အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးထောက်ပံ့မှု ဆိုင်းငံ့ခြင်း - မြန်မာအရပ်ဖက်အဖွဲ့တချို့ စတင်အခက်ကြုံ

အမေရိကန်အစိုးရ က သူ့ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ အသုံးစရိတ်တွေကို ပြန်သုံးသပ်ဖို့အတွက် ထောက်ပံ့ငွေပေးတာကို ရက် (၉၀) ဆိုင်းငံ့လိုက်တာကြောင့် မြန်မာ့အရပ်ဖက်အဖွဲ့တချို့အခက်ကြုံ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကိုဆက်ကူညီမယ့်သတင်းအပါအဝင် ဇန်နဝါရီ ၂၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရန်ကုန်မြို့က ဒေါပုံ၊ သင်္ဃန်းကျွန်း၊ လှိုင်စတဲ့ မြို့နယ်တချို့မှာ အမျိုးသမီးစစ်မှုထမ်းအတွက် စစ်ကောင်စီရဲ့ ရပ်ကျေးတာဝန်ရှိသူတွေက စာရင်းစိစစ်တာတွေလုပ်ဆောင်လာ
  • တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ ကို ဒီကနေ့ ဇန်နဝါရီ ၂၇ ရက် က စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အနည်းဆုံး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
  • ကချင်ပြည်နယ်က ဗန်းမော်လေဆိပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်
  • အမေရိကန်အစိုးရ က သူ့ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ အသုံးစရိတ်တွေကို ပြန်သုံးသပ်ဖို့အတွက် ထောက်ပံ့ငွေပေးတာကို ရက် (၉၀) ဆိုင်းငံ့လိုက်တာ ကြောင့် မြန်မာအရပ်ဖက်အဖွဲ့ တချို့ လုပ်ငန်းလည်ပတ်ရေး စတင်အခက်အခဲကြုံ
  • တရုတ်၊ မြန်မာ၊ လာအို နဲ့ ထိုင်း စတဲ့ လေးနိုင်ငံပူးပေါင်းပြီး မဲခေါင်မြစ်ကြောင်း တလျှောက်ကင်းလှည့်ဆောင်ရွက်ဖို့ရှိ
  • ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အစားအစာနဲ့ အာဟာရပြည့်မီရေး အထောက်အပံ့ပစ္စည်းတွေကို ထရမ့်အစိုးရက ဆက်ကူညီပေးမယ်
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ရွာကို မနေ့ ဇန်နဝါရီ ၂၆ ရက်မနက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့နယ်/ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (ပကဖ) နဲ့ ဒေသခံ အရပ်သား နှစ်ဒါဇင်နီးပါးသေဆုံးခဲ့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘီဘီစီမြန်မာပိုင်းရဲ့ ဇန်နဝါရီ ၂၇ ရက် သတင်းများတိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကိုဖတ်ရှု‌ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။

  2. ရန်ကုန်ကမြို့နယ်တချို့မှာ အမျိုးသမီးစစ်မှုထမ်းအတွက် စာရင်းစိစစ်လာ

    ၂၀၂၄ တပ်မတော်နေ့အခမ်းအနားမှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တွေ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ၂၀၂၄ တပ်မတော်နေ့အခမ်းအနားမှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တွေ

    ရန်ကုန်မြို့က ဒေါပုံ၊ သင်္ဃန်းကျွန်း၊ လှိုင်စတဲ့ မြို့နယ်တချို့မှာ အမျိုးသမီးစစ်မှုထမ်းအတွက် စစ်ကောင်စီရဲ့ ရပ်ကျေးတာဝန်ရှိသူတွေက စာရင်းစိစစ်တာတွေလုပ်ဆောင်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    စာရင်းအတည်ပြုတဲ့ကာလလို့ဆိုကာ အမျိုးသမီးတွေနေရပ်မှာရှိ၊ မရှိစစ်ဆေးတာတွေလုပ်နေတာလို့ ပြောကြပါတယ်။

    “ရပ်ကွက်ရုံးမှာ စာရင်းကပ်တဲ့သဘောဗျ။ အိမ်ထောင်သည်လည်းစာရင်းထဲပါနေလို့ စစ်မှုထမ်းဆင့်ခေါ်ရေး ရုံးကို သွားစာတင်ပေမဲ့ စာတင်ချင်တင်ဘာပဲဖြစ်ဖြစ်ခေါ်မှာပဲလို့ အပြောခံလိုက်ရတယ်” လို့ အိမ်ထောင်ရှိ အမျိုးသမီးတဦး စစ်မှုထမ်းစာရင်းထဲပါတဲ့အခြေအနေအကြောင်း သိရှိသူတစ်ဦးက ပြောပါတယ်။

    စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပြီး အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ သားသမီးရှိတဲ့ တကိုယ်တော်မိခင်တွေကို ကင်းလွတ်ခွင့် ပြုတယ်လို့ ဥပဒေအရသတ်မှတ်ထားတာပါ။

    အမျိုးသမီးစစ်မှုထမ်းတွေအတွက် ဒီဇင်ဘာလကစလို့သင်တန်းကျောင်းတွေစတင်ပြင်ဆင်နေတဲ့အကြောင်း CDM တပ်အသိုင်းအဝိုင်းကနေသိရှိထားရပြီး အမျိုးသမီးစစ်သင်တန်းကျောင်းတွေမှာ ခေါ်ယူနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။

    ပြီးခဲ့တဲ့ဒီဇင်ဘာလလယ်မှာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ ဗိုလ်သင်တန်းကျောင်းကနေ အမှတ်စဉ် (၁၁) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းပြီးထားပြီး သင်တန်းဆင်းပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ တက်ရောက်ခဲ့တာပါ။

  3. TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ ကို စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲ

    ဇန်နဝါရီ ၂၇ ရက်ကျောက်မဲမြို့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု

    ဓာတ်ပုံ ရင်းမြစ်, TNLA

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၂၇ ရက်ကျောက်မဲမြို့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု

    တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ ကို ဒီကနေ့ ဇန်နဝါရီ ၂၇ ရက် က စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အနည်းဆုံး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။

    ကျောက်မဲမြို့ ညစျေးနဲ့ခရိုင်ရုံး အနီးအပါအဝင်မြို့တော်ခန်းမ အနီးတဝိုက်ကို ဗုံးကြဲသွားတာလို့ ဆိုပါတယ်။

    ဘီဘီစီကိုပေးပို့လာတဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ထိခိုက်သူတွေကို ကယ်ဆယ်ရေးလုပ်နေတဲ့ ဗီဒီယိုဖိုင်ထဲမှာ အနည်းဆုံး လူ ၂ ဦးကို ဗုံးဒဏ်ထိအဆောက်အဦထဲကနေ ဆွဲထုတ်နေကြတာကိုတွေ့ရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း ကျောက်မဲဆေးရုံကို မြန်မာစစ်တပ်က လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ဆရာမအပါအဝင် ၃ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာ ရခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲခဲ့လို့ လူ ၁၀ ဦးထက်မနည်း သေဆုံးထားပါတယ်။

    ကျောက်မဲမြို့မှာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင်တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကတည်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။

    စစ်ကောင်စီကတော့ ကျောက်မဲမြို့လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  4. ဗန်းမော်လေဆိပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေထိန်းချုပ်

    ဗန်းမော်လေဆိပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေထိန်းချုပ်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ကချင်ပြည်နယ်က ဗန်းမော်လေဆိပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးအခြေအနေသိရှိသူတချို့က ‌ပြောပါတယ်။

    မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ကတည်းက KIA ပူးပေါင်းတပ်တွေ ဗန်းမော်လေယာဉ်ကွင်းထဲဝင်ရောက်နိုင်တာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေဆက်တိုက်ဝဲပျံနေတယ်လို့ မြေပြင်အခြေအနေသိရှိသူ စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။

    “ထိန်းထားတယ်ပဲ ပြောလို့ရမယ်။ အခုထိ ဒရုန်းရော လေယာဉ်ရောနဲ့ တိုက်ပွဲအရမ်းပြင်းထန်နေတယ်” လို့ စစ်ရေးအရင်းအမြစ်တဦးက ပြောပါတယ်။

    KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကတော့ လေဆိပ်ကို လေယာဉ်အတက်အဆင်းလုပ်လို့မရတဲ့ အခြေအနေလို့ တုံ့ပြန်ပြီး အလုံးစုံမသိမ်းနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

    “ကျွန်တော်တို့ရှေ့တန်းသမားတွေဝင်တော့ဝင်စီးနေပြီထင်တယ်။ ဒါမဲ့ အပြီးသတ်သိမ်းနိုင်တဲ့ အနေအထား တော့ လိုဦးမယ်” လို့ ဗိုလ်မှူးကြီး နော်ဘူ က ဆိုပါတယ်။

    ဒါဟာ အာဏာသိမ်းလေးနှစ်တာအတွင်း တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်တဲ့လေးခုမြောက် လေဆိပ်ဖြစ်လာပြီး သံတွဲလေဆိပ်နဲ့ အမ်းလေဆိပ် ကို အာရက္ခတပ်တော် (အေအေ)နဲ့ လားရှိုးလေဆိပ် ကို ကိုးကန့်တပ်တို့က မနှစ်က သိမ်းပိုက်ခဲ့ပါတယ်။

    ဇန်နဝါရီ ၂၃ ရက်ကစလို့ ဗန်းမော်မြို့ပေါ်မှာ အရပ်သားတွေမနေထိုင်ကြဖို့အတွက် KIA က သတိပေးပြီး နောက်ပိုင်း ဒေသခံအကုန်လုံးနီးပါး နေရပ်စွန့်ခွာလာကြပြီလို့လည်း ကူညီကယ်ဆယ်ပေးသူတွေဆီက သိရပါတယ်။

  5. အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးထောက်ပံ့မှု ဆိုင်းငံ့ခြင်းကြောင့် မြန်မာအရပ်ဖက်အဖွဲ့တချို့ စတင်အခက်ကြုံ

    ၂၀၂၂ ခုနှစ်တုန်း ထိုင်း - မြန်မာနယ်စပ်ကို စစ်ပြေးရှောင်လာတဲ့ မြန်မာစစ်ရှောင်တွေ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်တုန်း ထိုင်း - မြန်မာနယ်စပ်ကို စစ်ပြေးရှောင်လာတဲ့ မြန်မာစစ်ရှောင်တွေ

    အမေရိကန်အစိုးရ က သူ့ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ အသုံးစရိတ်တွေကို ပြန်သုံးသပ်ဖို့အတွက် ထောက်ပံ့ငွေပေးတာကို ရက် (၉၀) ဆိုင်းငံ့လိုက်တာ ကြောင့် ထိုင်း - မြန်မာနယ်စပ်က ဒုက္ခသည်ကူညီရေး အဖွဲ့အစည်းတွေအပြင် ပြည်တွင်းက အရပ်ဖက်အဖွဲ့ တချို့ပါ လုပ်ငန်းလည်ပတ်ရေး စတင်အခက်အခဲကြုံနေရပြီလို့ ဦးဆောင်သူ တချို့က ဘီဘီစီကို ပြောပါတယ်။

    “၂၅ ရက်နေ့ကစာလက်ခံရရှိပါတယ်။ ထောက်ပံ့ငွေကို ၂၄ ရက်နေ့အထိပဲပေးတော့တာပါ၊ ၈၅ ရက် ဆိုင်းငံ့ထားမယ်လို့တော့ အကြောင်းကြားစာမှာ ပါပါတယ်” လို့ မဲဆောက်မြို့အခြေစိုက် အရပ်ဖက်အဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

    ဒါကြောင့် နိုင်ငံရေးအရ ခိုလှုံရသူတွေကို အရေးပေါ်ပြောင်း‌ရွှေ့နေထိုင်ဖို့အတွက်စီစဉ်ပေးရတဲ့ သူတို့ရဲ့ လုပ်ငန်း တွေမှာ အခက်အခဲတွေရှိလာတယ်လို့ သူက ဆက်ပြောပါတယ်။

    ထိုင်း - မြန်မာနယ်စပ် တ့ာခ်ခရိုင်၊ ဖုတ်ဖရမြို့ က အုန်းပြန်ဒုက္ခသည်စခန်း မှာရှိတဲ့ ဒုက္ခသည်တွေအတွက်ဖွင့်လှစ်ထားတဲ့ ဆေးရုံမှာလည်း ရန်ပုံငွေ တချို့ရပ်ဆိုင်းသွားလို့ ဝန်ထမ်း လျှော့ချလိုက်ရတယ်လို့ ဆေးရုံနဲ့ နီးစပ်သူတချို့ဆီက သိရပါတယ်။

    ဝန်ထမ်းမလုံလောက်တာကြောင့် လူနာတချို့ပြန်လွှတ်ရတဲ့အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

    အမေရိကန်ရဲ့ထောက်ပံ့ရေးဆိုင်းငံ့မှုကြောင့် သက်ရောက်လာနိုင်တဲ့အခြေအနေအပါအဝင် ဘယ်လိုဆက်လက်ဆောင်ရွက်ဖို့ ရှိနေလဲဆိုတာနဲ့ပတ်သက်လို့ အမေရိကန်သံရုံး (ရန်ကုန်) ကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့ အခါမှာ ဝါရှင်တန်ရဲ့ ညွှန်ကြားချက်နဲ့ ပြန်လည်ဖြေကြားပါမယ်" လို့ အကြောင်းပြန်လာပါတယ်။

    သမ္မတထရမ့်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး စီမံကိန်းတွေကို ပြန်လည်သုံးသပ်တဲ့စီမံကိန်းတွေမှာ အစ္စရေးနဲ့ အီဂျစ် ကို ထောက်ပံ့တာတွေမပါဝင်သလို ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကိုလည်း ပုံမှန်အတိုင်းစားနပ်ရိက္ခာဆက်လက်ပံ့ပိုးပေးမယ် လို့ သိရပါတယ်။

  6. တရုတ်၊မြန်မာအပါအဝင် လေးနိုင်ငံ ပေါင်းပြီး မဲခေါင်မြစ်တကြော ကင်းလှည့်မယ်

    လေးနိုင်ငံတပ်တွေပူး‌ပေါင်းပြီး မဲခေါင်မြစ်တကြော ရေကြောင်းကင်းလှည့်မယ်

    ဓာတ်ပုံ ရင်းမြစ်, လေးနိုင်ငံတပ်တွေပူး‌ပေါင်းပြီး မဲခေါင်မြစ်တကြော ရေကြောင်းကင်းလှည့်မယ်

    ဓာတ်ပုံ ပုံစာ, ပုံဟောင်း

    တရုတ်၊ မြန်မာ၊ လာအို နဲ့ ထိုင်း စတဲ့ လေးနိုင်ငံပူးပေါင်းပြီး မဲခေါင်မြစ်ကြောင်း တလျှောက်ကင်းလှည့်ဆောင်ရွက်ဖို့ရှိနေပါတယ်။

    ရေလမ်းကြောင်းဖြတ်သန်းပြီးဖြစ်စေ နယ်စပ်တွေကဖြစ်စေ တရားမဝင်ဖြတ်ကျော်တာ၊ မှောင်ခိုကုန်ကူးတာနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေကို တိုက်ဖျက်ဖို့အတွက်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်တုန်းက လေးနိုင်ငံအကြီးအကဲတွေတွေ့ဆုံချိန်မှာ ဒီအကြောင်းထည့်သွင်းဆွေးနွေး ခဲ့တာဖြစ်ပြီး နယ်စပ်လုံခြုံရေးနဲ့ပတ်သက်လို့နောက်ဆုံးရသတင်းအချက်အလက်တွေကိုလည်း အပြန်အလှန် ပေးပို့ဖလှယ်သွားမယ်လို့ ဆိုပါတယ်။

    ဒါဟာ ၁၄၉ ကြိမ်မြောက်ပူးတွဲကင်းလှည့်မယ့်အကြောင်းဆွေးနွေးခဲ့တာဖြစ်ပြီး ကင်းလှည့်မယ့်ရက်အတိအကျကို ထုတ်ဖော်ပြောတာမရှိသေးပါဘူး။

    ၁၄၈ ကြိမ်မြောက် ပူးတွဲ ကင်းလှည့်တာကို ၂၀၂၄ ဒီဇင်ဘာလတုန်းက ရွှေတြိဂံဒေသတဝိုက်မှာ ဆောင်ရွက်ခဲ့တာပါ။ အဲဒီတုန်းက လူအယောက် နှစ်ရာလိုက်ပါလာတဲ့ စစ်သင်္ဘော (၉) စီးအသုံးပြုကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကနေစတင်ပြီး လာအိုနိုင်ငံအထိ မဲခေါင်မြစ်တလျှောက် သုံးရက်ကြာ ကင်းလှည့်ခဲ့တာ ဖြစ်ပါတယ်။

  7. ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ထရမ့်အစိုးရက ဆက်ကူညီမယ်

    ပထမအကြိမ်သမ္မတသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်တုန်းက ကုလသမဂ္ဂစင်မြင့်မှာ ထရမ့်က ရိုဟင်ဂျာအကြောင်း ထည့်သွင်းပြောကြားခဲ့စဉ်

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ပထမအကြိမ်သမ္မတသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်တုန်းက ကုလသမဂ္ဂစင်မြင့်မှာ ထရမ့်က ရိုဟင်ဂျာအကြောင်း ထည့်သွင်းပြောကြားခဲ့စဉ်

    ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အစားအစာနဲ့ အာဟာရပြည့်မီရေး အထောက်အပံ့ပစ္စည်းတွေကို ထရမ့်အစိုးရက ဆက်ကူညီပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေ မှာ ဖော်ပြပါတယ်။

    အမေရိကန်အစိုးရရဲ့ နိုင်ငံရပ်ခြားကို အကူအညီပေးတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ အသုံးစရိတ်တွေကို ပြန်သုံးသပ်ချိန်အတွင်း အဲဒီစီမံကိန်းတွေအတွက် ထောက်ပံ့ပေးမှုကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားပေမဲ့ ရိုဟင်ဂျာတွေအတွက် သက်ရောက်မှုမရှိဘူးလို့ မနေ့တုန်းက ပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရသတင်းစာရှင်းလင်းပွဲမှာလည်း ထည့်ပြောခဲ့တာပါ။

    ဒီလိုဆက်ကူညီပေးတာကြောင့် သမ္မတထရမ့်ကိုကျေးဇူးတင်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့ရဲ့ အကြီးအကဲအဖြစ်သလို အကြံပေးလည်းဖြစ်တဲ့ ဒေါက်တာမိုဟာမက် ယူနွတ်စ်ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြပါတယ်။

    မနေ့ ဇန်နဝါရီ ၂၆ ရက်တုန်းက ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရရဲ့ အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာ ခါလီလာ ရတ်မန်နဲ့ အမေရိကန်သံရုံးက တာဝန်ရှိသူတွေ မြို့တော်ဒါကာမှာ တွေ့ဆုံအပြီး ဆက်ကူညီပေးမယ့် အကြောင်း သိရှိရတာလို့ သူက ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ တသန်းနီးပါးခိုလှုံနေပြီး လွန်ခဲ့တဲ့နှစ်တွေကတည်းက ရန်ပုံငွေမလုံလောက် တာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေ စားနပ်ရိက္ခာ ထောက်ပံ့ကြေး ပမာဏတချို့ကို လျှော့ချဖြတ်တောက်တာတွေရှိခဲ့ပါတယ်။

  8. လေကြောင်းပစ်ခတ်မှု ၁ ခုအတွက် စစ်တပ်ဘယ်လောက်သုံးလဲ

    လေကြောင်းပစ်ခတ်မှုသရုပ်ပြမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ပုံဟောင်း

    လေ‌ကြောင်းတိုက်ခိုက်ဖို့အတွက် တစ်နာရီလေယာဥ်ပျံသန်းမှုမှာ ဒေါ်လာ ၆၆၀ ကုန်ကျပြီး စစ်ကောင်စီရဲ့ တရားဝင် ဒေါ်လာငွေလဲနှုန်းနဲ့တွက်ရင် မြန်မာငွေ ၁၄ သိန်း နီးပါးကုန်ကျပါတယ်။

    ဒါကို အကြိမ်ရေ ၂,၀၀၀ နဲ့တွက်ချက်ကြည့်မယ်ဆိုရင် ကျပ်သိန်းပေါင်းသောင်းချီ ကုန်ကျစရိတ်သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာပါ။

    ‘‘ဆီစားနှုန်းက စစ်ဆင်ရေးပေါ်မူတည်ပြီး အပိုဆီတိုင်ကီတွေဖြုတ်တာ၊ တပ်တာရှိတယ်။ နောက်တစ်ခုက စစ်ဆင်ရေးနယ်မြေ အကျယ်အဝန်း (combat radius ) ပေါ် မူတည်တယ်။ အများဆုံးကတော့ တိုက်ခိုက်ရေးလေယာဥ်တွေက ၂ နာရီ နဲ့ ၃ နာရီကြား ပျံသန်းနိုင်တယ်။ ဒါပေမဲ့ သေချာ ပစ်သွားတဲ့ အချိန်ဆိုရင် တစ်နာရီ နဲ့ တစ်နာရီခွဲ ပတ်ချာလည်ရှိပါတယ်’’ လို့ စစ်သုံးလေယာဥ်တွေနဲ့ပတ်သက်ပြီး သုတေသနလုပ်နေတဲ့ ကိုသူရိန် က ဘီဘီစီကို ပြောပြပါတယ်။

    လေယာဥ်တစ်နာရီ ပျံသန်းမှုအတွက် ကုန်ကျစရိတ်အခြေခံကို အကြမ်းဖျင်းတွက်ချက်တာဖြစ်ပြီး တကယ့် မြေပြင်စစ်ဆင်ရေး တစ်ခုရဲ့ ပျံသန်းချိန် နဲ့ သုံးတဲ့လက်နက်တပ်ဆင်မှု အလေးချိန်ပေါ်မူတည်ပြီး ကုန်ကျစရိတ် ကွာခြားချက်တွေရှိနိုင်တဲ့အကြောင်း ဒီဆောင်းပါးမှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

  9. မန္တလေး၊ မြင်းခြံ - ဆင်းဂွတ်ရွာလေကြောင်းတိုက်ခိုက်ခံရမှု ပကဖ အဖွဲ့ဝင်တွေနဲ့ ဒေသခံနှစ်ဒါဇင်နီးပါးသေဆုံး, နွားထိုးကြီးမှာလည်း လေကြောင်းတိုက်ခိုက်ခံရ

    ဆင်းဂွတ်ရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဆင်းဂွတ်ရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ရွာကို မနေ့ ဇန်နဝါရီ ၂၆ ရက်မနက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့နယ်/ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (ပကဖ) နဲ့ ဒေသခံ အရပ်သား နှစ်ဒါဇင်နီးပါးသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းအထိ နောက်ဆုံးရရှိတဲ့အချက်အလက်အရ ပကဖအဖွဲ့ဝင် (၁၃) ဦးသေဆုံးခဲ့သလို အသက် (၅) လနဲ့ (၄) နှစ်အရွယ် ကလေးငယ်နှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

    ဆင်းဂွတ်ရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖွင့်လှစ်ထားတဲ့ ကျောင်းနဲ့ ဆေးရုံတကြောကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    မနေ့ ဇန်နဝါရီ ၂၆ ရက်တရက်တည်းမှာပဲ မြင်းခြံနဲ့ မြို့နယ်ချင်းထိစပ်နေတဲ့ နွားထိုးကြီးမြို့နယ် က ပဲချက်ရွာကိုလည်း စစ်ကောင်စီတပ်က Y 12 လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

    “ည ၈ နာရီ ၄၅ မိနစ်မှာ လာပစ်တာပါ။ ၆ ကြိမ်လောက်ဝဲပြီးပစ်ခဲ့တာပါ။ မီးလည်းလောင်တာတွေ့တယ်။ ၅ ဦးလောက်ထိခိုက်ဒဏ်ရာရတယ်လို့ သိရပေမဲ့ အတည်ပြုဖို့ကြိုးစားနေဆဲပါ” လို့ မြင်းခြံခရိုင်တပ်ရင်း (၄) ပြောရေးဆိုခွင့်ရှိသူ က ဘီဘီစီကို ပြောပါတယ်။

    ဒါဟာ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးတာမရှိသလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဘီဘီစီမေးမြန်းခွင့်ရတဲ့ တော်လှန်ရေးတပ်တွေက ဆိုပါတယ်။

    စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးကတော့ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဒီနေ့ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းအထိ တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။