တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သေဒဏ်စီရင်မှုတွေ ဆက်လုပ်မယ်လို့ စစ်ကောင်စီပြော

  2. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းများကို ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  3. ဝန်ကြီးဟောင်း သူရဦးအောင်ကို နှလုံးအားနည်းလို့ ဆေးရုံပြ, ဒီကနေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံပယ်ချ

    သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဟောင်း သူရဦးအောင်ကို နှလုံးရောဂါနဲ့ ထောင်တွင်းဆေးရုံကနေ အင်းစိန်ဆေးရုံကို သြဂုတ်လ ၈ ရက်က ပြသခဲ့တယ်လို့ အင်းစိန်ထောင်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ‘’နှလုံးအားနည်းတယ်။သွေးအားနည်းတယ်။တစ်ရက်ပါပဲ။ ကုသမှုပေးပြီးနေ့ချင်းကို ပြန်ခေါ်သွားပါတယ်။ ခုတော့သက်သာပါတယ်’’ လို့ အဆိုပါ သတင်းရင်းမြစ်ကပြောပါတယ်။

    အသက် ၇၅ နှစ် အရွယ် သူရဦးအောင်ကိုဟာ နှလုံခုန်မြန်တတ်ပြီး သွေးတိုးနဲ့ ဆီးချိုရောဂါ လည်း ရှိကာ မကြာခဏ ထောင်တွင်းဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

    ဒီကနေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သူရဦးအောင်ကိုအပေါ်ချမှတ်ထားတဲ့အမိန့်တွေနဲ့ပတ်သက်လို့ အယူခံတင်ထားတာကို ပယ်ချခံခဲ့ရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

    သူရဦးအောင်ကိုအပေါ် အဂတိလိုက်စားမှု ၄ ခု နဲ့ စစ်ကောင်စီက ထောင် ၁၂ နှစ်အထိ ချမှတ်ထားတာပါ။အမိန့်ချပြီးလပိုင်း အကြာမှာပဲ စစ်ကောင်စီက ပြစ်ဒဏ် တစ်ဝက်လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။

    အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးဖြစ်တဲ့ သူရဦးအောင်ကိုဟာ စစ်တက္ကသိုလ်အပတ်စဉ်(၁၁)ဆင်းသူ တစ်ဦးလည်းဖြစ်ပါတယ်။

    အသက် ၇၅ နှစ် အရွယ် သူရဦးအောင်ကိုဟာ နှလုံခုန်မြန်တတ်ပြီး သွေးတိုးနဲ့ ဆီးချိုရောဂါ လည်း ရှိကာ မကြာခဏ ထောင်တွင်းဆေးရုံမှာ ကုသမှုခံယူခဲ့ရ

    ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu

    ဓာတ်ပုံ ပုံစာ, အသက် ၇၅ နှစ် အရွယ် သူရဦးအောင်ကိုဟာ နှလုံခုန်မြန်တတ်ပြီး သွေးတိုးနဲ့ ဆီးချိုရောဂါ လည်း ရှိကာ မကြာခဏ ထောင်တွင်းဆေးရုံမှာ ကုသမှုခံယူခဲ့ရ
  4. ကချင်၊ ဆယ်ဇင်းရွာကို ‌စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကချင်၊ ဆယ်ဇင်းရွာကို ‌စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက် (ပုံဟောင်း)

    ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ် ၊ ဟောင်းပါး ကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီတပ်တွေက ဒီကနေ့ဩဂုတ် ၉ရက် မနက်၁၀နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ အဲ့ဒီနောက် ညနေပိုင်းအချိန်အထိ တိုက်ပွဲတွေဆက်ဖြစ်နေဆဲလို့ သိရပါတယ်။

    ဒါဟာမနေ့ဩဂုတ် ၈ရက်တုန်းက ကချင်လွတ်လပ်မြောက်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တို့က အဲ့ဒီဆယ်ဇင်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းတွေကို သိမ်းပိုက်ပြီး နောက်ဆက်တွဲအနေနဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

    "ကုန်ပစ္စည်းဂိုထောင်တစ်လုံးနဲ့ ဂိုထောင်တစ်လုံးမီးလောင်သွားတယ်။ ဒေသခံတွေက မနေ့ကထဲက လေကြောင်းနဲ့လာပစ်မှာကိုစိုးရိမ်ပြီး ဘုန်း‌ကြီးကျောင်းမှာပဲ သွားခိုနေကြတာ၊ ဒီနေ့တော့ လာပစ်သွားပြီ" လို့ ဆယ်ဇင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့က သိမ်းပိုက်ခံရတဲ့ ရှမ်းနီတပ်စခန်းကတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်အစပ် ရွှေပြည်မြင့် ကြိုးတံတားနားကစခန်းဖြစ်ပါတယ်။

    ဖားကန့်မြို့နယ် ဟောင်းပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတို့အကြား ဇူလိုင် ၁၆ ရက်ကစပြီး ၄ရက်လောက်တိုက်ပွဲဖြစ်ခဲ့တာပါ။

    မနေ့တုန်းက ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပြီး အခုလိုတပ်စခန်းသိမ်းခဲ့တာလို့သိရပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီကနေ့ ညနေပိုင်းအချိန်အထိ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

  5. လွိုင်လင်လေးအရှေ့ဘက်ခြမ်းဒေသကို လေကြောင်းနဲ့သုံးကြိမ်တိတိတိုက်ခိုက်

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လွိုင်လင်လေးအရှေ့ဘက်ခြမ်းဒေသကို လေကြောင်းနဲ့သုံးကြိမ်တိတိတိုက်ခိုက် (ပုံဟောင်း)

    ဒီကနေ့ဩဂုတ် ၉ရက် မနက်အစောပိုင်းမှာ ကယားပြည်နယ်၊လွိုင်ကော်မြို့အနီးက လွိုင်လင်လေး‌အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းနဲ့ သုံးကြိမ်တိတိလာရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။

    "အဲ့ဒီနေရာက စစ်ရှောင်တွေအများစုရှိတဲ့နေရာပါ၊ လွိုင်လင်လေးတဝိုက်ကတချို့ လွိုင်ကော်မြို့ပေါ်ကပါ စစ်ရှောင်နေကြတဲ့စခန်းတွေပါ။ တိုက်ပွဲမရှိဘဲ ရုတ်တရက်ပစ်သလို၊ လက်နက်ကြီး ပစ်ကူတွေလည်း တော်တော်လှမ်းပစ်တယ်" လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

    ဒီလို လေကြောင်းနဲ့ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ပြောပေမဲ့ အသေးစိတ် တော့မသိရသေးပါဘူး။

    ကယားပြည်နယ် (ကရင်နီ) မှာတော့ ဇူလိုင်လကုန် ဩဂုတ်ပထမအပတ်အတွင်း ဒီးမော့ဆို၊ ဘောလခဲ၊ လွိုင်ကော်နဲ့ ဖယ်ခုံတို့မှာ တိုက်ပွဲတွေရှိခဲ့ပြီး စစ်ကောင်စီဘက်က ဆယ်ဦးနီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

  6. ဝက်လက်၊ရေလမော်ရွာက နေအိမ် ခြောက်လုံးမီးရှို့ခံရ

    Wetlet People's Defense Force Battalion 2

    ဓာတ်ပုံ ရင်းမြစ်, Wetlet People's Defense Force Battalion 2

    ဓာတ်ပုံ ပုံစာ, ဝက်လက်၊ရေလမော်ရွာက နေအိမ် ခြောက်လုံးမီးရှို့ခံရ

    မနေ့ဩဂုတ် ၈ရက်တုန်းက ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ရေလမော်ရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး မီးရှို့သွားခဲ့တယ်လို့ ဒေသခတွေကပြောပါတယ်။

    တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာတွေထဲဝင်ရောက်လာတာဖြစ်ပြီး နေအိမ်ခြောက်လုံးကိုလည်း မီးရှို့သွားခဲ့တယ်လို့ ဆိုပါတယ်။

    "ဧရာဝတီအရှေ့ဘက်ကမ်း မန္တလေးတိုင်း၊ စဉ့်ကူဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတွေက ဒီဘက်အနောက်ဘက်က ဝက်လက် အပိုင်ရွာတွေထဲကိုဝင်တာပါ။ အခုဒီမနက်လည်း အင်တောင်းရွာကို ဆက်ဝင်နေတယ်"လို့ ဝက်လက်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလိုစစ်ကောင်စီတပ်တွေဝင်ရောက်နေတာကြောင့် ရေလမော်၊ အင်တောင်း၊ သရက်ပင်ဆိပ်စတဲ့ ရွာတွေအပါအဝင် အနည်းဆုံးရွာငါးရွာက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

  7. မူးကမ်းကြီးကျေးရွာ နှစ်ရက်ဆက်တိုက် မီးရှို့ခံရ

    စစ်ကောင်စီတပ်တွေ မနေ့က မီးရှို့ခဲ့တဲ့ ဒီပဲယင်းမြို့နယ်ထဲက မူးကမ်းကြီးနဲ့ ဆူးတပ် ကျေးရွာကို ဩဂုတ် ၉ ရက် မနက် ၁၁ နာရီလောက် မှာလည်း မီးထပ်ရှို့နေတယ်လို့ ရွာခံတွေက ပြောပါတယ်။

    မီးခိုးလုံးတွေ တလိပ်လိပ်တက်လာတာတွေ့ရပြီး လက်ရှိ အချိန်အထိရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေသေးတာကြောင့် အပျက်အစီး အတိုင်းအဆကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

    မနေ့ညနေပိုင်းက ရှို့တဲ့မီးဟာ ည ၁၁ နာရီလောက်အထိ လောင်ခဲ့ပြီး ဒီနေ့ထပ်ရှို့တာလို့ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

    ‘’စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်သားတစ်ရာဝန်းကျင်လောက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ပြီးဝင်လာတာ’’ လို့ ရွာခံကပြောပါတယ်။

    အဆိုပါ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်က အရာတော်မြို့နယ်ထဲက မင်းရွာကို လေကြောင်းနဲ့ပစ်ပြီး အင်အားချသွားတဲ့ စစ်ကြောင်းလို့ ဒေသခံတွေကပြောပါတယ်။

    မူးကမ်းကြီးကျေးရွာ မီးရှိုခံရတာ သုံးကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း ရွာကနေအိမ် ၁၆၀ နီးပါးပျက်စီးခဲ့ပြီး လူဦးရေသောင်းချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

    နှစ်ရက်ဆက်တိုက် မီးရှို့ခံရတဲ့ မူးကမ်းကြီးရွာ

    ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်ညီနောင်များ

    ဓာတ်ပုံ ပုံစာ, နှစ်ရက်ဆက်တိုက် မီးရှို့ခံရတဲ့ မူးကမ်းကြီးရွာ
  8. မြန်မာမှာ တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

    DEPARTMENT OF MINES, KACHIN STATE

    ဓာတ်ပုံ ရင်းမြစ်, DEPARTMENT OF MINES, KACHIN STATE

    ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ် မြောက်ပိုင်းက မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ငန်းခွင် တစ်ခု

    အခုနှစ် မတ်လအတွင်းက ရိုက်ကူးထားတဲ့ ဂြိုလ်တုစိစစ်လေ့လာချက်အရ မြန်မာနိုင်ငံ မြောက်ပိုင်းက စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ဒါကြောင့် မြန်မာမှာ ဒီလိုတရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြင့် တိုးချဲ့ဆောင်ရွက်နေပြီး လူ့အခွင့်အရေးချိုး‌ဖောက်မှုတွေအပါအဝင် ပတ်ဝန်းကျင်က မြေထုနဲ့ ရေအရင်းအမြစ်ကို အဆိပ်သင့်စေကာ သဘာဝပတ်ဝန်းကျင် ဆိုင်ရာပျက်စီးမှုတွေကို ပိုများလာစေတယ်လို့ ဖော်ပြပါတယ်။

    စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ပြည်တွင်းမှာတရားမဝင်သဘာဝသယံဇာတတွေခိုးယူထုတ်လုပ် မှုသိသိသာသာ များလာတယ်လို့ စစ်တမ်းတွေကဖော်ပြထားကြပြီး အခု Global Witness ရဲ့ နောက်ဆုံးတွေ့ရှိချက်အရလည်း မြန်မာပြည်မြောက်ပိုင်းဟာ ကမ္ဘာ့ အတွက် အရေးပါတဲ့ တွင်းထွက် သတ္တုတွေအများဆုံးထွက်ရှိရာ အရင်းအမြစ်ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။

    ဒါဟာ အခုနှစ်အနည်းငယ်အတွင်းမှာပဲ တရုတ်နိုင်ငံဟာ သူတို့ရဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအများစုကို ကချင်ပြည်နယ်က ဝေးလံခေါင်းဖျားတဲ့ဒေသတွေမှာ နယ်စပ်ဖြတ် ‌ကျော်ကာ ရွှေ့ပြောင်း လုပ်ကိုင်နေတာကို တွေ့ရှိနေရတာကြောင့်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။

    ဒီလိုတရားမဝင် မြေရှားတူးဖော်မှုရေးလုပ်ငန်းတွေကနေ စစ်ကောင်စီအပါအဝင် သူတို့နဲ့ ဆက်စပ်နေတဲ့ ပြည်သူ့စစ်အဖွဲ့တွေဆီ ငွေကြေးပံ့ပိုးပေးနေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

  9. ပြည်ပကနေ ရေနံနဲ့ ရေနံထွက်ပစ္စည်း တင်သွင်းမှု လျှော့ချဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

    ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းနေရလို့ ပြည်ပကနေတင်သွင်းမှု လျှော့ချသွားဖို့လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌကပြောလိုက်ပါတယ်။

    မနေ့က နေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များ ညှိနှိုင်းမှုအစည်းအဝေးမှာ ပြောလိုက်တာပါ။

    ပြည်တွင်းမှာ အထိုက်အလျောက် ရေနံထွက်ရှိပြီး အချို့ဒေသများရှိ တွင်းတိမ်ရေနံတူးဖော် ထုတ်လုပ်မှုတွေ စနစ်တကျဖြစ်ဖို့လိုပြီး ရေနံထုတ်လုပ်မှုလုပ်ငန်းတွေကို တိုင်းပြည်အတွက် အကျိုးရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြဖို့လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌပြောတဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုတဲ့အထဲမှာ စက်သုံးဆီပါပါဝင်ပေမယ့် လက်ရှိတင်သွင်းခွင့်ပြုနေတဲ့ စက်သုံးဆီပမာဏကို ချက်ချင်းဖြတ်တောက်ဖို့ ညွှန်ကြားတာမဟုတ်ဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

    ‘ပထမအဆင့်က ပညာပေးခြင်းအားဖြင့် ခြွေတာနိုင်ဖို့၊ ဒုတိယအဆင့်က ပြည်တွင်းကနေထုတ်လုပ်သုံးစွဲနိုင်ဖို့၊တတိယအဆင့်က ပြည်ပကနေ တင်သွင်းတဲ့အခါ ခိုင်မာပြီးစျေးသက်သာတဲ့ ရေနံနဲ့စက်သုံးဆီ ရရှိနိုင်ဖို့ဖြစ်တယ်’လို့ သူကပြောပါတယ်။

    နိုင်ငံတော်ရဲ့အရန်အဖြစ်သိုလှောင်ထားတဲ့ စက်သုံးဆီပမာဏ အလုံအလောက်ရှိတယ်လို့လည်း သူကပြောပါတယ်။

    စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကတော့ လက်ရှိမှာတောင် စျေးကွက်ကလိုအပ်တဲ့ ပမာဏကို မဖြည့်ဆည်းပေးနိုင်လို့ လက်ရှိထက်လျှော့ချရင် ပိုပြီးကျပ်တည်းတဲ့အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်ပါတယ်။ ပြည်တွင်းကထုတ်နိုင်တဲ့အခြေအနေလည်း မရှိဘူးလို့ သူကဆက်ပြောပါတယ်။

    ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းနေရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းနေရ
  10. ဇူလိုင်လအတွင်း စစ်ကောင်စီနဲ့ KNU အကြား တိုက်ပွဲအကြိမ်ရေ ၃၀၀နီးပါးဖြစ်ခဲ့, စစ်ကောင်စီ ၃၀၀ကျော်သေဆုံးခဲ့တယ်လို့ KNU ပြော

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဇူလိုင်လအတွင်း စစ်ကောင်စီနဲ့ KNU အကြား တိုက်ပွဲအကြိမ်ရေ ၃၀၀နီးပါးဖြစ်ခဲ့ (ပုံဟောင်း)

    ပြီးခဲ့တဲ့ ဇူလိုင်တစ်လအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ ၆ခုလုံးမှာ စစ်ကောင်စီနဲ့ နေ့စဉ်တိုက်ပွဲရှိခဲ့ပြီး စုစုပေါင်း တိုက်ပွဲအကြိမ်ရေ ၂၅၉ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေဘက်က ၃၈၆ ဦးသေဆုံးကာ အယောက် ၂၈၀အထိ ထိခိုက်ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

    တဖက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ပူးပေါင်းအဖွဲ့တွေကတော့ ၁၂ဦးသေဆုံးပြီး ၂၆ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီတိုက်ပွဲတွေထဲ မူတြော်ခရိုင်၊ တပ်မဟာ ၅နယ်မြေမှာ အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေလည်း ၉၅ဦးအထိ အများဆုံးသေဆုံးထားတာကို အချက်အလက်အရတွေ့ရပါတယ်။ KNU ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ကာ လမ်းပြအဖြစ်ဖြစ်စေ၊ လူသားဒိုင်းအဖြစ်ပါ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့လအတွင်း ပြည်သူ ၁၉ဦး‌ထိသေဆုံးခဲ့ရသလို အရပ်သားဦးရေ သိန်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီလို့ ဖော်ပြထားပါတယ်။

  11. အလုပ်သမား ၄၀၀ကျော်ကို နစ်နာကြေးမပေးဘဲအလုပ်ထုတ်ခဲ့တဲ့ Honeysစက်ရုံခွဲသစ်ဖွင့်ဖို့ရှိ, ဆန္ဒဖော်ထုတ်ကန့်ကွက်သွားမယ်လို့ တက်ကြွလှုပ်ရှားသူတွေပြော

    သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ(STUM)

    ဓာတ်ပုံ ရင်းမြစ်, သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ(STUM)

    ဓာတ်ပုံ ပုံစာ, ၂၀၁၇ခုနှစ် ၊ Honeys စက်ရုံအလုပ်သမားသပိတ်မြင်ကွင်း။

    ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်က အလုပ်သမားအခွင့်အရေးဆုံးရှုံးနေတာကြောင့်ဆိုကာ ဆန္ဒပြမှု တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Honeys အထည်ချုပ်စက်ရုံဟာ အခုလာမယ့်ကာလအတွင်း စက်ရုံခွဲအသစ် ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာကြောင့် ကန့်ကွက်မှုတွေလုပ်ဆောင်သွားမယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    "စက်ရုံက ဂျပန်နိုင်ငံသားပိုင်တာ၊ သူ့နိုင်ငံကသတင်းဌာနမှာ အင်တာဗျူးဖြေခဲ့တယ်။ မြန်မာမှာ ဒီ ၂၀၂၂ ကနေ ၂၀၂၃ ကာလအတွင်း အမေရိကန်ဒေါ်လာ၁၀သန်းကျော်မြှုပ်နှံ့မယ်လို့ပြောတယ်။ အရင်က အလုပ်သမားအခွင့်အရေးမပေးဘဲ လူရာချီအလုပ်ထုတ်ခဲ့တဲ့ စက်ရုံက ဒါတွေကို ထပ်ချိုးဖောက်နေမှာပဲ။ ဒီတော့ ကန့်ကွက်မှုတွေဆက်လုပ်မှာပါ" လို့ အရင်ဆန္ဒပြပွဲတွေမှာလည်း ဦးဆောင်ခဲ့သူ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်၊ ဒေါ်မျိုးမျိုးအေးက ဘီဘီစီကိုပြောပါတယ်။

    အခုလိုကန့်ကွက်မှုတွေလုပ်ဆောင်မယ့်အပေါ် စက်ရုံဘက်ကသဘောထားနဲ့ပတ်သက်ပြီး ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ဒီအထည်ချုပ်စက်ရုံမှာ ၂၀၁၇ခုနှစ်တုန်းက အလုပ်သမားအခွင့်အရေးအပြည့်အဝပေးဖို့ တောင်းဆိုခဲ့ကြတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်နဲ့ ခေါင်းဆောင်တွေအပါအဝင် အယောက် ၄၀၀ကျော်ကို စက်ရုံကနေ နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခဲ့တယ်လို့ အလုပ်သမားအရေးကျွမ်းကျင်သူတွေက ‌ဆိုပါတယ်။

    ဒါဟာ ခုံသမာဓိရုံးရဲ့ နစ်နာကြေးပေးစရာမလိုဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်ဆိုပေမဲ့ ဒီဆုံးဖြတ်မှုဟာလည်း တရားမျှတမှုမရှိဘူးလို့ဆိုကာ ကန့်ကွက်မှုတွေဆက်တိုက်ရှိခဲ့တယ်လို့ ပြောကြပါတယ်။

    စက်ရုံဘက်ကလည်း ဒီလိုဆန္ဒပြမှုတွေကြောင့် လုပ်ငန်းလည်ပတ်ဖို့ကြန့်ကြာတယ်ဆိုကာ သိန်းပေါင်း နှစ်သောင်နီးပါးအလျော်ရလိုမှုအဖြစ်တရားမမှုနဲ့ အဲ့ဒီသပိတ်မှာဦးဆောင်ခဲ့တဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်က ဒေါ်မျိုးမျိုးအေးကို တရားစွဲဆိုခဲ့ပြီး လက်ရှိအချိန်အထိလည်း အမှုရင်ဆိုင်နေရဆဲလို့ သိရပါတယ်။

    ဒီ Honeys အထည်ချုပ်စက်ရုံဟာ မင်္ဂလာဒုံစက်မှုဇုန်မှာ ဖွင့်လှစ်ဆဲစက်ရုံနှစ်ရုံရှိကာ အဲ့ဒီစက်မှုဇုန်ထဲမှာပဲနောက်ထပ် ရုံအသစ်ထိုးချဲ့ဖွင့်ဖို့လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

  12. ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာပြည်ဘက် ပြန်ပို့နိုင်ရေး တရုတ်က ကြားဝင် ကူညီဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ လိုလားနေ

    ဒါကာခရီးစဉ်

    ဓာတ်ပုံ ရင်းမြစ်, re

    ဓာတ်ပုံ ပုံစာ, ဒါကာခရီးစဉ်မှာ နှစ်နိုင်ငံ နားလည်မှု စီးပွားရေး စာချုပ်တော်တော်များများ လက်မှတ်ထိုး

    ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာပြည်ဘက် ပြန်လည် လွှဲပြောင်း ပေးနိုင်ရေး အထမြောက် လာစေဖို့ရာ တရုတ်နိုင်ငံက ကြားဝင် ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ တရုတ်အစိုးရကို မေတ္တရပ်ခံထားတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

    တရုတ်ပြည်မကြီး အစိုးရဟာ ခေတ်အဆက်ဆက် မြန်မာ စစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပြီး၊ မြန်မာ အာဏာသိမ်း စစ်အစိုးရတွေ အပေါ်မှာ တစုံတရာ အတိုင်းအတာထိ ဩဇာသက်ရောက် နိုင်စွမ်း ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ခံထားရပါတယ်။

    မကြာခင်ကပဲ ပုဂံမြို့ထိလာပြီး အာဆီယံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး ပြုလုပ်သွားတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဥ်ကို အခု ရက်ပိုင်းကပဲ ပြုလုပ်ခဲ့ပါတယ်။

    ဘေဂျင်းနိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ ဒါကာမြို့တော်ကို စနေနှောင်းပိုင်းမှာ ရောက်လာခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာနဲ့ရော နိုင်ငံခြားရေး ဝန်ကြီး အေကေ အဗ္ဗဒူလ် မိုမင်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

    တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး တွေ ပိုပြီး တိုးတက် ခိုင်မြဲရစေမယ်လို့ ဝန်ကြီးဝမ်ယိက ကတိပြု ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီလို တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေးမှာသာမက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးမှာလည်း တရုတ် အစိုးရ အနေနဲ့ ကြားဝင် ကူညီဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က မျှော်လင့်နေတယ် ဆိုပြီး နိုင်ငံခြားရေးရာ အငယ်တန်း ဝန်ကြီးတစ်ဦး ဖြစ်တဲ့ ရှဟီယား အာလမ်ကို ကိုးကားလို့ ဘင်္ဂလားဒေ့ရှ် ပြည်တွင်း သတင်းဌာနတွေက ရေးကြပါတယ်။

    တရုတ်ဘက်ကလည်း ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်း ဖြေရှင်း နိုင်ရေးမှာ တရုတ်အစိုးရဘက်က ဆက်လက် အကူအညီ ပေးသွားဖို့ရာ ကတိပြုထားပြီး၊ လက်ရှိ မြန်မာနိုင်ငံ ပြည်တွင်း အခြေအနေတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အပေါ်မှာသာမက တခြား နိုင်ငံတွေ အပေါ်မှာပါ သက်ရောက် ရိုက်ခတ်မှုတွေ၊ အခက်အခဲတွေ ပေါ်ပေါက်လာစေတယ်လို့ ဝန်ကြီးဝမ်ယိက ပြောဆိုခဲ့တယ်ဆိုပြီး ရှဟီယား အာလမ်က ပြန်ပြောင်း ပြောပါတယ်။

    ဒုက္ခသည် လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ၂၀၁၇ နိုဝင်ဘာမှာ အဲဒီအချိန်တုန်းက မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကြား သဘောတူမှု ရရှိလာအောင် တရုတ်က အဓိက ကြားဝင် ဆောင်ရွက် ပေးခဲ့တယ်လို့ နားလည်ရပါတယ်။

    “ရိုဟင်ဂျာ ဒုက္ခသည်အရေးမှာ တရုတ်ရဲ့အကူအညီ ဆက်လက် လိုအပ်နေပါတယ်။ အကျပ်အတည်း ဖြေရှင်းရေး တိုးတက်မှုတွေ ရှိအောင် တရုတ်က လုပ်ဆောင်ပေးခဲ့ပြီး၊ အခြေအနေကြီး တစ်ခုလုံး ဆုံးခန်းတိုင် အထမြောက်သွားဖို့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ အထူးလိုလား နေပါတယ်” လို့ အငယ်တန်းဝန်ကြီး မစ္စတာ အာလမ်က ဆိုပါတယ်။

  13. ၈ လေးလုံး နှစ်ပတ်လည်နေ့ အစ္စရေးနဲ့ ဂျပန်မှာ ဆန္ဒပြ၊ တိုကျိုမှာ ဂျပန်လူမျိုးတွေ ကိုယ်တိုင်ပါဝင်

    Tel Aviv မြို့က မြန်မာ သံရုံးရှေ့မှာ အစ္စရေးရောက် မြန်မာတွေ ၈ လေးလုံးနေ့ ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, U Aung Thu

    ဓာတ်ပုံ ပုံစာ, Tel Aviv မြို့က မြန်မာ သံရုံးရှေ့မှာ အစ္စရေးရောက် မြန်မာတွေ ၈ လေးလုံးနေ့ ဆန္ဒပြ

    ဒီကနေ့ ကျရောက်တဲ့ ၈၈၈၈ လူထုအုံကြွမှု ၃၄ နှစ်မြောက် နှစ်ပတ်လည် နေ့မှာ မြန်မာနိုင်ငံ တဝန်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ ပြုလုပ်ခဲ့ကြသလို ပြည်ပ နိုင်ငံတချို့မှာလည်း အထိမ်းအမှတ် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

    အစ္စရေးနိုင်ငံမှာ Tel Aviv မြို့က မြန်မာ သံရုံးရှေ့မှာ မြန်မာနိုင်ငံသားတွေ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင် ပြုတ်ကျရေး တောင်းဆိုခဲ့ကြပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပြင် နောက် အရပ်သား နှစ်ယောက်ကို မကြာသေးခင်က သေဒဏ် စီရင်ခဲ့မှုကို ရှုတ်ချကြောင်းလည်း ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

    မနက် ၉ နာရီကနေ စတင်တဲ့ ဆန္ဒပြပွဲမှာ လူပေါင်း ၆၀ ကျော် ပါဝင်ခဲ့ကြတယ်လို့ ကိုယ်တိုင်ပါဝင်ခဲ့သူတွေက ပြောပါတယ်။

    ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ဂျပန်လူမျိုးတွေ ကိုယ်တိုင် ပါဝင်တဲ့ ၈၈၈၈ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် လမ်းလျှောက် ချီတက် ဆန္ဒပြပွဲနဲ့ မြန်မာ သံရုံးရှေ့မှာ သွားရောက် ဆန္ဒပြပွဲ ဆိုပြီး နှစ်မျိုး ပြုလုပ်ခဲ့ကြပါတယ်။

    ဂျပန်လူမျိုး ၃၀ လောက် ပါဝင်တဲ့ လမ်းလျှောက် ဆန္ဒပြပွဲကို နေ့လယ်ပိုင်းမှာ Gotanda ပန်းခြံကနေ စတင်ထွက်ခွာခဲ့ကြပြီး သံရုံးဘေး ပန်းခြံအထိ ချီတက်ဆန္ဒပြကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာသံရုံးရှေ့ မှာ နေ့စဉ် ဆန္ဒပြနေသူတွေနဲ့ သွားရောက်ပူးပေါင်းပြီး ညနေပိုင်းအထိ ဆန္ဒပြခဲ့ကြပါတယ်။

    ရုံးဖွင့်ရက် ဖြစ်ပေမဲ့ လူပေါင်း ၃၀၀ လောက်အထိ ပါဝင်ခဲ့ကြတယ်လို့လည်း ဂျပန်ရောက် မြန်မာ တွေက ပြောပါတယ်။

    ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, ရောင်စုံနွေဦး

    ဓာတ်ပုံ ပုံစာ, ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြ
  14. စွပ်စွဲခံရတဲ့ ရဟတ်ယာဉ်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်တရားရုံး တက်ရောက်, ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ဆို

    Myanmar State Counsellor Office

    ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office

    ဓာတ်ပုံ ပုံစာ, စွပ်စွဲခံရတဲ့ ရဟတ်ယာဉ်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်တရားရုံး တက်ရောက်

    နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ အမှုတွေထဲက ရဟတ်ယာဉ်ငှားရမ်းမှု၊ ပြင်ဆင်မှုနဲ့ ဆက်စပ်တဲ့ အဂတိအမှု နှစ်မှုအတွက် ဒီကနေ့ ဩဂုတ် ၈ရက်မှာ စစ်ဆေးခဲ့ပါတယ်။

    နေပြည်တော်အကျဉ်းထောင်၊ အထူးတရားရုံးက ရုံးထုတ်စစ်ဆေးမှုကိုတော့ အတိုင်ပင်ခံရော သမ္မတဦးဝင်းမြင့်ပါ တရားရုံးတက်ရောက်ခဲ့တာပါ။

    ဒီကနေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေအဖြစ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဒုဝန်ကြီးဟောင်း ဦးစိုးအောင်ကို ဆက်လက်စစ်ဆေးတယ်လို့ ပြောပါတယ်။

    ဒီကနေ့ရုံးချိန်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ မျက်မြင်တွေ့တဲ့ တရားရုံးအသိုင်းအဝိုင်းကဆိုပါတယ်။

    လာမယ့် သြဂုတ် ၁၅ရက်မှာတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်ပြီးတရားစွဲထားတဲ့ လရောင်တောစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်။

  15. လဝက ရုံးအပစ်ခံရပြီးနောက် ရေးမြို့မှာ လုံခြုံရေးတင်းကျပ်

    မွန်ပြည်နယ်၊ရေးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံး သြဂုတ်လဆန်းပိုင်းက ပစ်ခတ်ခံရပြီး အရာရှိ နှစ်ဦး သေဆုံးသွားပြီးတဲ့နောက် မြို့တွင်းမှာ လုံခြုံရေးတိုးမြှင့်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ညမထွက်ရအမိန့်ကို ယခင်က ည ၁၀ နာရီ သတ်မှတ်ထားရာကနေ ည ၈ နာရီ ကိုပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်စာထုတ်ပြန်ပါတယ်။

    ဒါ့အပြင် ရပ်ကွက်ထောက်ခံချက်နဲ့ မှတ်ပုံတင်မပါရင် နယ်ကျော်ခရီးသွားခွင့်မပြုဘူးလို့ ထွေအုပ်ရဲ့အမိန့်စာထဲ ထည့်ထားပါတယ်။

    မြို့တွင်းလမ်း ခြောက် လမ်းကို လည်း ခွင့်ပြုချက်မရဘဲ ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ အမိန့်ထုတ်ထားတဲ့အပြင် တံတားတွေနဲ့ ကူးတို့ဆိပ်တွေကိုပါ လုံခြုံရေးတင်းကျပ်ထားပါတယ်။

    သြဂုတ်လ ၁၂ ရက်အထိ အထက်ပါတားမြစ်ချက်တွေကို ပညာပေးကာလသတ်မှတ်ထားပြီး အဲဒီကာလကျော်လို့ဖောက်ဖျက်ရင်အရေးယူမယ် လို့ ထွေအုပ်က ထုတ်တဲ့အမိန့်စာထဲပါဝင်ပါတယ်။

    ရေးမြို့နယ်ကို ဒေသန္တရအမိန့်ထုတ်

    ဓာတ်ပုံ ရင်းမြစ်, ရေးမြို့နယ် ထွေ/အုပ်

    ဓာတ်ပုံ ပုံစာ, ရေးမြို့နယ်ကို ဒေသန္တရအမိန့်ထုတ်
  16. ဒီမိုကရေစီအရေးအတွက်ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူရပ်တည်နေတယ်လို့ နိုင်ငံတကာသံရုံးတွေထုတ်ပြန်, ဂျပန်ရောက်မြန်မာတွေက မြန်မာသံရုံး‌ရှေ့ ဆန္ဒထုတ်ဖော်

    ကိုဥက္ကာ

    ဓာတ်ပုံ ရင်းမြစ်, ကိုဥက္ကာ

    ဓာတ်ပုံ ပုံစာ, ဂျပန်ရောက်မြန်မာတွေက မြန်မာသံရုံး‌ရှေ့ ဆန္ဒထုတ်ဖော်

    စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်ချုပ်ချယ်မှု‌‌‌‌အောက်မှာ တရားမျှတမှု၊ လူ့အခွင့်အရေး ၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းကြတဲ့ မြန်မာနိုင်ငံတဝန်းက ပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါသံရုံးတွေကဒီကနေ့ သြဂုတ် ၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ဒါဟာ ဩဂုတ် ၈ရက်မှာကျရောက်တဲ့ ၃၄နှစ်မြောက် ၈၈၈၈ ‌အရေးတော်ပုံနှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီထောက်ခံဆန္ဒပြပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ ထောင်ပေါင်းများစွာသော ရဟန်း၊ ကျောင်းသားတွေအပါအဝင် ပြည်သူဝန်ထမ်းတွေအားလုံးကို ချီးကျူးဂုဏ်ပြုကာ အောက်မေ့သတိရတဲ့အနေနဲ့ ထုတ်ပြန်တာလို့ ဆိုပါတယ်။

    ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို နိုင်ငံတကာရောက်မြန်မာတွေကလည်းဆန္ဒထုတ်ဖော်ကြပြီး ဂျပန်ရောက်မြန်မာတွေကတော့ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ စစ်အာဏာသိမ်းဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်တာကိုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ၁၉၈၈ သြဂုတ်လ ၈ ရက် ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုဟာ လွတ်လပ်ပြီးခေတ် မြန်မာ သမိုင်းမှာ အကြီးဆုံး လူထု အုံကြွမှု အဖြစ်ထင်ရှားပြီး ဒီအရေးအခင်းဟာမြန်မာပြည်မှာ အနှစ် ၂ဝ ကျော် ပျောက်ကွယ်နေတဲ့ နိုင်ငံရေး မျိုးဆက်ကိုအသက်ပြန်သွင်းပေးလိုက်တာလို့ နိုင်ငံရေးသမားတွေကပြောထားပါတယ်။

  17. နမ္မတီးအထကကျောင်း ဂိတ်ပေါက်မှာ ပေါက်ကွဲမှုဖြစ်

    ကချင်ပြည်နယ်၊ မိုးကောင်းမြိုနယ် နမ္မတီးမြို့အထက်တန်းကျောင်း ဂိတ်ပေါက်မှာ သြဂုတ် ၈ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ‌မြို့ခံတွေက ပြောပါတယ်။

    နမ္မတီး အထက ကျောင်းရဲ့ ဂိတ်ပေါက်တွေမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဂိတ်စောင့်တာတွေရှိတယ်လို့ဆိုပါတယ်။

    လူထိခိုက်မှုမရှိပေမဲ့ ကျောင်းသားမိဘတွေကစိုးရိမ်လို့ ကလေးတွေကို သွားခေါ်ပေမဲ့ ပေးထွက်ခွင့်မပြုဘဲ ကျောင်းဆင်းချိန်မှသာ ပြန်ခွင့်ပြုမယ်လို့ ကျောင်းဘက်ကပြောကြောင်း ကျောင်းသားမိဘအချို့ကပြောပါတယ်။

    '' ကျောင်း က ဂိတ် ၂ဂိတ်ရှိတယ်။ အခုက တဖက်မှာဖြစ်တာ၊ ကျောင်းတက်နေကြတဲ့ အချိန် မှာဖြစ်တာ'' လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

    ဒါ့အပြင်နမ္မတီးမြို့ ၊ မြို့လှ ရပ်ကွက် စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေသူ ရဲ့ အိမ် မှာ သြဂုတ်လ ၇ ရက် ည ၉နာရီလောက်က မိုင်းပေါက်ကွဲပြီး နေအိမ်အနည်းငယ်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

    ကျောင်းဂိတ်ပေါက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နမ္မတီးကျောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကျောင်းဂိတ်ပေါက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နမ္မတီးကျောင်း
  18. သာကေတ၊ ဆောက်လုပ်ရေးမှတ်တိုင်အနီးပေါက်ကွဲမှုဖြစ်, ဘတ်စ်ကားတွေပေါ်လည်းစစ်ဆေး‌တာတွေရှိတယ်လို့ မြို့ခံအချို့ပြော

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သာကေတ၊ ဆောက်လုပ်ရေးမှတ်တိုင်အနီးပေါက်ကွဲမှုဖြစ် (ပုံဟောင်း)

    ဒီကနေ့ ဩဂုတ် ၈ရက် မနက်အစောပိုင်းမှာ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က ဆောက်လုပ်ရေး မှတ်တိုင်အနီးမှာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေကနေသိရပါတယ်။

    ပေါက်ကွဲမှုပြီးတဲ့နောက် စစ်ကောင်စီဘက်က မော်တော်ကားတွေကို စစ်ဆေးတဲ့အပြင် အများပြည်သူအသုံးပြုတဲ့ YBS ဘတ်စ်ကားတွေပေါ်ကိုပါ စစ်ဆေးတာတွေလုပ်ဆောင်တယ်လို့ ဆိုပါတယ်။

    "ဗုံးစမှန်တဲ့သူတစ်ဦးရှိတယ်ကြားတယ်၊ ဒဏ်ရာမပြင်းထန်ဘူး။ လမ်းတွေပိတ်ထားပြီး သူတို့တွေကပဲဆေးခန်းပို့တယ်၊ လူမှုရေးအသင်းတွေပေးမဝင်ဘူးတဲ့။ ဗုံးနှစ်လုံးက ပေါက်ပြီးတော့ တစ်လုံးကမပေါက်သေးတဲ့ အချိန် စစ်ကောင်စီတွေကတွေ့တော့ သူတို့ဘာသာခွဲပြီး လမ်းပြန်ဖွင့်တယ်" လို့ သာကေတနေ ပြည်သူတစ်ဦးက ပြောပါတယ်။

    ဒီပေါက်ကွဲမှုဟာ ဒီကနေ့မှာကျရောက်တဲ့ ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်နေ့အတွက် ဆောင်ရွက်တာလို့လည်း မြို့ပြပြောက်ကျားအသိုင်းအဝိုင်းကဆိုပါတယ်။

    စစ်ကောင်စီကလည်း ဒီနေ့မှာ ရန်ကုန်မြို့တွင်းလုံခြုံရေးပိုတင်းကျပ်ထားသလို မင်္ဂလာတောင်ညွန့်၊ မင်္ဂလာစျေးဘက်မှာလည်း YBS ဘတ်စ်ကားတွေပေါ်က ပြည်သူတွေကိုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

  19. စစ်ကောင်စီတပ်စခန်းနဲ့ ရှမ်းနီ တပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်, ဆယ်ဇင်းရွာဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြ

    ပုံစာ- KIA တပ်သားတစ်ဦးကိုတွေ့ရစဥ် (ပုံ‌ဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပုံစာ- KIA တပ်သားတစ်ဦးကိုတွေ့ရစဥ် (ပုံ‌ဟောင်း)

    ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ် ၊ ဟောင်းပါး ကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာ က စစ်ကောင်စီတပ်စခန်း နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်း တွေကို ကချင်လွတ်လပ်မြောက်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တို့ က သြဂုတ်လ ၈ ရက် ၊ မနက် ၁နာရီ လောက်မှာ သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဆယ်ဇင်း တိုက်ပွဲကြောင့် ဒေသခံ အမျိုးသားတစ်ယောက် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဆယ်ဇင်းဒေသခံတွေကတော့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။ '' အသက် ၃၅ နှစ် ရှိတဲ့ ဆယ်ဇင်းဒေသခံတစ်ယောက်ဆုံးတယ်။စစ်တပ်ကိုတော့ နိုင်သွားပြီတဲ့။လေယာဉ်လာမယ်လိုတော့ကြားလို့ပြေးနေကြတယ်'' လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

    သိမ်းပိုက်ခံရတဲ့ ရှမ်းနီတပ်စခန်းကတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်အစပ် ရွှေပြည်မြင့် ကြိုးတံတားနား ကစခန်းဖြစ်ပြီး လက်ရှိမှာတော့ SNA ( ရှမ်းနီတပ်မတော်) နဲ့ ကေအိုင်အေ၊PDF ပူးပေါင်းအဖွဲ့တွေကြားတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

    '' အခုလက်ရှိအခြေအနေကတော့ အေးနေတယ်။ မနက်တစ်နာရီကနေ မနက် ၇နာရီအထိ မရပ်တမ်း လက်နက်သံတွေကြားနေရတယ်။ အခုကတော့ တပ်စခန်းကို သိမ်းလိုက်ပြီလို့ ပြောတယ်။ထိခိုက်တာတွေလည်းရှိတယ်ပြောတယ်'' လို့ ‌ဒေသခံကပြောပါတယ်။

    ဖားကန့်မြို့နယ် ဟောင်းပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာမှာ ကေအိုင်အေနဲ့ စစ်ကောင်စီနဲ့ ကြားဇူလိုင် ၁၆ ရက်ကစပြီး ၄ရက်လောက်တိုက်ပွဲဖြစ်ခဲ့တာပါ။ အခု သြဂုတ်လ ၈ ရက်နေ့မှာတော့ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပြီး အခုလိုတပ်စခန်းသိမ်းခဲ့တာလို့သိရပါတယ်။

  20. တာချီလိတ်၊ မန်တုံနဲ့ရပ်စောက်မြို့တွေမှာ ရေကြီးနေ, ဒေသခံတချို့ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ဆို

    Myanmar Fire Services Department

    ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Services Department

    ဓာတ်ပုံ ပုံစာ, တာချီလိတ်၊ မန်တုံနဲ့ရပ်စောက်မြို့တွေမှာ ရေကြီးနေ

    ဒီကနေ့ ဩဂုတ် ၈ရက်မနက်မှာ ရှမ်းပြည်နယ်အတွင်းက ရပ်စောက်မြိုန့ယ်မှာ ဇော်ချီချောင်းနဲ့ တံတားမျိုးချောင်းရေလျှံတာကြောင့် ရေကြီးမှုဖြစ်ပေါ်နေပြီး လူနေအိမ်တွေထဲ ရေဝင်ရောက်မှုရှိတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်းတွေကနေ သိရပါတယ်။

    အလားတူ ရှမ်းပြည်နယ်ထဲက တာချီလိတ်မှာလည်း မယ်ဆိုင်ချောင်းရေတက်တာကြောင့် ရေကြီးနေသလို မန်တုံမြို့နယ်မှာလည်း နမ့်ကုန်ချောင်းရေလျှံတာကြောင့် ‌အိမ်ခြေ ၅၀ခန့် ရေဝင်ရောက်မှုအခြေအနေကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

    ဒီရက်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်နယ်က တောင်ကြီးမှာ ရေကြီးမှုဖြစ်ခဲ့သလို လွိုင်လင်မြို့မှာ လည်း နှစ်ပေါင်း ၅၆ နှစ်အတွင်း စံချိန်တင်မိုးရွာသွန်းမှုအများဆုံးဖြစ်ခဲ့ပါတယ်။

    မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ဩဂုတ် ၇ရက်ကစပြီး ၁၀ရက်အထိ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်၊ မွန် စတဲ့ တိုင်းနဲ့ပြည်နယ် ၇ခု ကို အဓိက အသိပေးထားပြီး အဲဒီတိုင်းနဲ့ပြည်နယ်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မနဲ့အထက် ရွာနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    အခုလို မိုးကြီးရေလျှံအခြေအနေဟာ ရာသီဥတုပြောင်းလဲမှုကြောင့်အပြင် သဘာဝပတ်ဝန်းကျင်အပေါ် အလေးမထားတဲ့လူနေမှုအကျင့်စရိုက်တွေကြောင့် အခုလို သဘာဝဘေးတွေ ကြုံတွေ့လာရနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေးကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။