပါတီဘက်က ဘယ်သူ့ဆီကို ဖုန်းခေါ်ဆိုပြီး စကားပြောလိုပြီဆိုတာကတော့ သံသယ ဖြစ်စရာမရှိပါဘူးလို့ ယူကရိန်းက ဘီဘီစီ သတင်းထောက် ဂျိမ်း ဝါးတားဟောက်စ်က သုံးသပ်ရေးပါတယ်။

  4. ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းကို ရွေးချယ်ရေးလုပ်ငန်းစဥ် အခုတစ်ပတ်အတွင်းစတင်မယ်

    ဒီမိုကရက်တစ်ပါတီက နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်း တစ်ဦးကို ရွေးချယ်တင်မြှောက်ရေး လုပ်ဆောင်မှုအပိုင်းမှာ တာဝန်ယူတဲ့ ကော်မတီကတော့ သမ္မတလောင်းအသစ်ကို ရွေးချယ်ရေး နောက်ထပ်အဆင့်တွေကို ဆက်ပြီး လုပ်ဆောင်ဖို့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

    ဒီမိုကရက်တစ်ပါတီညီလာခံ(DNC)ကနေ အဲဒီကော်မတီ တွေ့ဆုံမှုကို ဆုံးဖြတ်ပေးတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ အမေရိကန်ဒေသစံတော်ချိန် နေ့လယ် ၂ နာရီမှာတွေ့ဆုံပြီး ယူကျူ့ကနေလည်း တိုက်ရိုက်ထုတ်လွှင့်မယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

    ညီလာခံ ဥက္ကဋ္ဌ ဂျေမီ ဟာရစ်ဆင်ကတော့ အခုလုပ်ငန်းစဥ်ကို “ရှိရင်းစွဲလုပ်ထုံးလုပ်နည်းအဆင့်အဆင့်အတိုင်း”၊ “စနစ်ကျကျ”နဲ့ “ပွင့်လင်းမြင်သာမှုရှိရှိ”ပြုလုပ်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

  5. ကမ်မလာ ဟဲရစ် ဘယ်သူလဲ

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ထောက်ခံမှုပေးလိုက် သူက ကမ်မလာ ဟဲရစ် ဖြစ်ပါတယ်။

    အမေရိကန်ဒုတိယသမ္မတ ဖြစ်တဲ့ဟဲရစ်ဟာ အမေရိကန်ပြည်နယ်က လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားရဲ့ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်တဲ့ ပထမဆုံး လူမည်းအမျိုးသမီးဖြစ်ပါတယ်။

    ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် တစ်မပြေးခင်မှာ ၂၀၁၇ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရအပြီးမှာတော့ ဒီမိုကရက်တစ်ပါတီရဲ့ တက်သစ်စနိုင်ငံရေးသမားတွေထဲက တစ်ဦးအဖြစ် ရေပန်းစားလာပါတယ်။

    စကားရည်လုပွဲတွေမှာ ထူးချွန်ပြောင်မြောက်ပေမဲ့ မူဝါဒတွေကို ကောင်းကောင်းမွန်မွန် ချပြနိုင်ခဲ့တာမရှိခဲ့ပါဘူး။

    ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာပဲ ဘိုင်ဒန်က အခု ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဟဲရစ်ကို ဒီမိုကရက် ဒုသမ္မတလောင်း အဖြစ် ရွေးချယ်တယ်လို့ ကြေညာခဲ့တာကြောင့် သူမဟာ အမေရိကန်လူထုကြား သတိထားမိသူ ပြန်ဖြစ်လာပါတယ်။

    ဘိုင်ဒန်နဲ့ ဟဲရစ်တို့ သမ္မတနဲ့ ဒုသမ္မတတွေအဖြစ် ရွေးကောက်ပွဲ နိုင်ပြီးတဲ့အခါမှာတော့ သူမဟာ အခရာကျတဲ့ ရှေ့ဆောင်အစီအစဥ်တွေနဲ့ ဘိုင်ဒန်အစိုးရအဖွဲ့ရဲ့ အအောင်မြင်ဆုံးဆောင်ရွက်ချက်တွေကို အလေးထားလုပ်သူ ဖြစ်လာပါတယ်။ အဲဒါတွေထဲက တစ်ခုကတော့ ‘‘ မျိုးဆက်ပွားလွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခြင်း’’ ဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချမှုကို တားဖြစ်လို့ ဖြစ်လာနိုင်ခြေရှိတဲ့ ထိခိုက်မှုတွေကို ထောက်ပြတာ၊ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်အတွက် အခွင့်အရေးတွေ ပြန်လည် ဖော်ဆောင်ပေးဖို့ ကွန်ဂရက်စ် လွှတ်တော်ကို တိုက်တွန်းတာတွေဖြစ်ပါတယ်။

    အမေရိကန်ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုကြတဲ့ အရာတွေကို အောင်မြင်အောင် လုပ်ဖို့ ရုန်းကန်နေရချိန်မှာပဲ အခုတော့ သူမဟာ ထောက်ခံမှုအရင်းခံအသစ် တစ်ခုကို တွေ့ရှိသွားပြီဖြစ်ပါတယ်။

    အိန္ဒိယနွယ်တဲ့ အမေရိကန် ဒုတိယသမ္မတ ကမ်မလာ ဟဲရစ် ဘယ်သူလဲဆိုတာ ဘီဘီစီက ၂၀၂၀ ပြည့်နှစ်တုန်းက ဖော်ပြခဲ့တဲ့ ‘‘ပထမဆုံး လူမည်းနဲ့ အာရှနွယ်ဖွား အမျိုးသမီး ဒုသမ္မတ’’ ဆောင်းပါးမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

  6. ကမ်မလာ ဟဲရစ် အမေရိကန်သမ္မတ တာဝန်ယူဖူးလား

    ကမ်မလာ ဟဲရစ် အမေရိကန် သမ္မတ တာဝန် ယူဖူးလား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ကမ်မလာ ဟဲရစ်ဟာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် အတည်ပြုရွေးချယ်ခံရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် သူဟာ အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာမှာပါ။

    ဒါ‌ပေမဲ့ အဲဒီလိုနိုင်ခဲ့မယ်ဆိုရင်တောင် သူ့အတွက် သမ္မတတစ်ဦး လုပ်ပိုင်ခွင့် အာဏာကို ပထမဆုံး ရရှိ‌တော့ မဟုတ်ပါဘူး။

    ၂၀၂၁ ခုနှစ်တုန်းက သမ္မတဘိုင်ဒန်တစ်ယောက် ပုံမှန် စစ်ဆေးတဲ့ အစာအိမ်မှန်ပြောင်းနဲ့စစ်ဆေးမှုခံယူဖို့ မေ့ဆေးပေးခံရတဲ့အချိန်မှာ ဟဲရစ်ဟာ အမေရိကန်သမ္မတရာထူးကို ၈၅ မိနစ်အထိ တာဝန်ယူလိုက်ရတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ဖူးပါတယ်။

    အမေရိကန်သမ္မတအာဏာကို နာရီပိုင်းရယူလိုက်ချိန်အတွင်းမှာ ကမ်မလာ ဟာ အိမ်ဖြူတော်ရဲ့ အနောက်မှာရှိတဲ့ သူ့ရုံးခန်းအတွင်းကနေပဲ အလုပ်ဆက်လုပ်နေခဲ့တယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီအချိန်အတွင်းမှာပဲ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ဖွဲ့စည်းပုံနဲ့အညီ ကမ်မလာ အာဏာလွဲပြောင်းပေးထားတယ်လို့ ပြောခဲ့ပါတယ်။

    အမေရိကန်ဖွဲ့စည်းပုံရဲ့ ၂၅ ကြိမ်မြောက် ပြင်ဆင်ချက်အရ အမေရိကန်သမ္မတ တစ်ဦးဦးဟာ နုတ်ထွက်တာ ဒါမှမဟုတ် သေဆုံးခဲ့တာမျိုးဖြစ်လာခဲ့ရင် ဒုသမ္မတကို သမ္မတရာထူးလွဲပြောင်းပေးရမယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

  7. ''အိမ်ဖြူတော်အတွက် မပြိုင်နိုင်ဘူးဆိုရင် နိုင်ငံကိုလည်း စီမံနိုင်မှာ မဟုတ်ဘူး'' - ထရမ့်

    ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း ‌ဒေါ်နယ် ထရန့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရီပတ်ဘလီကန်ပါတီ သမ္မတ လောင်း ‌ဒေါ်နယ် ထရန့်

    သမ္မတဂျိုးဘိုင်ဒန်က လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် မယှဥ်ပြိုင်တော့ဘူးလို့ ကြေညာခဲ့ပြီး ၁၂ နာရီအကြာမှာပဲ ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း ‌ဒေါ်နယ် ထရန့် က သူ့ရဲ့ ထင်မြင်ချက်ကို “Truth” လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ရေးသားခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၃ နာရီအကြာက “အခု တိုင်းပြည်ကို ဘယ်သူ ဦးဆောင်မှာလဲ။ ဘိုင်ဒန် ဟာ ဘယ်နေရာမှာ နေရမယ်ဆိုတာကို သိပုံမရဘူး။ အိမ်ဖြူတော်အတွက် မပြိုင်နိုင်ဘူးဆိုရင် နိုင်ငံကိုလည်း စီမံနိုင်မှာ မဟုတ်ဘူး” ဆိုပြီးလည်း ထရန့်က ပြောခဲ့ပါတယ်။

    “ဘိုင်ဒန်ဟာ ကိုဗစ် မဖြစ်ပါဘူး။ သူဟာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုပဲ” လို့လည်း ထရန့်က ပြောပါတယ်။

    ထရန့် ဆက်ပြောတာက “ဒါက မပြီးဆုံးသေးပါဘူး။ မနက်ဖြန်မှာ ဘိုင်ဒန်ရဲ့ မရိုးဖြောင့်မှုတွေနဲ့ နိုးထကြရင် သူ ဒီကနေ့ ပြိုင်ပွဲက ထွက်သွားတာကို မေ့သွားကြလိမ့်မယ်”လို့လည်း ထရန့်က ရေးခဲ့ပါတယ်။

    အစောပိုင်းတုန်းကလုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲမှာ ရီပတ်ဘလီကန်ပါတီဟာ “လိမ်လည်မှုတွေကို လက်တုံ့ပြန်မယ်” ဆိုပြီး ထရန့်က ဘိုင်ဒန်ကို ထိုးနှက်ခဲ့ပါတယ်။

    ဒါ့အပြင် စကားစစ်ထိုးပွဲတွေကို ABC သတင်းဌာနမှာ လုပ်နေတာထက်စာရင် Fox News မီဒီယာ လုပ်တာ ပိုကောင်းကြောင်းလည်း ထရန့် က ပြောခဲ့ပါတယ်။

  8. ဟဲရစ်ကို ဘိုင်ဒန် ရွေးချယ်တာ ပထမဆုံးအကြိမ်တော့ မဟုတ်

    အမေရိကန်ပြည်ထောင်စု ဒုတိယ သမ္မတတံဆိပ်နဲ့အတူ မြင်တွေ့ရတဲ့ ကမ်မလာ ဟဲရစ်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    အမျိုးသမီးတစ်ဦး အထူးသဖြင့် လူဖြူမဟုတ်ဘဲ မတူကွဲပြားတဲ့နောက်ခံ သမိုင်းကြောင်းကနေ လာသူတစ်ဦးကို သမ္မတ ဘိုင်ဒန်က ထောက်ခံတာ အခုတစ်ကြိမ်က ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

    မစ္စတာ ဘိုင်ဒန်က သူသမ္မတအဖြစ်ဝင်ပြိုင်ရင် ကမ်မလာ ဟဲရစ်ကို ဒုတိယသမ္မတ အဖြစ် ဝင်ပြိုင်ဖို့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပထမဆုံး ရွေးချယ်ခဲ့တာပါ။

    အဲဒီကတည်းက ဂျိုးဘိုင်ဒန်တစ်ယောက် ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးသည်ဖြစ်စေ၊ ရွေးကောက်ပွဲ နောက်တကြိမ် ဝင်မပြိုင်တော့ရင်ဖြစ်စေ၊ သမ္မတ တာဝန်နှစ်ကြိမ် အပြည့် ထမ်းဆောင်သည်ဖြစ်စေ၊ ကမ်မလာဟာ ဒီမိုကရက်တစ်ပါတီ အရိုက်အရာ ဆက်ခံမယ့်သူတဦး ဖြစ်လာမယ့် အနေအထားမှာ ရှိသွားပြီလို့ ထင်ကြေးပေးခံခဲ့ရတာပါ။

    ဒါပေမဲ့ အဲဒီအချိန်တုန်းက ကမ်မလာကို မစ္စတာ ဘိုင်ဒန်က ဒုသမ္မတ လောင်းအဖြစ် ရွေးတဲ့အခါ သူ့အတွက် အထောက်အကူဖြစ်စေမယ့် သူလား၊ အကျိုးထက် အပြစ်စွက်မယ့် သူမျိုးလားဆိုတာကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

    အဲဒီတုန်းက ဘီဘီစီ သတင်းဖော်ပြချက်ကိုလည်း ဒီလင့်ခ် မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

  9. ဒီမိုကရက်တစ်ပါတီကို စောင့်ကြည့်နေကြ

    အမေရိကန်ပြည်ထောင်စုမှာတော့ ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့၊ ဒေသ စံတော်ချိန် မနက်ခင်း ၃ နာရီရှိပါပြီ။

    ဂျိုးဘိုင်ဒန်က လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သမ္မတ အဖြစ် မပါဝင်တော့ဘူးလို့ ကြေညာပြီး ဒုသမ္မတ ဟဲရစ်ကို သမ္မတ လောင်းအဖြစ် ထောက်ခံတယ်လို့ ပြောလိုက်တာလည်း ၁၂ နာရီနီးပါး ရှိလာပြီဖြစ်ပါတယ်။

    ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းတွေအဖြစ် တစ်ပြေးခဲ့ကြတဲ့ ဂယ်ဗင် နယူဆန်နဲ့ ပိ ဘုတဂျစ်တို့အပါအဝင် ဒီမိုကရက်တွေကလည်း ဟဲရစ်ကို ပြီးခဲ့တဲ့ နာရီပိုင်းတွေအတွင်းမှာပဲ ထောက်ခံကြောင်း ပြောထားကြပါတယ်။

    ဒါပေမဲ့ တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးတာကြောင့် ဒီအရေး ဒီမိုကရက်တစ်ပါတီဘက်က ဘာပြောမလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး နောက်ဆုံးရ အခြေအနေတွေ၊ တုံ့ပြန်ချက်တွေလည်း ဆက်ပြီး ပေါ်လာဦးမှာဖြစ်လို့ အခုတင်ဆက်ပေးနေတဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်တွေကို ဘီဘီစီ ဝိုင်းတော်သားတွေ မြန်မာစံတော်ချိန် ညနေ နှောင်းပိုင်းအထိ ဆက်ပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။

  10. နာမည်ကျော် အမေရိကန်အနုပညာရှင်တွေ ဟဲရစ်ကို ဝန်းရံ

    အဆိုတော် ကေတီ ပယ်ရီ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    သမ္မတဂျိုးဘိုင်ဒန် က လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ဒုသမ္မတ ကမ်မလာ ဟဲရစ်ကို ထောက်ခံခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ အမေရိကန်နိုင်ငံရဲ့ နာမည်ကျော်အနုပညာရှင်တွေကလည်း ကမ်မလာကို ဝန်းရံကြမယ် ဆိုပြီး သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးလာကြပါတယ်။

    • ရုပ်ရှင်သရုပ်ဆောင် အော်စကာဆုရှင် ဂျေမီ လီ ကားတစ်က ကမ်မလာ ဟဲရစ် ကို ထောက်ခံမှာပါလို့ ပြောပါတယ်။ ဟဲရစ် ကို “ယုံကြည်တယ်။ အရည်အချင်းရှိတယ်” “အမျိုးသမီးအခွင့်အရေးနဲ့ အသားအရောင်ခွဲခြားတိုက်ဖျက်ရေးတွေမှာ သူ့ရဲ့ သတင်းစကား က လူမျိုးစုံပေါင်းနေထိုင်တဲ့ အမေရိကန်ပြည်‌ထောင်စုရဲ့ စည်းလုံးညီညွတ်မှုကို ပိုထင်ဟပ်စေနိုင် လိမ့်မယ်” လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
    • နာမည်ကြီး အဆိုတော် ကိတ်တီ ပယ်ရီ ကလည်း “ဒါဟာ အမျိုးသမီးကမ္ဘာ။ အဲဒီကမ္ဘာမှာ ရှင်သန်ရတာ ကံကောင်းတယ်” ဆိုတဲ့စာသားကို သီချင်းသီဆိုခဲ့ပြီး သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဗီဒီယိုတင်ခဲ့ပါတယ်။
    • အမေရိကန် စာရေးဆရာ ဟာသသရုပ်ဆောင်နဲ့ အစီအစဥ်တင်ဆက်သူ ဂျွန် စတီဝတ်ဒ်က သမ္မတ ဂျိုးဘိုင်ဒန်လာမယ့်သမ္မတရွေးကောက်ပွဲကနေ နုတ်ထွက်ကြောင်းဆုံးဖြတ်ချက်ချခဲ့တာဟာ “ဂန္တဝင်”တွင်စေတဲ့လုပ်ရပ်ဆိုပြီးလည်း သူ့ရဲ့ အိတ်စ်(အရင်က တွစ်တာ)ပေါ်ကနေ ‌ဝေမျှခဲ့ပါတယ်။
    • မစ္စတာ ဘိုင်ဒန် ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တဲ့အထဲမှာ အော်စကာဆုရှင် ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် ဘာဘရာ စတိုင်းဆန်း လည်း ပါဝင်ပါတယ်။
    • “သမ္မတ ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ သမ္မတ ၄ နှစ်အတွင်း ဂုဏ်ယူစရာ လုပ်ဆောင်ချက်တွေကို အောင်အောင်မြင်မြင် လုပ်ခဲ့သူအဖြစ် သမိုင်းမှာ အမှတ်ရနေမှာပါ။ ကျွန်မတို့ဟာ ဒီမိုကရေစီခိုင်မာရေး သူ့ကြိုးပမ်းမှုကို ကျေးဇူးသိရမယ်” လို့ သူက သူ့ရဲ့ အိတ်စ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးပါတယ်။
    ၂၀၁၅ ခုနှစ်က အမေရိကန်ရဲ့အမြင့်ဆုံး လူမှုထူးချွန်ဘွဲ့တံဆိပ် ကို လက်ခံယူနေတဲ့ အော်စကာဆုရှင် ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် ဘာဘရာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၅ ခုနှစ်က အမေရိကန်ရဲ့အမြင့်ဆုံး လူမှုထူးချွန်ဘွဲ့တံဆိပ်ကို လက်ခံယူနေတဲ့ အော်စကာဆုရှင် ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် ဘာဘရာ စတိုင်းဆန်း
  11. “ထရန့် သမ္မတဖြစ်လာရင်တောင် စိုးရိမ်စရာမရှိဘူး။ Burma Act က ဥပဒေဖြစ်နေပြီ” - ဦးဂျိမ်းရွှေ

    အမေရိကန် သမ္မတ ဘိုင်ဒန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန် သမ္မတ ဘိုင်ဒန်

    အမေရိကန်ပြည်ထောင်စုမှာ လာမယ့် နိုဝင်ဘာလမှာကျင်းပဖို့ရှိတဲ့ သမ္မတရွေး ကောက်ပွဲမှာ ဂျိုးဘိုင်ဒန် နေရာမှာ အစားထိုး ယှဥ်ပြိုင်မယ့်သူက ဒေါ်နယ်ထရမ့်ကို နိုင်နိုင်ပါ့မလားဆိုတာ စဥ်းစားစရာဖြစ်နေတယ်လို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားတဲ့ အမေရိကန်ရောက်မြန်မာတွေက မေးခွန်းထုတ်နေကြပါတယ်။

    ဒါပေမဲ့လည်း ရီပတ်ပလီကန်ပါတီရဲ့ ကိုယ်စားလှယ် ဒေါ်နယ်ထရန့် သမ္မတဖြစ်လာရင်တောင်မှ အမေရိကန်က မြန်မာအပေါ် ကူညီနေတာတွေ သက်ရောက်မှု သိပ်ရှိမှာ မဟုတ်ဘူးလို့လည်း သုံးသပ်ကြပါတယ်။

    “ရှေးရိုးစွဲ ရီပတ်ဘလီကန် အမတ်တွေတောင် Burma Act ကို ထောက်ခံထားတယ်” လို့ ဆိုပြီး လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ (LA2M)ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက ပြောပါတယ်။

    LA2M အဖွဲ့ဟာ အမေရိကန်ရဲ့ နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ်ဥပဒေ(NDAA) ထဲမှာ မြန်မာကို အကူအညီပေးဖို့ ပြဌာန်းထားတဲ့ Burma Act ဥပဒေ တစိတ်တပိုင်းပါဝင်ဖို့ ကြိုးပမ်းခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    “ဝါရင့် ရီပတ်ဘလီကန်အမတ်က ဟိုနေ့ကပဲ ဘာကြောင့် စစ်ကောင်စီ MOGE တို့လို အဖွဲ့တွေကို အရေးယူပိတ်ဆိုတာတွေ မလုပ်သေးတာလဲဆိုပြီး အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကိုမေးခွန်း ထုတ်နေသေးတယ်။ နောက်ပြီး ဘားမားအက်(Burma Act)က သမ္မတဘိုင်ဒန် လက်မှတ်ထိုး အတည်ပြုထားပြီးသား ဥပဒေဖြစ်နေပြီ။ ဆက်လုပ်ဖို့ပဲလိုတာ”လို့ ဦးဂျိမ်းရွှေက ဘီဘီစီကို ပြောပါတယ်။

    “ဂျိုး ဘိုင်ဒန်ထွက်သွားလို့ စိတ်မကောင်းဖြစ်တဲ့သူတော့သိပ်မတွေ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘိုင်ဒန်ကလည်း အိုနေပြီလေ။ လူတွေကလည်း ထင်ကြေးပေးထားကြတယ်လေ။ ဂျိုး ဘိုင်ဒန် ဟာ နောက်ဆုံးအချိန်ကျရင်တော့ တခြားလူနဲ့ အစားထိုးမယ်ဆိုပြီး။ ဒါ သူတို့ရဲ့ မဟာဗျူဟာလို့ ထင်တယ်” လို့လည်း ဦးဂျိမ်းရွှေက ပြောပါတယ်။

    လက်ရှိသမ္မတ ဘိုင်ဒန်က နောက်လာမယ့်သမ္မတရွေးကောက်ပွဲ မဝင်တော့ဖို့ ဆုံးဖြတ်ပြီး အဲဒီအစား ဒုသမ္မတ ဟဲရစ်ကို ထောက်ခံလိုက်တယ်လို့ ‌‌ကြေညာလိုက်တာပါ။

    ဒါပေမဲ့လည်း သမ္မတလောင်းအနေနဲ့ ဘယ်သူ့ကို တရားဝင်စာရင်းတင်သွင်းမလဲဆိုတာက ဒီမိုကရက်တစ်ပါတီရဲ့ ညီလာခံကနေ ဆုံးဖြတ်ပြီး ရွေးကောက်တင်မြှောက်ကြအုံးမှာဖြစ်ပါတယ်။

  12. ‘‘ကဲ အခုတော့ ကျွန်တော်တို့ ပြန်စ ရတော့မယ်’’ - ထရမ့်

    နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် နိုင်ငံရေးပြိုင်ဘက်တွေအဖြစ် မစ္စတာ ထရမ့်နဲ့ မစ္စတာ ဘိုင်ဒန်တို့ ရုပ်သံ စကားစစ်ထိုးခဲ့ကြ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် နိုင်ငံရေးပြိုင်ဘက်တွေအဖြစ် မစ္စတာ ထရမ့်နဲ့ မစ္စတာ ဘိုင်ဒန်တို့ ရုပ်သံ စကားစစ်ထိုးခဲ့ကြ

    နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန် ပါတီရဲ့ သမ္မတလောင်းလည်းဖြစ်၊ သမ္မတဟောင်းလည်းဖြစ်တဲ့ မစ္စတာ ထရမ့်က ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဘိုင်ဒန် ဘေးဖယ် လိုက်တာနဲ့ပတ်သက်ပြီး သူပိုင်တဲ့လူမှုကွန်ရက် Truth Social မှာ ပြောလာပါတယ်။

    ‘‘အခုတော့ ကျွန်တော်တို့ဟာ မရိုးဖြောင့်တဲ့ဂျိုးဘိုင်ဒန်ကို ရင်ဆိုင်ဖို့ ငွေတွေနဲ့ အချိန်တွေ သုံးခဲ့ရတာ။ စကားစစ်ထိုးပွဲမှာ မရှုမလှဖြစ်ပြီးတဲ့နောက် အမြင်သဘောထား စစ်တမ်းတွေမှာလည်း အခြေအနေ မကောင်းတော့ (သမ္မတရွေးကောက်ပွဲ) ပြိုင်ပွဲကနေ သူ နုတ်ထွက်သွားပြီ။ အခုတော့ ကျွန်တော်တို့ အကုန် အစကနေ ပြန်လုပ်ရတော့မယ်’’ လို့ သူက မကြာသေးခင်တုန်းကပဲ ရေးတင်ပါတယ်။

    ‘‘ပွဲက မပြီးသေးပါဘူး’’ လို့ သူက ထပ်လောင်းပြောပြီး ဘိုင်ဒန်တစ်ယောက် ‘‘နောက်နေ့ မနက် အိပ်ယာကနိုး လာတဲ့အခါ ပြိုင်ပွဲကနေ သူထွက်သွားရတယ်ဆိုတာမျိုးနဲ့ နိုးထ လာနိုင်ခြေရှိတယ်’’ လို့လည်း သူက ပြောပါတယ်။ ဘိုင်ဒန်ဟာ လက်ရှိမှာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပါတယ်။

    အသက် ၇၁ နှစ်အရွယ် ဘိုင်ဒန်ကတော့ ဘိုင်ဒန်နေရာမှာ အစားထိုးမယ့် ကမ်မလာဟဲရစ် အကြောင်း နာမည်ဖော် ရေးသားတာမျိုး လောလောဆယ်တော့ မရှိသေးပါဘူး။

  13. ကျွန်မတို့ နိုင်ကို နိုင်ရမယ် - ဟဲရစ်

    နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း အဖြစ်အဆိုပြုဖို့ သမ္မတဘိုင်ဒန်ရဲ့ ထောက်ခံချက်ကို ရရှိခဲ့တဲ့ ဒုသမ္မတဖြစ်သူ ကမ်မလာ ဟဲရစ်ရဲ့ ပြောစကားတချို့ကို ကြားလာရပြီဖြစ်ပါတယ်။

    ‘‘ဒီမိုကရက်ပါတီ စည်းလုံးရေးအတွက် ကျွန်မ စွမ်းသလောက်အားလုံးကို လုပ်ဆောင်သွားပါမယ်။ ... ပြီးတော့ ကျွန်မတို့ နိုင်ငံ စည်းလုံးရေး၊ နောက် ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ၂၀၂၅ စီမံကိန်းအစီအစဥ်ကို အနိုင်ရရေး လုပ်ဆောင်ပါမယ်’’ လို့ သူက ရေးပါတယ်။

    ‘‘ရွေးကောက်ပွဲမတိုင်ခင် ၁၀၇ ရက် ကျွန်မတို့မှာ အချိန်ရှိပါတယ်။ ကျွန်မတို့ အတူတကွ ရင်ဆိုင်ကြမယ်။ အတူတကွ အနိုင်ယူကြမယ်’’

  14. ဘိုင်ဒန်ရဲ့ လက်ကျန်သမ္မတသက်တမ်းကို ဆက်ပံ့ပိုးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန် ပြော

    အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန် နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန် နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်

    လွန်ခဲ့တဲ့ ၂၂ နှစ်ထဲက သမ္မတဘိုင်ဒန်နဲ့ အတူလက်တွဲအလုပ် လုပ်ကိုင်ရတာဟာ ဂုဏ်ယူစရာကောင်းလှပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် သူရဲ့ အိတ်စ်(အရင်က တွစ်တာ) လူမှုကွန်ရက်စာမျက်နှာ မှာရေးတင်ပါတယ်။

    “ဒီလက်ကျန်သက်တမ်းလေးက ကျွန်တော့်ဘဝအတွက် ဂုဏ်ယူရမယ့် အခိုက်အတန့်ပါပဲ” လို့ ဘလင်ကန်က ပြောပါတယ်။

    “မစ္စတာ ဘိုင်ဒန်ဟာ သမ္မတတာဝန်ထမ်းရင်း အမေရိကန်ရဲ့ ဦးဆောင်မှုကို တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြန့်ကြက်နိုင်အောင်အထိ သမိုင်းဝင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့တယ်” လို့လည်း မစ္စတာ ဘလင်ကန်က ချီးမွမ်း ရေးခဲ့ပါတယ်။

    “ကျန်နေသေးတဲ့ ၆ လကြာ သူ့ရဲ့သမ္မတတာဝန်သက်တမ်းကို အကောင်းဆုံးဖြစ်အောင် ကူညီပေးသွားမှာပါလို့” လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

  15. သမ္မတရွေးကောက်ပွဲမှာ ဘိုင်ဒန် ဘေးဖယ်လိုက်တဲ့ အကြောင်းရင်း ၆ ချက်

    အိမ်ဖြူတော်မှာ မြင်တွေ့ရတဲ့မစ္စတာ ဘိုင်ဒန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အိမ်ဖြူတော်မှာ မြင်တွေ့ရတဲ့မစ္စတာ ဘိုင်ဒန်

    ဂျိုးဘိုင်ဒန် တစ်ယောက် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် ပါဝင်ရွေးကောက်ယှဥ် ပြိုင်တဲ့မဲဆွယ်မှုကို အဆုံးသတ်မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာတော့ ကမ္ဘာ တဝန်းမှာပါ တုံ့ပြန်မှုတွေ ရှိလာနေပါတယ်။

    ဆိုတော့ အောက်က အချက်တွေက ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း ဖြစ်ခဲ့တဲ့အကြောင်းအရာတွေဖြစ်ပါတယ်။

    • နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် ဒုတိယသမ္မတ ကမ်မလာ ဟဲရစ်ကို ထောက်ခံတယ်လို့ ဘိုင်ဒန်က ပြောလာပါတယ်။ ဟဲရစ်ရဲ့‘‘အတ္တကင်းပြီး နိုင်ငံချစ်စိတ်ရှိတဲ့လုပ်ရပ်’’ ကြောင့် အခုလိုဆုံးဖြတ်တာလို့လည်း ပြောပါတယ်။
    • ‘‘နိုင်ငံနဲ့ ပါတီအကျိုးစီးပွားအတွက်’’ အခုလို ဆုံးဖြတ်တာဖြစ်တယ်လို့ ဘိုင်ဒန်ကပြောပြီး အခုသီတင်းပတ် နှောင်းပိုင်းမှာ နိုင်ငံကို မိန့်ခွန်းပြောတဲ့အခါ အသေးစိတ်ရှင်းပြမယ်လို့လည်း ကတိပေးပါတယ်။
    • သမ္မတဟာ ဇွန်လနှောင်းပိုင်းတုန်းက သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက် ဒေါ်နယ် ထရမ့်နဲ့အတူ စကားရည်လုတုန်းက စွမ်းဆောင်မှုအပေါ် ဒီမိုကရက်ပါတီဝင်တွေရဲ့ မေးခွန်းထုတ်ခံသလို ဖိအားတွေလည်း ရင်ဆိုင်နေရတာပါ။ ထရမ့်ကဆိုရင် ဘိုင်ဒန်ဟာ ‘‘တာဝန်ထမ်းဖို့ မကြံ့ခိုင်ဘူး’’ လို့ပြောပါတယ်။
    • အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမား ကတော့ မစ္စတာ ဘိုင်ဒန်ကို ‘‘နိုင်ငံချစ်စိတ် အမြင့်ဆုံးရှိသူ’’ လို့ ရည်ညွှန်းပါတယ်။ မစ္စတာ ဘိုင်ဒန်ဟာ အိုဘားမားလက်ထက်မှာ ဒုတိယသမ္မတ တာဝန်ထမ်းခဲ့သူပါ။ အိုဘားမားဟာ မစ္စတာ ဘိုင်ဒန်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ရှိတယ်လို့ဆိုတဲ့ ထိပ်တန်း ဒီမိုကရက်တွေထဲမှာ ပါဝင်တယ်လို့ သတင်းတွေ ဖော်ပြပါတယ်။
    • ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီက လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ မိုက် ဂျွန်ဆင်ကဆိုရင် ဘိုင်ဒန် နုတ်ထွက် သင့်တဲ့သဘောမျိုး ပြောထားပါတယ်။
    • ဘိုင်ဒန်ဟာ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာ အပါအဝင် အနောက်နိုင်ငံတွေနဲ့ တခြားနိုင်ငံရေး မဟာမိတ်တွေဆီကနေ ချီးကျူးစကားတွေ ရရှိထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာအပါကတော့ ဘိုင်ဒန်ဟာ ‘‘အမေရိကန်ပြည်သူတွေရဲ့အကောင်းဆုံးအကျိုးစီးပွားအတွက်’’ ခက်ခက်ခဲခဲဆုံးဖြတ်ချက် ချခဲ့တာလို့ မှတ်ချက်ပေးပါတယ်။
  16. သမ္မတဘိုင်ဒန် ရွေးကောက်ပွဲမဝင်တော့ဘူးလို့ ကြေညာရတဲ့အထိ ဘာတွေဖြစ်ခဲ့လဲ

    သမ္မတ ဘိုင်ဒန်နဲ့ ဒုသမ္မတ ဟဲရစ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သမ္မတ ဘိုင်ဒန်နဲ့ ဒုသမ္မတ ဟဲရစ်

    အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူဟာ "ပါတီနဲ့ နိုင်ငံ အကျိုးစီးပွား အတွက်" နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

    အိမ်ဖြူတော် သမ္မတ ရာထူး အတွက် မဲပေးရွေးချယ်မှု မတိုင်ခင် ၄ လ အလိုမှာ ကြေညာလိုက်တာ လည်း ဖြစ်ပါတယ်။

    ဇွန်လကုန်တုန်းက လုပ်ခဲ့တဲ့ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ် ထရမ့် နဲ့ စကားစစ်ထိုးပွဲက သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဒီမိုကရက်တစ်ပါတီဝင်တွေ အကြား ပြင်းထန်တဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။

    ဆိုတော့ သမ္မတဘိုင်ဒန် ရွေးကောက်ပွဲမဝင်တော့ဘူးလို့ ကြေညာရတဲ့အထိ ဘာတွေဖြစ်ခဲ့လဲ။ အပြည့်အစုံကို

  17. မင်္ဂလာပါ။

    အမေရိကန်ပြည်ထောင်စုမှာတော့ အသက် ၈၁ နှစ်အရွယ် သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအနေနဲ့ သူ ဝင်မပြိုင်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။

    အဲဒီအစား လက်ရှိသူနဲ့အတူ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကမ်မလာ ဟဲရစ်ကို သမ္မတလောင်းအဖြစ် ထောက်ခံကြဖို့ ပါတီကို တိုက်တွန်း လိုက်ပါတယ်။

    ဒီကြေညာချက်နဲ့ပတ်သက်တဲ့နောက်ဆုံးရ အခြေအနေတွေ၊ ဒီမိုကရက်တွေရဲ့တုံ့ပြန်ချက်၊ သမ္မတကတော်ရဲ့ ပြောဆိုချက်၊ အာရှက စတော့ စျေးကွက် အခြေအနေ ... စတာတွေကို အခုစာမျက်နှာမှာ တိုက်ရိုက် စုစည်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။