၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး မြေငလျင် လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးတာ ဒီမှာတင်ပြီးဆုံးပါပြီ။ မြန်မာပြည်သူပြည်သားအားလုံး ဘေးရန်ခပ်သိမ်းအေးငြိမ်းကြပါစေလို့ ဘီဘီစီဝိုင်းတော်သားတွေက ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
နှစ်ပေါင်း ၁၀၀ ကျော်အတွင်းအဆိုးရွားဆုံး မြန်မာ့ငလျင်လှုပ်ခတ်မှုနောက်ဆုံးရသတင်းများ
မြန်မာနိုင်ငံတွင်း နေပြည်တော်အပါအဝင် ဒေသကြီး ၆ ခုနဲ့ ထိုင်းနိုင်ငံ တို့မှာ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှု နောက်ဆက်တွဲ သတင်းများကိုစုစည်းပြီးတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- မြန်မာငလျင်ကို ကူညီမယ်လို့ အမေရိကန် သမ္မတပြော
- မြေသားပျော့လာတဲ့ အန္တရာယ်ကြုံနိုင်တယ်လို့ အမေရိကန် ဘူမိဗေဒဌာနပြော
- နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်တယ်လို့ မိုးဇလ ထုတ်ပြန်
- မန္တလေးမြို့ခံတွေ လမ်းမတွေပေါ် ထွက်အိပ်နေကြရ
- ငလျင်ကြောင့် နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေယာယီပိတ်
- နေပြည်တော်အပါအဝင် ဒေသ ၆ ခုမှာ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့လို့ စစ်တပ်က အရေးပေါ် အခြေအနေကြေညာ
- မြေငလျင် ဒဏ်ကို မန္တလေး လေဆိပ်မှာ သိသိသာသာခံစားခဲ့ရ
- မြေငလျင် ဗဟိုချက် ဖြစ်တဲ့ စစ်ကိုင်းမှာ ထိခိုက်ပျက်စီးမှု အများအပြား ရှိခဲ့
- စစ်ကိုင်း တံတားဟောင်း ပြိုကျ
တိုက်ရိုက် ထုတ်လွှင့်ချက်
မန္တလေးနဲ့ ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်လို့ ဆက်သွယ်ရေးခက်ခဲ
ငလျင်လှုပ်ခတ်ပြီးနောက် မန္တလေးမြို့နဲ့ ရန်ကုန်မှာ လျှပ်စစ်မီးလုံးဝပြတ်တောက်နေပြီး တယ်လီဖုန်းလိုင်းတွေလည်းဆက်သွယ်မရဖြစ်နေတယ်လို့ ရန်ကုန်နဲ့ မန္တလေးမြို့ခံတွေကပြောပါတယ်။
မန္တလေးမှာဆိုရင် ငလျင်ပြင်းအားကြောင့် လျှပ်စစ်မီးပြန်ရဖို့ မလွယ်ကူသေးသလို နောက်ရက်အတွက် လျှပ်စစ်မီးပြဿနာကြီးလာနိုင်တယ်လို့ ပြောဆိုကြပါတယ်။
ငလျင်ဘေး ပထမရက်မှာတင် တယ်လီဖုန်းနဲ့ တခြားလျှပ်စစ်မီးအထောက်အကူပြု ပစ္စည်းတွေကို အားသွင်းဖို့အတွက် အခက်အခဲတွေဖြစ်လာပြီလို့ ပြောကြပါတယ်။
'' မီးမလာတော့ ဖုန်းအားသွင်းမရ။ အဝေးကမိသားစုတွေနဲ့ဆက်သွယ်ဖို့ခက်တယ်။ အင်တာနက်ကလည်း မီးမလာရင်သုံးလို့ရမှာမဟုတ်ဘူး။ အခုတောင်ဖုန်းအားက မကျန်တော့ဘူး။ နောက်ရက်မီးမလာမှာနဲ့ အင်ဗာတာတွေမရမှာနဲ့ဆို လုံးဝအဆက်အသွယ်ပြတ်တောက်သွားမယ်'' လို့ မန္တလေးမြို့ခံ တစ်ဦးက မတ် ၂၉ ရက်မနက်အစောပိုင်းမှာပြောပါတယ်။
ရန်ကုန်မှာတော့ ငလျင်ဒဏ်ကို အပြင်းအထန်မခံစားရပေမဲ့ လျှပ်စစ်မီးပြတ်တောက်နေတာ နာရီနဲ့ချီကြာလာပြီး အင်တာနက်လိုင်းတွေအတွက်လျှပ်စစ်ပေးတဲ့ ဓာတ်အားလိုင်းတွေလည်း ဘတ္ထရီအားကုန်လာလို့ အင်တာနက်ပြတ်တောက်မှုတွေဖြစ်လာနိုင်တယ်လို့ လျှပ်စစ်ဓာတ်အားလိုင်းဖြန့်ဝေမှုသတင်းတွေကို မျှဝေနေသူတွေက သတိပေးနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YESC Latha
ဓာတ်ပုံ ပုံစာ, ပင်မခွဲရုံပျက်စီးမှုအခြေအနေတချို့ ငလျင်လှုပ်ခတ်မှု ဒုတိယမြောက်နေ့ အထိ ငလျင်သေးတွေဆက်လှုပ်နေ
အင်အားပြင်းငလျင်ကြောင့် ငလျင်ဘေး အဆိုးဆုံးကြုံခဲ့ရတဲ့ မန္တလေးမှာ ငလျင်လှုပ်ခတ်မှု ဒုတိယမြောက်နေ့ မတ် ၂၉ ရက် မနက်အစောပိုင်းအထိ ငလျင်ငယ်တွေဆက်တိုက်ဆက်လှုပ်နေတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
အင်အားပြင်းငလျင်ထပ်လှုပ်မှာစိုးရိမ်လို့ မြို့ခံတွေဟာ ညပိုင်းအချိန်ကို လမ်းမတွေပေါ်မှာ ကုန်ဆုံးခဲ့ကြရပါတယ်။
မြန်မာနိုင်ငံတွင်း မန္တလေး၊ နေပြည်တော်အပါအဝင် ဒေသ ၆ ခုထက်မနည်းမှာ မနေ့ မတ် ၂၈ ရက်က အင်အားပြင်းငလျင်နဲ့ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သေဆုံးသူ ၁၅၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၅၀ နီးပါးရှိထားပါတယ်။ မန္တလေးနဲ့ နေပြည်တော်မှာ အဆောက်အဦတွေအများစု ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ အများအပြားဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Than Min Tun
ဓာတ်ပုံ ပုံစာ, ငလျင်ဘေးထပ်ကြုံမှာစိုးရိမ်လို့ လမ်းမပေါ်မှာ ညအိပ်ကုန်ဆုံးရတဲ့ မန္တလေးမြို့ခံတွေ နောက်ဆက်တွဲ ငလျင်တွေ မိုးဇလ ထုတ်ပြန်
ပြင်းအား ၇.၇ နဲ့ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်တွေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မန္တလေးမြို့က ငလျင်ဘေးကို ကိုယ်တွေ့ကြုံခဲ့ရသူရဲ့ ပြန်လည်ပြောပြချက်
ငလျင်လှုပ်ချိန်မှာ ကျွန်တော်က ရေချိုးခန်းထဲမှာပါ။ အိမ်ထဲက လူတွေက ဒီနေ့ သောကြာနေ့ဆိုတော့ ဘုရားဝတ်ပြုနေကြတာပါ။ ငလျင်ကစလှုပ်ကတည်းက လုံးဝ အကြမ်းစားနဲ့လှုပ်တာပါ။ ၁၀ စက္ကန့်နီးပါးလောက်ကြာမယ်ထင်ပါတယ်။ ကျွန်တော့်မျက်စိအောက်မှာ ကျွန်တော်တို့ အိမ်တစ်အိမ်လုံးပြိုကျသွားတာပါ။ ကျွန်တော့ အပေါ်ကို ပြိုကျလာတဲ့အချိန် ရှောင်လိုက်တော့ ခြေခေါက်လဲပြီး ကျွန်တော်ရဲ့ ခါးအောက်ပိုင်း တခုလုံးပေါ် အုတ်နံရံကြီးပိသွားပါတယ်။
အကူညီ အော်တောင်းဖို့ ဖုန်မှုန့်တွေကြောင့် အသက်လည်း ရှူမရ အသံတောင် မထွက်တော့ပါဘူး။ မနည်းအားတင်းပြီးတော့ အသိ၊ သတိကပ်ပြီး အကူအညီ လှမ်းတောင်းရပါတယ်။အဲဒီအချိန်မှာ ကျွန်တော့်ဦးလေးနဲ့ အဖေရောက်လာပြီးတော့ နောက်ထပ် ၅ ဦး၊ ၆ ဦးလောက်ကပါ ကျွန်တော့်ကို ခက်ခက်ခဲဲခနဲ့ အသက်စွန့်ပြီး လာကယ်ထုတ်ပေးပါတယ်။ တော်တော်လေး အချိန်ယူလိုက်ရပါတယ်။
ကျွန်တော့်ကို ထုတ်လို့ရပြီးတော့ စက္ကန့်ပိုင်းအတွင်း နောက်တစ်ကြိမ် ငလျင်ထပ်လှုပ်ပြီးတော့ ကျွန်တော်တို့ ပြေးတဲ့နေရာက တိုက်က ထပ်ပြိုကျပါတယ်။ အဲဒါလည်း သီသီလေးနဲ့ လွတ်လာတာပါ။ ကျွန်တော်က သွေးလန့်ပြီး အထိလည်းနာနေတော့ လမ်းမလျှောက်နိုင်တော့ အဖေက တရွတ်တိုက်ဆွဲပြီး တွဲခေါ်လာလို့ နောက်တကြိမ်မှာလည်း လွတ်ခဲ့ပါတယ်။
ကျန်တဲ့ကျွန်တော်တို့ မိသားစုဝင်အချို့ကတော့ စပြိုထဲက အထဲမှာ လုံးဝမြှုပ်သွားတာပါ။ တစ်ယောက်ကတော့ အသက်မရှိတော့ပါဘူး။ ပြန်ရှာတွေ့တဲ့ ၂ယောက်ကလည်း အချိန်တော်တော်ကြာမှ ပြန်ရှာတွေ့တာပါ။ မိသားစုဝင် ၇ ယောက်မှာ ကျွန်တော်အပါအဝင် ကျွန်တော့် အဒေါ် ၂ ယောက်ကိုတော့ ပြန်ရှာတွေ့ပါတယ်။ ကျန်တဲ့ ၁ ယောက်တော့ အသက်ပါမလာတော့ပါဘူး။
နောက်တယောက်ကတော့ ဆေးရုံမှာပါ။ ခြေထောက်အောက်ပိုင်း တော်တော်ထိသွားပါတယ်။ ကျွန်တော်လည်း ပိမိတဲ့အရှိန်နဲ့ အထိနာသွားပေမဲ့ တောင့်ခံနိုင်ပါတယ်။ ကျန်တဲ့ အဘွား၊ အဒေါ်ကြီး၊ ဦးလေးအလတ်နဲ့ အငယ်ကတော့ အခုချိန်ထိ အစနတောင် ရှာလို့မတွေ့သေးပါဘူး။ သူတို့ကို ဆေးရုံပို့တော့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ ဆေးရုံတွေလည်း ပြိုကျနေတာပါ။
လူနာအော်ညီးညူရင်လည်း အော်ခံရပါတယ်။ ခြေထောက်ကြေနေတဲ့လူနာကို ထိုင်နိုင်တဲ့အတွက် ကုတင်ပေါ်ကဆင်းဆိုပြီးတော့လည်း မောင်းထုတ်ခံထိပါတယ်။ ဘာကယ်ဆယ်ရေးမှလည်း မလာပါဘူး။ ဒါကိုလည်း နားလည်ပေးနိုင်ပေမဲ့ တစ်နေကုန်လုံးတောင် အခုထိရောက်မလာလို့ နဲနဲ ခံပြင်းမိပါတယ်။
မိသားစု ၄ ယောက်က တိုက်အပြိုအပျက်ပုံတွေအောက်မှာပါ။ အသက်ရှင်နိုင်ချေကတော့ ဇီးရိုးရာခိုင်နှုန်းပါ။ စိတ်ထဲမှာ ဖြေလို့မရပါဘူး။ အခုအချိန်အထိလည်း လက်မခံနိုင်သေးပါဘူး။ ကိုယ့်မျက်စိရှေ့တင် မျက်စိတမှိတ်အတွင်း ဖြစ်သွားတာဖြစ်လို့ အိပ်မက် တခုလိုပါပဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မန္တလေးမြို့ တစ်နေရာမှာ ငလျင်လှုပ်ခတ်ခဲ့မှုမြင်ကွင်းဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ ဘာကြောင့် မြေငလျင်ကြီးတွေ လှုပ်ခတ်ရတာလဲ
အင်အားပြင်း မြေငလျင်ကြီးတွေ လှုပ်ခတ်ရတာ ဘာကြောင့်လဲ ဆိုတာ ဘီဘီစီရဲ့ သိပ္ပံဆိုင်ရာ သတင်းထောက်ရှင်းပြထားတာကို ရုပ်သံမှာ ကြည့်နိုင်ပါပြီ။
ဗီဒီယို ပုံစာ, မြန်မာ နိုင်ငံမှာ ဘာကြောင့် မြေငလျင်ကြီးတွေ လှုပ်ခတ်ရတာလဲ မန္တလေးဦးလှသိန်းဗိမာန်မှာ ပိတ်မိနေတဲ့ သံဃာ ၁၀၀ ကျော်ကို ဆက်ကယ်ဆယ်နေ
မန္တလေးမြို့ မြတောင်ကျောင်းနားက ဦးလှသိန်း ဗိမာန်မှာ ပိတ်မိနေတဲ့ သံဃာအပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) က ပြောပါတယ်။ အခုကာလဟာ ဓမ္မာစရိယစာမေးပွဲနဲ့ ပါဠိပထမပြန်စာမေးပွဲတွေ ကျင်းပချိန်ဖြစ်တာကြောင့် စာဖြေသံဃာတွေ အများအပြားရှိနေတာကြောင့် စာဖြေသံဃာ ၂၅၀ ကျော်စာမေးပွဲဖြေဆိုနေကြတာလို့ ဆိုပါတယ်။ စစ်ကောင်စီကတော့ မြန်မာနိုင်ငံတစ်ဝန်း ကျင်းပလျက်ရှိတဲ့ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပနေတာကို နောက်တစ်ကြိမ် ပြန်လည်ကျင်းပရန် မကြေညာမခြင်း ခေတ္တဆိုင်းငံ့ထားတယ်လို့ ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)
ဓာတ်ပုံ ပုံစာ, ပါဠိပထမပြန်စာမေးပွဲများ ကျင်းပနေတာကို နောက်တစ်ကြိမ် ပြန်လည်ကျင်းပရန် မကြေညာမခြင်း ခေတ္တဆိုင်းငံ့ထားတယ်လို့ ကြေညာထား မြေသားပျော့လာတဲ့ အန္တရာယ်ကြုံနိုင်တယ်လို့ အမေရိကန် ဘူမိဗေဒဌာနပြော
အမေရိကန် ဘူမိဗေဒ သုတေသနာ ဌာန (USGS) က မြန်မာနိုင်ငံမှာ Liquefaction ခေါ် မြေအောင်းရေတိုးပြီး မြေသားပျော့လာတာတွေပါ ကြုံတွေ့လာရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီ မြေအောင်းရေတိုးလာခြင်းကြောင့် သာမန် အဆောက်အအုံတွေနဲ့ အခြေခံ အဆောက်အအုံပိုင်းကို ထိခိုက်ပျက်စီး စေနိုင်ပြီး မြန်မာနိုင်ငံအတွက် အင်မတန် ကြီးမားတဲ့ ပြဿနာ ဖြစ်လာနိုင်တယ်လို့ (USGS) က ပြောပါတယ်။
Liquefaction ဆိုတာက မြေငလျင်တွေလှုပ်တဲ့ အခါ ရေပါဝင်တဲ့ မြေလွှာပေါ်ကို သက်ရောက်လာတဲ့ အားကြောင့် မြေသားတွေရဲ့ မာဂုဏ်လျော့ပြီး အရည်သဖွယ် ဖြစ်သွားစေတာ ဖြစ်ပါတယ်။
(USGS) က ဒီမြေငလျင်ကြောင့် ဖြစ်လာမယ့် Liquefaction ဟာ အားကောင်းပြီး သက်ရောက်နိုင်တဲ့ ဧရိယာလည်း အင်မတန် ကျယ်ပြန့်နိုင်တယ်ပြီး စတုရန်း ကီလိုမီတာ ၁၀၀၀ အထိ သက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
အဆောက်အအုံတွေ အောက်က မြေသားတွေဟာ မာဂုဏ်လျော့ပြီး အရည်သဖွယ် ဖြစ်သွားရင် ထိခိုက်ပျက်စီးမှု ပမာဏ ကြီးမားသွား နိုင်ပါတယ်။ Liquefaction ရဲ့ အန္တရာယ်အပြင် တောင်တန်းကုန်းမြင့်တွေ ပေါ်ကနေ မြေသားနဲ့ ကျောက်စိုင်တွေပါ ပြိုဆင်းလာတာမျိုးတွေနဲ့လည်း ကြုံနိုင်ကြောင်း (USGS) က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မြေသားတွေ မာဂုဏ်လျော့ပြီး အရည်သဖွယ် ဖြစ်သွားပုံ - တူရကီ၊ ၂၀၂၃ နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်တယ်လို့ မိုးဇလ ထုတ်ပြန်
မြန်မာနိုင်ငံမှာ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခဲ့ပြီးနောက်မှာ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
- မွန်းလွဲ ၁ နာရီ ၂မိနစ် မှာ ၇ ဒသမ ၅
- မွန်းလွဲ ၁ နာရီ ၁၆ မိနစ်မှာ ၅ ဒသမ ၉
- မွန်းလွဲ ၁ နာရီ ၅၈ မိနစ် မှာ ၄ ဒသမ ၇
- မွန်းလွဲ ၂ နာရီ ၂၆ မိနစ်မှာ ၄ ဒသမ ၉ ပြင်းအား ရှိတဲ့ နောက်ဆက်တွဲ ငလျင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Services Department
မြန်မာငလျင်ကို ကူညီမယ်လို့ အမေရိကန် သမ္မတပြော, ငလျင်ဒဏ် ခံရသူတွေကို အကူအညီပေးသွားမယ်လို့ ဒေါ်နယ် ထရမ့် ပြောကြား
အင်အားပြင်း မြေငလျင်ဒဏ် ခံခဲ့ရတဲ့ မြန်မာ နိုင်ငံကို အကူအညီပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားပါတယ်။
အိမ်ဖြူတော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ယောက်ရဲ့ မေးမြန်းမှုကို သမ္မတက ဖြေကြားသွားတာ ဖြစ်ပါတယ်။
မြေငလျင် လှုပ်ခတ်မှု သတင်းကို သိရှိကြောင်း နဲ့ တာဝန်ရှိသူတွေနဲ့ စကားပြောဆိုခဲ့ပြီးပြီ ဖြစ်ကြောင်း ဒေါ်နယ် ထရမ့်က ပြောကြားပါတယ်။
ဒါပေမဲ့ ဘယ်ဌာနက တာဝန်ရှိသူတွေနဲ့ ဆက်သွယ် ပြောဆိုခဲ့တာလဲ ဆိုတာကိုတော့ တိတိကျကျ ဖြေကြားခဲ့ခြင်းမရှိပါဘူး။
ဘယ်လို အကူအညီမျိုးတွေပေးမှာလဲ ဆိုတာကိုလည်း အမေရိကန် သမ္မတက ပြောဆိုတာမျိုး မရှိသေးပါဘူး။ အသေးစိတ် အခြေအနေကို ဘီဘီစီက ဆက်လက် စုံစမ်း မေးမြန်းနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မြန်မာ ငလျင်ဒဏ် ခံခဲ့ရသူတွေကို ကူညီမယ်လို့ အမေရိကန် သမ္မတ ပြောကြား မန္တလေးဆေးရုံ လူနာတွေနဲ့ပြည့်
မန္တလေးဆေးရုံမှာ ငလျင်ဒဏ်သင့် လူနာတွေပြည့်နေတယ်လို့ ပရဟိတအဖွဲ့တွေက ဘီဘီစီကိုပြောပါတယ်။
ဆေးရုံအဆောက်အဦတချို့ ပြိုကျပျက်စီးတာကြောင့် လူနာတွေကို အပြည့်အဝကုသပေးနိုင်တာမရှိသလို လူနာတွေများပြားလာတဲ့အတွက်လည်း ကုသရေးပိုင်းမှာ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။
'' ဆေးရုံကို လူနာတွေသွားပို့တဲ့အချိန်မှာ မြင်ရတာအတော်ဆိုးပါတယ်။ လူနာတွေက ဆေးရုံမှာ အပြည့်နီးပါးလိုဖြစ်နေတာ။ ဆေးရုံကိုယ်တိုင်ကလည်း ပြိုတာတွေရှိတော့ အတော်ကုသပေးဖို့မှာ အခက်အခဲတွေရှိကြတယ်။ ဆရာဝန်တွေနဲ့ သူနာပြုတွေကလည်းတတ်နိုင်သမျှကူညီပေးနေပေမဲ့ မနိုင်ကြဘူး။'' လို့ မန္တလေးက ပရဟိတအဖွဲ့တခုက တာဝန်ရှိသူတစ်ဦးက သူတွေ့ခဲ့တာကိုရှင်းပြပါတယ်။
စစ်ကောင်စီရဲ့ မတ် ၂၈ ရက် ညပိုင်းစာရင်းအရ ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၀၀ ကျော်ရှိတယ်လို့ ကြေညာထားပေမဲ့ အဲဒီထဲမှာ မန္တလေးမြို့ အခြေအနေကို ထည့်ပြောထားတာမရှိသေးပါဘူး။
ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မန္တလေးမှာ သေဆုံးသူ ဆယ်နဲ့ချီရှိနိုင်တယ်လို့ ပြောထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငလျင်ကြောင့် ပိတ်မိနေတဲ့ ကလေးငယ်နဲ့ မိခင်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်
ကယ်ဆယ်ရေး သမားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် အပျက်အစီးတွေကို တစ်စစီ ဖယ်ထုတ်ပြီး ကလေးနဲ့ မိခင်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ဗီဒီယို ပုံစာ, ကလေးငယ်နဲ့ မိခင်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင် မြန်မာငလျင် နဲ့ပတ်သက်လို့ ကုလသမဂ္ဂ ဘာပြောလဲ
မြန်မာကို ကူညီဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို စေလွှတ်လိုက်ပြီလို့ အတွင်းရေးမှုးချုပ် ပြောကြား
ဗီဒီယို ပုံစာ, မြန်မာငလျင် နဲ့ပတ်သက်လို့ ကုလသမဂ္ဂ ဘာပြောလဲ မန္တလေးမြို့ခံတွေ လမ်းမတွေပေါ် ထွက်အိပ်နေကြရ
အင်အားပြင်းငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် မန္တလေးမြို့ခံ အများအပြားဟာ အထပ်မြင့်နေအိမ်တွေမှာ မနေရဲကြဘဲ လမ်းမတွေပေါ်မှာ အဆင်ပြေသလို နေထိုင်နေကြရတဲ့ မြင်ကွင်းတချို့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ရင်းမြစ်, Social Media
၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး မြေငလျင် လှုပ်ခတ်၊ ထိခိုက် ပျက်စီးမှု ကြီးမား, လူသေဆုံးမှုတွေလည်း ဆက်တိုက်တိုးလာနေ
မန္တလေးမြို့အနီးကို ဗဟိုပြုပြီး ရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိတဲ့ အင်အား အလွန်ပြင်းထန်တဲ့ငလျင်ကြီး ဒီနေ့လှုပ်ခတ်ခဲ့တာကြောင့် နိုင်ငံတဝန်းက မြို့နယ်အများစုမှာ ပျက်စီး ဆုံးရှုံးမှုတွေ အများအပြား ရှိခဲ့သလို လူသေဆုံးမှုတွေလည်း ဆက်တိုက်တိုးလာနေပါတယ်။ ဒီနေ့ ငလျင်ဟာ နှစ်ပေါင်း ၁၈၆ နှစ် အတွင်းမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။ ဒီနေ့လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြည်သူတချို့သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေရှိသလို ဆေးရုံတွေမှာ အရေးပေါ်သွေးလိုနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို ကိုသန့်ဇင်က ပြောပြမှာပါ။
ဗီဒီယို ပုံစာ, ၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး မြေငလျင် လှုပ်ခတ်၊ ထိခိုက် ပျက်စီးမှု ကြီးမား မြေငလျင်ဒဏ်ကြောင့် ဘန်ကောက် မှာလည်း ပျက်စီးမှု ကြီးမား, ငလျင်ဒဏ် ခံလိုက်ရတဲ့ ဘန်ကောက်မြို့ က အခြေအနေ
မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ဟာ အိမ်နီးချင်းထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုလည်း သက်ရောက်မှု ရှိခဲ့ပြီး အပြင်းအထန် ရိုက်ခတ်ခဲ့ပါတယ်။ ငလျင်ဒဏ် ခံလိုက်ရတဲ့ ဘန်ကောက်မြို့ က အခြေအနေတွေကို ကိုသူရက ပြောပြပေးထားပါတယ်။
ဗီဒီယို ပုံစာ, ဘန်ကောက်မှာလည်း မြေငလျင်ဒဏ်ကြောင့် ပျက်စီးမှု ကြီးမား ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ကျော်ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, နေပြည်တော်ငလျင် မြန်မာစစ်ခေါင်းဆောင်ရဲ့ မတ် ၂၈ ရက် ညပိုင်း ၈ နာရီ အချိန် မြန်မာငလျင်နဲ့ ပတ်သက်ပြီး ပြောကြားတဲ့ မိန့်ခွန်းအရ နေပြည်တော် မှာ ၉၆ ယောက် ၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်နဲ့ ကျောက်ဆည်မြို့မှာ ၃၀ ယောက် စုစုပေါင်း ၁၄၄ ယောက် ငလျင်ကြောင့် သေဆုံးထားတယ်လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူအနေနဲ့ နေပြည်တော်မှာ ၄၃၂ ယောက်၊ စစ်ကိုင်းမြို့မှာ ၃၀၀ နဲ့ ကျောက်ဆည်မြို့မှာ စိစစ်ဆဲဖြစ်ပြီး ဒဏ်ရာရရှိသူ ဦးရေ ၇၃၂ ယောက်ရှိတယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာထည့်ပြောပါတယ်။ ငလျင်ဘေးပြန်လည်ထူထောင်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း လူထုက တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြဖို့လည်း စစ်ခေါင်းဆောင် ကပြောပါတယ်။
စစ်ခေါင်းဆောင် နေပြည်တော်ကငလျင်ဒဏ်သင့်နေရာတွေသွား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်က ငလျင်ဒဏ်သင့် နေရာတွေကိုသွား မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်က ငလျင်ဒဏ်သင့် နေရာတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ကြီးနဲ့ နောက် ဆက်တွဲငလျင်ငယ်တွေကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ရှမ်း(အရှေ့)၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ပဲခူးတို့မှာ ငလျင်ဒဏ်သင့်သူ အများအပြားရှိခဲ့ပြီး လမ်းတံတား၊ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ငလျင်ကြောင့် သေဆုံးသူအရေအတွက် စစ်ကောင်စီ ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, အင်အားပြင်းငလျင်ကြောင့် ပြည်သူအချို့ သေဆုံး အင်အားပြင်းငလျင်ကြောင့် ပြည်သူအချို့ သေဆုံးခဲ့ရတဲ့ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြီး သေဆုံးသူအရေအတွက် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်ကို အတိအကျထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
စစ်တပ်နဲ့ နီးစပ်သူရင်းမြစ်တချို့ကတော့ သူတို့ရရှိထားတဲ့သတင်းတွေအရ သေဆုံးသူအရေအတွက် ၄၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့ဆိုပါတယ်။ဘီဘီစီအနေနဲ့ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းတောင်ပိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်မေးမြန်းနေပြီး သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
မန္တလေးမြို့ခံ သတင်းထောက် တစ်ဦးကတော့ မန္တလေးမှာ ငလျင်သေးတွေ ဆက်လှုပ်နေပြီး ထိခိုက်သေဆုံးသူတွေလည်း ဆက်တိုက်ရှိလာတယ်လို့ ပြောပါတယ်။
'' ပြိုကျတဲ့ အဆောက်အဦတွေက အသက်ရှင်ပြီးထွက်လာနိုင်တာနည်းတယ်။ ကယ်ဆယ်ရေးသမားတွေလည်း အရမ်းများတော့ မနိုင်ဘူး။ လုပ်ပေးနိုင်တာ အရမ်းနှေးတော့ အသေဆုံးများတဲ့သဘောဖြစ်တာ။ အဓိက အဆောက်အဦပြိုကျတဲ့ အချိန်မှာ အပြိုအပျက်တွေထဲ ပိတဲ့သူတွေကိုကယ်နိုင်ထွက်လာနိုင်တဲ့အချိန်မှာ သေဆုံးနေကြတာများတယ်'' လို့ မန္တလေးမြို့ခံ သတင်းထောက်က ဘီဘီစီကို ပြောပါတယ်။
မန်ယူနဲ့ ဘရန့်ဖို့ဒ် အသင်းတွေက မြန်မာငလျင်ဒဏ်ခံရသူတွေအတွက် ဆုတောင်းပေး
အင်္ဂလန်ပရီးမီးယားလိဒ် က မန်ချက်စတာယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ် ဘောလုံးကလပ်တွေက မြန်မာ့ငလျင်ဘေးအတွက် ပြည်သူတွေနဲ့အတူရှိနေပြီး အားလုံးဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သပေးကြောင်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SG
ဓာတ်ပုံ ပုံစာ, မန်ချက်စတာယူနိုက်တက်





