"အမေရိကန်ရွှေခေတ် အခုစပြီ"လို့ ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းပြော

အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ တိုက်ရိုက်တင်ဆက်မှု

အနှစ်ချုပ်

  • ဘိုင်ဒန်က ရာထူးမပြီးဆုံးခင်ကလေးမှာ သူ့မိသားစုဝင်တွေကို ကြိုတင်လွတ်ငြိမ်းခွင့်တွေ ထုတ်ပြန်ခဲ့
  • "အမေရိကန် ရွှေခေတ် အခု စပြီ"လို့ ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းပြော
  • ထရမ့်နဲ့ ဂျေဒီဗန့်စ်တို့ ကျမ်းသစ္စာ ကျိန်ဆို
  • နှစ်ပေါင်း ၄၀ အတွင်း အအေးဆုံးအဖြစ် အာတိတ်လေဝဲဒဏ် ခံနေရချိန်မှာ ထရမ့်ရဲ့ သမ္မတရာထူး လက်ခံပွဲ ကျင်းပ
  • သမ္မတ ဖြစ်ဖြစ်ချင်း ပထမဆုံးနေ့မှာ ထရမ့် လုပ်ဆောင်ဖွယ်ရှိတဲ့ ဦးစားပေးအစီအစဉ်တွေ
  • ဒေါ်နယ်ထရမ့်ရဲ့ သမ္မတရာထူးလက်ခံပွဲနေ့မှာ ဘယ်လိုအစီအစဥ်တွေရှိမလဲ
  • ၄၇ ဆက် မြောက် အမေရိကန် သမ္မတအဖြစ် ထရမ့် ရာထူးလက်ခံ ရယူမယ်၊ ရာသီဥတု အေးခဲနေလို့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လွှတ်တော်အဆောက်အအုံထဲမှာ ကျင်းပမယ်
  • သမ္မတ လုပ်ပိုင်ခွင့်အမိန့်ဆိုတာ ဘာလဲ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အမေရိကန်နိုင်ငံရဲ့ ၄၇ ဆက် မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား သတင်းတွေ တိုက်ရိုက်တင်ဆက်မှုကို ဒီမှာ ရပ်နားပါမယ်။ ဘီဘီစီ စာမျက်နှာကို ဖတ်ရှုခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

  2. ထရမ့်ရဲ့ သမ္မတ ရာထူးလက်ခံပွဲနေ့မှာ နောက်ထပ် ဆက်ကျင်းပဖို့ ရှိနေသေးတဲ့ အခမ်းအနားပွဲများ

    အမေရိကန်နိုင်ငံရဲ့ ၄၇ ဆက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့အပြီးမှာ ဒေါ်နယ် ထရမ့် သမ္မတ ဖြစ်လာခဲ့ပါပြီ။ ဒါပေမဲ့ ဒီကနေ့အတွက် အခမ်းအနားပွဲတွေကတော့ မပြီးဆုံးသေးပါဘူး။

    ကျမ်းကျိန်သစ္စာဆိုပွဲ အပြီးမှာပဲ ကွန်ဂရက်လွှတ်တော် ခေါင်းဆောင်တွေ ဝန်းရံရင်း သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းအတွက် ပထမဆုံး တရားဝင် စာရွက်စာတမ်းတွေကို ဒေါ်နယ် ထရမ့် လက်မှတ်ရေးထိုးခဲ့တာ တွေ့ခဲ့ရပါတယ်။

    လာမယ့် နာရီပိုင်းတွေမှာလည်း နောက်ထပ် အခမ်းအနားပွဲတွေ ဆက်ကျင်းပဖို့ ရှိနေပါသေးတယ်။

    နေ့လယ်စာ တည်ခင်းဧည့်ခံပွဲ- လောလောဆယ်မှာ Statuary Hall ခန်းမထဲမှာ နေ့လယ်စာစားပွဲ တည်ခင်း ကျင်းပနေပါတယ်။ သူ့ရဲ့ မိတ်ဆွေရောင်းရင်းတွေ၊ သူ့ကို ထောက်ခံအားပေးသူတွေနဲ့အတူ ထရမ့် နေ့လယ်စာ သုံးဆောင်နေပါတယ်။

    ဂုဏ်ပြုချီတက်ပွဲ-သမ္မတရာထူးလက်ခံတာကို ဂုဏ်ပြုတဲ့ချီတက်ပွဲကို ကက်ပီတိုလ် ဝမ်း ခန်းမဆောင်နား တဝိုက်မှာ ပြုလုပ်မှာဖြစ်ပြီး သမ္မတထရမ့် တက်ရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။

    လက်မှတ်ရေးထိုးပွဲ အခမ်းအနား-နေ့လယ်နှောင်းပိုင်းမှာတော့ အိမ်ဖြူတော်မှာ သမ္မတ လုပ်ပိုင်ခွင့်အမိန့်တွေကို ထရမ့် လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။

    ဂုဏ်ပြု ကပွဲတွေ-ညနေပိုင်းမှာ ကပွဲ သုံးခု ကျင်းပဖို့ ရှိပါတယ်။ လေဘာတီ ကပွဲ၊ စစ်ဦးစီးချုပ် ကပွဲ၊ ယူနီယံစတေရှင် ကပွဲတို့ ဖြစ်ပါတယ်။

    ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, GE

  3. ပရောက်ဘွိုင်းစ်အဖွဲ့ဝင်တွေ ဝါရှင်တန်မြို့လမ်းတွေပေါ် ထွက်လာ

    ပြီးခဲ့တဲ့ နာရီပိုင်းလေးအတွင်းမှာပဲ အစွန်းရောက် လက်ယာဝါဒီ ပရောက်ဘွိုင်းစ် Proud Boys အဖွဲ့ဝင်တွေ ဝါရှင်တန်မြို့လမ်းတွေပေါ်မှာ စီတန်းလမ်းလျှောက်နေတာကို တွေ့ရပါတယ်။

    သူတို့ အမှတ်တံဆိပ်ဖြစ်တဲ့ အနက်နဲ့အဝါရောင် ရှပ်အင်္ကျီတွေ ဝတ်ဆင်ထားပြီး ထရမ့်ကို ထောက်ခံတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြတာကို တွေ့ရပါတယ်။

    ဇန်နဝါရီ ၆ ရက်နေ့က အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ ပါဝင်မှုကြောင့် အဲ့ဒီအဖွဲ့ဝင်တွေ ဒါဇင်တွေနဲ့ချီပြီး ထောင်ဒဏ်ကျခံနေရပါတယ်။

    ဒါပေမဲ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူတချို့ကို ထရမ့်က လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ ပြင်ဆင်နေပါတယ်။

    ပရောက်ဘွိုင်းစ်အဖွဲ့ဝင်တွေ ဝါရှင်တန်မြို့လမ်းတွေပေါ် ထွက်လာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  4. ခိုလှုံခွင့်တောင်းသူတွေ သုံးတဲ့ 'CBP One' အက်ပ်ကို ထရမ့်အစိုးရ ဖျက်သိမ်းလိုက်

    ဘိုင်ဒန်အစိုးရရဲ့ လူဝင်မှု ကြီးကြပ်ရေးမူဝါဒတွေကို လုံးဝ ပြင်ဆင်ပြောင်းလဲတဲ့အနေနဲ့ ထရမ့်အစိုးရအဖွဲ့သစ်က CBP One အက်ပ်ကို ဖျက်သိမ်းလိုက်ပါတယ်။

    ဒီအက်ပ်ဟာ ခိုလှုံခွင့် တောင်းခံမယ့်သူတွေက နယ်စပ်ဂိတ်အဝင်မှာ လူတွေ့ စစ်ဆေးခံဖို့ ရက်ချိန်းတောင်းရာမှာ အသုံးပြုတဲ့ မိုဘိုင်းလ် အက်ပ် ဖြစ်ပါတယ်။

    ဘိုင်ဒန်အစိုးရတာဝန်ရှိသူတွေက နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေအတွက် ဒီအက်ပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ စအသုံးပြုခဲ့ကတည်းက နယ်စပ်မှာ ထိန်းသိမ်းခံရသူ အရေအတွက် လျော့ကျသွားစေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီအက်ပ်ဟာ အမေရိကန်-မက္ကဆီကို နယ်စပ်မှာ ဥပဒေနဲ့အညီ ခိုလှုံခွင့်တောင်းခံနိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါတယ်။

    ဒါပေမဲ့ အခုအခါမှာတော့ အကောက်ခွန်နဲ့ နယ်စပ် ကာကွယ်ရေးဌာန(CBP) ဝက်ဆိုက်မှာ ဒီအက်ပ်ကို အသုံးပြုလို့ မရတော့ဘဲ အရင်ရှိထားပြီးသား ရက်ချိန်းတွေကိုလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

    ဘီဘီစီရဲ့ မိတ်ဖက်သတင်းဌာန ဖြစ်တဲ့ CBS သတင်းဌာနက သတင်းတွေအရ ဘိုင်ဒန်အစိုးရဟာ လာမယ့် သီတင်းသုံးပတ်အတွင်း အမေရိကန်နိုင်ငံထဲ ဝင်မယ့် နိုင်ငံရွှေ့ပြောင်းသူတွေအတွက် CBP One အက်ပ်ကနေတဆင့် လူ ၃၀,၀၀၀ လောက်ကို လူတွေ့ စစ်ဆေးမေးမြန်းဖို့ ရက်ချိန်း စီစဉ်ထားခဲ့တယ်လို့ သိရပါတယ်။

    ဒါ့အပြင် CBP One အက်ပ်ကိုသုံးပြီး အမေရိကန်နိုင်ငံထဲ ဝင်ခွင့်ရဖို့ မက္ကဆီကိုနိုင်ငံမှာ စောင့်ဆိုင်းနေတဲ့ နိုင်ငံရွှေ့ပြောင်းလာသူ ၂၇၀,၀၀၀ လောက် ရှိတယ်လို့လည်း တချို့သတင်းတွေက ခန့်မှန်းဖော်ပြနေပါတယ်။

    မက္ကဆီကိုနိုင်ငံ ဆီအိုဒက် ဝါးရက်ဇ် နယ်စပ်မြို့မှာ ဝါရှင်တန်ပို့စ် သတင်းထောက်တစ်ဦး ရိုက်ယူခဲ့တဲ့ ဗီဒီယိုပုံထဲမှာ ရက်ချိန်း ဖျက်သိမ်းခံရတာကို သိခဲ့ရအပြီး နိုင်ငံရွှေ့ပြောင်းသူတွေ အော်ဟစ်ငိုကြွေးနေကြပုံတွေကို တွေ့ရပါတယ်။

    CBP One

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, CBP One အက်ပ်ကို ထရမ့်အစိုးရ ဖျက်သိမ်းလိုက်
  5. ရာထူးကနေ ထွက်ခွာရပေမဲ့ တိုက်ပွဲကနေတော့ မထွက်ခွာဘူး - ဘိုင်ဒန်

    ဘိုင်ဒန်ဟာ အန်ဒရူးလေတပ်စခန်းမှာ သမ္မတဟောင်းတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် နှုတ်ဆက်မိန့်ခွန်း အကျဥ်းချုပ်ပြောကြားခဲ့ပါတယ်။

    ဒါဟာ သူနဲ့ဇနီး ဂျေးလ်ဘိုင်ဒန်တို့ ကယ်လီဖိုးနီးယားကို မထွက်ခွာခင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    ထရမ့်ရဲ့ ကျမ်းသစ္စာ မိန့်ခွန်းက "ကျွန်တော်တို့ လုပ်စရာတွေ အများကြီး ကျန်သေးတယ်" ဆိုတာကို ပြခဲ့တယ်လို့ ဆိုပြီး ထောက်ခံသူတွေကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    "ကျွန်တော်တို့ ရာထူးကနေ ထွက်ခွာရပေမဲ့ တိုက်ပွဲထဲကနေတော့ မထွက်ခွာပါဘူး" လို့ ဘိုင်ဒန်က ဆက်ပြောခဲ့ပြီး အမေရိကန်ပြည်သူတွေအနေနဲ့ ပူးပေါင်းဆက်ရွက်ပြီး အချင်းချင်း စောင့်ရှောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဘိုင်ဒန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  6. သမ္မတ ထရမ့်နဲ့ ဒုသမ္မတ ဂျေဒီ ဗန့်စ်တို့ လွှတ်တော်အမတ်တွေကို မိန့်ခွန်းပြောသွားခဲ့

    အမေရိကန် လွှတ်တော်အမတ်တွေကို သမ္မတ ထရမ့်နဲ့ ဒုသမ္မတ ဂျေဒီ ဗန့်စ်တို့က မိန့်ခွန်း ပြောခဲ့ကြပါတယ်။

    မိန့်ခွန်းပြောမယ့် သမ္မတ ဒေါ်နယ် ထရမ့်ကို မိတ်ဆက်စကား ပြောစဉ်မှာ ဒုသမ္မတ ဂျေဒီ ဗန့်စ် က သမ္မတ ထရမ့်ရဲ့ ရာထူးလက်ခံပွဲ အခမ်းအနား မိန့်ခွန်းဟာ လာမယ့် ၄ နှစ်တာကာလ အတွက် အင်မတန် ကောင်းမွန်တဲ့ မိန့်ခွန်း ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောသွားခဲ့ပါတယ်။

  7. ဘိုင်ဒန်နဲ့ ဟဲရစ် အခမ်းအနားကနေ ထွက်ခွာ

    အခုအခါ သမ္မတဟောင်း ဖြစ်သွားပြီဖြစ်တဲ့ ဂျိုး ဘိုင်ဒန်နဲ့ ဇနီးသည် ဂျေးလ် ဘိုင်ဒန် တို့ဟာ ဝါရှင်တန်ဒီစီမြို့ကနေ ထွက်ခွာဖို့ Marine One ရဟတ်ယာဉ်ပေါ် တက်သွားပြီ ဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့်နဲ့ သမ္မတကတော် မယ်လယ်နီယာ က လှေကားထစ်နားအထိ သူတို့နဲ့ အတူလမ်းလျှောက်ပြီး ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။

    ဒုတိယသမ္မတဟောင်း ကမလာ ဟဲရစ်နဲ့ ခင်ပွန်းသည် ဒေါက် အမ်ဟော့ဖ် ဟာလည်း ဘိုင်ဒန်တို့ ဇနီးမောင်နှံကို ပွေ့ဖက်နှုတ်ဆက်အပြီးမှာ ကားတစ်စင်းနဲ့ အခမ်းအနားကနေထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

    ဘိုင်ဒန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  8. ဘိုင်ဒန်က သူ့မိသားစုဝင်တွေကို ကြိုတင်လွတ်ငြိမ်းခွင့်တွေ ရာထူးမပြီးဆုံးခင်ကလေးမှာ ထုတ်ပြန်ခဲ့

    သမ္မတရာထူးသက်တမ်း မပြီးဆုံးခင်ကလေးမှာပဲ ဂျိုး ဘိုင်ဒန်က သူ့မိသားစုဝင်တွေ အရေးယူမခံရစေဖို့ ကြိုတင်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။ သူ့ကို နစ်နာအောင်ရည်ရွယ်ပြီး တစိုက်မတ်မတ် တိုက်ခိုက်ခဲ့မှုတွေ၊ ခြိမ်းခြောက်ခဲ့မှုတွေကို သူ့မိသားစုဝင်တွေ ခံခဲ့ကြရတယ်လို့ ဘိုင်ဒန်က ပြောပါတယ်။

    “ဒီတိုက်ခိုက်မှုတွေ အဆုံးသတ်သွားလိမ့်မယ်လို့ ယုံကြည်စရာ အကြောင်းရင်း ကျွန်တော့်မှာ မရှိပါဘူး”လို့ ဘိုင်ဒန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဒီကြိုတင် လွတ်ငြိမ်းချမ်းသာမိန့်တွေထဲမှာ ညီဖြစ်သူ ဂျိမ်းစ်နဲ့ ဇနီး ဆာရာ ဂျုန်း၊ ညီမဖြစ်သူ ဗယ်လာရီနဲ့ ခင်ပွန်းသည် ဂျွန် အိုဝဲန်းစ်၊ နောက် ညီဖြစ်သူ ဖရန်စစ် တို့ ပါဝင်ပါတယ်။

    "အခြေအမြစ်မရှိ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် ကျွန်တော်တို့ရဲ့ ဘဝ ကသောင်းကနင်း ဖြစ်ခဲ့ရပြီး ပစ်မှတ်ထား တိုက်ခိုက်ခံရသူ ပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ သူတို့မိသားစုတွေရဲ့ လုံခြုံရေးနဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ ထိခိုက်နစ်နာစေခဲ့ရပါတယ်" လို့ ဘိုင်ဒန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    “အဲဒီလူတွေက ဘာမှ အမှားမလုပ်ခဲ့ကြဘဲ အရေးယူခံရမှုကနေ လုံးဝဥဿုံ လွတ်ကင်းမှာဖြစ်ပေမဲ့ စုံစမ်းစစ်ဆေး အရေးယူခံရမှုတွေကြောင့် သူတို့ရဲ့ သိက္ခာနဲ့ စီးပွားရေးတွေ အဖတ်မဆယ်နိုင်လောက်အောင် ထိခိုက်ခဲ့ရပါတယ်။”

    ဘိုင်ဒန်ဟာ နောက်ထပ် အကျဉ်းသား နှစ်ဦးကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးခဲ့သလို FBI ထောက်လှမ်းရေးအဖွဲ့ဝင်နှစ်ဦးကို သတ်ခဲ့ပြီး ထောင်ထဲကနေ ထွက်ပြေးခဲ့မှုနဲ့ လောလောဆယ် တစ်သက်တကျွန်း ကျခံနေရသူ အသက် ၈၀ အရွယ် အမေရိကန်တိုင်းရင်းလူမျိုး တစ်ဦးဖြစ်သူ လက်နာ့ဒ် ပယ်လ်တီယေ ကိုလည်း ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့ပါတယ်။

    ရာထူးမပြီးဆုံးခင်လေးမှာ သမ္မတလုပ်ပိုင်ခွင့်နဲ့ လွတ်ငြိမ်းချမ်းသာမိန့်တွေ ဘိုင်ဒန်ထုတ်ပြန်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  9. တုံ့ပြန်မှု အမျိုးမျိုးနဲ့ လွှတ်တော်ခန်းမ

    လွှတ်တော်အဆောက်အအုံထဲက ခန်းမထဲမှာတော့ ဒေါ်နယ်ထရမ့်ရဲ့ ရှေ့မှာ ထိုင်နေသူတွေဆီက လက်ခုပ်သံ၊ ချီးမြှောက်သံတွေ အများကြီး ရခဲ့ပါတယ်။

    ဒါပေမဲ့ သူ့နောက်မှာ ထိုင်နေတဲ့ သမ္မတဟောင်း၊ သူ့ သမ္မတ ပြိုင်ဘက်လောင်း ကာမလာ ဟဲရစ်နဲ့ အစိုးရ အသိုင်းအဝိုင်းတို့ကတော့ အဲဒါနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

    ဘိုင်ဒန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  10. “အနာဂတ်က ကျွန်တော်တို့ လက်ထဲမှာပါ” လို့ပြောရင်း ထရမ့် မိန့်ခွန်းအဆုံးသတ်ခဲ့

    ထရမ့်က သူနိုင်ငံရေးလောကထဲ တစ်ကျော့ပြန် ဝင်လာတာနဲ့ ပတ်သက်လို့ “အမေရိကန်ပြည်သူတွေက သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ပြခဲ့ကြတာ ဖြစ်ကြောင်း” သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

    “ကျွန်တော် ခင်ဗျားတို့အရှေ့မှာ အခုလို ရပ်ပြနိုင်တာက ဘယ်အရာမှ မလုပ်နိုင်တာ မရှိဘူးဆိုတာကို သိနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ မဖြစ်နိုင်တာကို လုပ်တာဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်ပါတယ်” လို့ ထရမ့်က ပြောသွားပါတယ်။

    အမေရိကန်ကို ဘယ်သူမှ အောင်နိုင်မှာ၊ ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောရင်းနဲ့ ထရမ့်က သူ့မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။

    “ကျွန်တော်တို့ ဘယ်တော့မှ အရှုံးနဲ့ ရင်ဆိုင်ရမှာမဟုတ်ပါဘူး။ ဒီကနေ့ကစလို့ အမေရိကန် ပြည်ထောင်စုဟာ လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါလိမ့်မယ်”လို့ သူက ပြောသွားပါတယ်။

    “အနာဂတ်က ကျွန်တော်တို့ လက်ထဲမှာပါ။ ကျွန်တော်တို့ရဲ့ ရွှေခေတ် အခုပဲ အစပြုပါတော့မယ်။”

    သမ္မတ ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  11. တူးမယ်၊ တူးကြမယ်

    ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ထရမ့်က သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေအားလုံးကို ငွေကြေးဖောင်းပွမှု "တိုက်ဖျက်ရေး" နဲ့ "စရိတ်တွေနဲ့ ကုန်စျေးနှုန်းတွေ အမြန်ကျဆင်း" ဖို့ အစွမ်းကုန် လုပ်ဆောင်ကြဖို့ ညွှန်ကြားမယ်လို့ ဆိုပါတယ်။

    အမျိုးသား စွမ်းအင် အရေးကြီး ကြေညာချက်ကို ထုတ်ပြန်မှာဖြစ်ပြီး သူ့အစိုးရက အမေရိကန် နယ်မြေမှာ ရေနံနဲ့ ဓာတ်ငွေ့ တူးဖော်ရေးတွေ တိုးပြီး လုပ်ဆောင်မယ်လို့ ထပ်ပြီး ကတိပေးသွားတယ်။

    "အမေရိကန်က ထုတ်လုပ်တဲ့ နိုင်ငံ ပြန်ဖြစ်လာပါမယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံထက်မဆို ရေနံနဲ့ စွမ်းအင် အများဆုံးရှိတယ်၊ အဲဒါတွေကို သုံးကြမယ်။"

    "တူးမယ်၊ တူးကြမယ်" လို့ လက်ခုပ်သြဘာပေးနေသူတွေကို ထရမ့်က ပြောပါတယ်။

  12. တောင်ပိုင်းနယ်စပ်ဆိုင်ရာ အရေးကြီးကြေညာချက်ကို ဒီကနေ့ လက်မှတ်ထိုးမယ်

    အခုအခါ သူသမ္မတ ဖြစ်လာပြီမို့ သူလုပ်ဖို့စီစဉ်ထားတဲ့ သမ္မတ လုပ်ပိုင်ခွင့်အမိန့် တချို့အကြောင်း ထရမ့်က အသေးစိတ် ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

    အမေရိကန် မက္ကဆီကို နယ်စပ်မှာ အရေးကြီး ကြေညာချက် ထုတ်ပြန်ဖို့ သမ္မတ လုပ်ပိုင်ခွင့်အမိန့်ကို ဒီကနေ့မှာ သူလက်မှတ်ရေးထိုးမယ်လို့ ထရမ့်က ပြောပါတယ်။

    တရားမဝင် ခိုးဝင်လာမှု မှန်သမျှ အားလုံးကို ချက်ချင်းဟန့်တားမှာ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။ ဒါ့အပြင် သူ့အစိုးရအဖွဲ့အနေနဲ့ “ရာဇဝတ်ကောင်” သန်းပေါင်းများစွာကိုလည်း လာရာလမ်း ပြန်ပို့ဖို့ လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    မက္ကဆီကိုမှာဆက်နေရေး ပေါ်လစီမူဝါဒ ပြန်ကျင့်သုံးရေးနဲ့ နယ်စပ်ကို တပ်ဖွဲ့ဝင်တွေနဲ့ လူအင်အား ပိုချရေး အပါအဝင် သူစီစဉ်ထားတဲ့ အချက်တွေထဲက တချို့အကြောင်း ထရမ့်က သူ့မိန့်ခွန်းထဲမှာ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

    သမ္မတ ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  13. "အမေရိကန် ရွှေခေတ် အခု စပြီ"လို့ ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းပြော

    ထရမ့်

    “အမေရိကန်ရဲ့ ရွှေခေတ် အခု စပြီလို့ ထရမ့်က ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ ပြောပါတယ်။

    “ဒီနေ့က စပြီး ကျွန်တော်တို့နိုင်ငံ အောင်မြင် ခမ်းနားလာတော့မှာပါ။"

    "အမေရိကန် အရေးကိုပဲ ဦးစားပေး လုပ်သွားပါမယ်။"

  14. ထရမ့် ကျမ်းသစ္စာကျိန်ဆို

    ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အမေရိကန် သမ္မတအဖြစ် ဒေါ်နယ် ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပြီးပါပြီ။

    Hail to the Chief ဆိုတဲ့ တေးသီချင်းနဲ့ ဖျော်ဖြေနေချိန်မှာ အမြောက်တွေနဲ့ ပစ်ဖောက်ဂုဏ်ပြုခဲ့ပါတယ်။

    အဲဒီနောက်မှာ Battle Hymn of the Republic တေးသီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။

    ဒီတေးသီချင်းဟာ ၁၈၆၁ ခုနှစ်က အေဘာရာဟမ် လင်ကွန်း အပါအဝင် အရင် သမ္မတအတော်များများရဲ့ သမ္မတရာထူး လက်ခံပွဲတွေမှာ ဖျော်ဖြေခဲ့ဖူးပါတယ်။

    ဒေါ်နယ် ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုစဉ်မှာ ကျမ်းစာအုပ်နှစ်အုပ်ကို ကိုင်ဆောင် သစ္စာဆိုခဲ့ပါတယ်။ တစ်အုပ်က သူ့မိခင် သူ့ကို ပေးခဲ့တဲ့ ကျမ်းစာအုပ်ဖြစ်ပြီး နောက်တစ်အုပ်ကတော့ လင်ကွန်း ကျမ်းစာအုပ် ဖြစ်ပါတယ်။

  15. ဂျေဒီဗန့်စ် ကျမ်းကျိန်

    ဂျေဒီဗန့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  16. “ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ဘူး” လို့ ကြိုတင်လွတ်ငြိမ်းခွင့်ရသူ ဖောင်ချီ ပြော

    ဘိုင်ဒန်က ကြိုတင်လွတ်ငြိမ်းချမ်းသာမိန့်တချို့ ပေးခဲ့ပြီး အဲဒီထဲကတစ်ဦး ဖြစ်တဲ့ သမ္မတ ဂျိုး ဘိုင်ဒန်ရဲ့ ကျန်းမာရေးအကြံပေးပုဂ္ဂိုလ်ဟောင်း အန်တိုနီ ဖောင်ချီ က သူ့ကို စစ်ဆေးမေးမြန်း အရေးယူဖို့ ကြိုးပမ်းမှုတွေဟာ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတယ်လို့ ပြောပါတယ်။

    မစ္စတာ ဖောင်ချီ ဟာ အမေရိကန်နိုင်ငံမှာ ကိုဗစ် ကပ်ဘေးကာလ တုံ့ပြန်ဆောင်ရွက်မှုတွေကို ကြီးကြပ်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

    “ကျွန်တော် ပြတ်ပြတ်သားသား ရှင်းချင်ပါတယ်။ ကျွန်တော် ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ပါဘူး။ ကျွန်တော့်အပေါ် စွပ်စွဲထားမှုတွေ၊ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေး အရေးယူမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေက ဘာအခြေအမြစ်မှ မရှိပါဘူး” လို့ ပြောပါတယ်။

    ဖောင်ချီ ဟာ ထရမ့်နဲ့ နိုင်ငံရေးမိတ်ဖက်တွေရဲ့ ဝေဖန်ပြောဆိုမှုကို မကြာခဏ ခံခဲ့ရပါတယ်။

    “ဒါပေမဲ့လည်း ဒီအခြေအမြစ်မရှိ ခြိမ်းခြောက်စွပ်စွဲမှုတွေနဲ့ ဒီအချက်တွေအပေါ် အခြေခံပြီး အရေးယူဖို့ လုပ်ခဲ့မှုတွေကြောင့် ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ပြောပြလို့မရအောင် စိတ်ဖိစီးမှုဒဏ်တွေ ရခဲ့ကြပါတယ်”လို့ ဖောင်ချီက ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။

    “ဒီအကြောင်းရင်းတွေကြောင့် ကျွန်တော့်ကို အရေးယူမခံရအောင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ သမ္မတ ဘိုင်ဒန်ကို ကျေးဇူးအထူးတင်ပါကြောင်း ပြောလိုပါတယ်”လို့ ဆိုပါတယ်။

    ဘိုင်ဒန်အစိုးရရဲ့ ကျန်းမာရေးအကြံပေးပုဂ္ဂိုလ်ဟောင်း အန်တိုနီ ဖောင်ချီ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ဘိုင်ဒန်အစိုးရရဲ့ ကျန်းမာရေးအကြံပေးပုဂ္ဂိုလ်ဟောင်း အန်တိုနီ ဖောင်ချီ
  17. ထရမ့်

    ဒေါ်နယ်ထရမ့် လွှတ်တော်ခန်းမထဲကို ရောက်လာပါပြီ။

    မကြာခင်မှာ ကျမ်းသစ္စာကျိန်ဆိုပါတော့မယ်။

    သူ့ဇနီးနဲ့ လက်ရှိ သမ္မတ၊ ဒုသမ္မတ၊ သူ့ရဲ့ ဒုသမ္မတ ဖြစ်လာမယ်သူတို့က သူမလာခင် ကြိုပြီး လွှတ်တော်ခန်းမထဲ ရောက်နေကြပါတယ်။

    ထရမ့်
  18. ဘိုင်ဒန်နဲ့ ဟဲရစ် လွှတ်တော်ထဲ နေရာယူ

    သမ္မတ ဘိုင်ဒန်နဲ့ ဒုသမ္မတ ကာမလာ ဟဲရစ်တို့ လွှတ်တော်ထဲ ဝင်ရောက် နေရာယူကြပါတယ်။

    သူတို့ကို လက်ခုပ်တီး ကြိုဆိုကြပါတယ်

    ဘိုင်ဒန်နဲ့ဟဲရစ်
  19. ဘီလျံနာ သူဌေးကြီးတွေ တစ်တန်းတည်း နေရာယူထား

    အစောပိုင်းက စိန့်ဂျွန်းဘုရားကျောင်းမှာ တွေ့ခဲ့ရတဲ့ မာ့ခ် ဇက်ကာဘာ့ဂ်၊ လောရန်း ဆန်းချက်ဇ်၊ ဂျက်ဖ် ဘီဇော့စ်၊ ဆန်ဒါ ပီချိုင်နဲ့ အီလွန် မတ်စ်ခ် အပါအဝင် နည်းပညာ လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးတွေကို ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုမယ့် ကက်ပီတိုလ် လွှတ်တော်အဆောက်အအုံထဲမှာ တစ်တန်းတည်း နေရာယူထားတာ တွေ့ရပါတယ်။

    ဘီလျံနာ သူဌေးကြီးတွေ တစ်တန်းတည်းတွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  20. ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်လာတဲ့ သမ္မတဟောင်းတွေ

    ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်လာတဲ့ သမ္မတဟောင်းတွေ
    ဘားရက်အိုဘားမား
    ဓာတ်ပုံ ပုံစာ, ဘားရက်အိုဘားမား
    ကလင်တန် ဇနီးမောင်နှံ
    ဓာတ်ပုံ ပုံစာ, ကလင်တန် ဇနီးမောင်နှံ
    ဂျော့ဂျ် ဘွတ်ရှ်နဲ့ လော်ရာဘွတ်ရှ်
    ဓာတ်ပုံ ပုံစာ, ဂျော့ဂျ် ဘွတ်ရှ်နဲ့ လော်ရာဘွတ်ရှ်