ဖေဖေါ်ဝါရီ ၂၂ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ သတိပေး

ဖေဖော်ဝါရီလ၂၂ ရက်နေ့မှာ ပင်စင်စားတွေ လစာမထုတ်နိုင်အောင်တားဆီး၊ နှောင့်ယှက်၊ အဓမ္မဖိအားပေးမယ်လို့ လူမှုကွန်ရက်မှာ ပြောနေကြကြောင်းလည်း စွပ်စွဲထားပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မနေ့က ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့် မန္တလေးမှာ ဆန္ဒပြတာတွေဆက်ရှိ

    မန္တလေးမှာ မနေ့က ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးရသူ တွေ ရှိခဲ့ပေမယ့် ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်မနက်အစောပိုင်းမှာကတည်းက သပိတ်စစ်ကြောင်းတွေနဲ့ ဆန္ဒပြလှည့်လည်မှုတွေ ဆက်ရှိနေပါတယ်။

    မနေ့က ဖေဖော်ဝါရီ ၂၇ ရက်နေ့ဟာ ဒါဟာ အရပ်သားအစိုးရထံကနေ တပ်မတော်က အာဏာရယူပြီးတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း လူထုဆန္ဒပြပွဲတွေကိုဖြိုခွင်းခဲ့တဲ့ ၃ပတ်တာကာလအတွင်းမှာ လူသေဆုံးမှု အများဆုံး နေ့ရက်တစ်ရက်ဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူ ၁၈ ဦးထက်မနည်းသေဆုံး ခဲ့ရပါတယ်။

    Mandalay strike
    Mandalay strike
    Mandalay strike
  2. မုံရွာမှာ ဖမ်းဆီးထားတဲ့ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ လူအုပ်ကို ပစ်ခတ်ဖြိုခွင်း၊ ဒဏ်ရာရသူတွေလည်းရှိ

    မုံရွာမှာ အဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဆရာရာမတွေကို ပြန်လွှတ်ပေးဖို့ မြင်းမူလမ်း ချင်းတွင်း ရတနာဈေးအနီးမှာ ဆန္ဒပြနေတဲ့ လူအုပ်ကို နေ့လယ် ၁နာရီ ဝန်းကျင်လောက်မှာ ရဲနဲ့ စစ်ကားတွေက ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ အတွက် ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ အဆိုပါနေရာကနေ ထွက်ပြေးလာခဲ့ရသူ ကိုဖြိုးက ဘီဘီစီကို ပြောပါတယ်။

    ‘ ‘ ကျောင်းသားတွေ၊ဆရာမတွေ တင်ထားတဲ့အချုပ်ကားတွေထွက်မရအောင် လူထုကပိတ်ပြီး ဆန္ဒပြနေ တာ။ မျက်စိရှေ့မှာတော့ တစ်ယောက်ထိသွားတာတွေ့တယ်။ တော်တော်များများတော့ရှိမယ်။ ပထမဆုံ တော့ ရေကားတွေနဲ့ ပစ်တယ်။ ပြီးတော့ ရာဘာကျည်တွေနဲ့ပစ်တယ်။ လူအုပ်ထဲကို မျက်ရည်ယိုဗုံးနဲ့ ပစ်တယ်။ ကျွန်တော်လည်း မျက်ရည်ယိုဗုံးတော့ နဲနဲထိသွားတယ်။ ရဲတွေစစ်သားတွေရောအုပ်လိုက်လိုက် တော့ အကုန် ဝရုန်းသုန်းကားထွက်ပြေးရတာ ချော်လဲပြီးထိတာ တွေလည်း များတယ်။ အခုတော့ ရဲကဖြိုခွင်းလိုက်တော့ လမ်းရှင်းသွားတော့ အချုပ်ကားတွေလည်းထွက်သွားပြီ’’လို့ သူကပြောပါတယ်။

    ဒီကနေ့မနက် အစောပိုင်းကလည်း မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်၊ ရဲ နဲ့ အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးနေတာကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ မုံရွာဂေဇက်ဂျာနယ်က CEO ဖြစ်သူ ဦးကျော်ကျော်ဝင်း(ခ) ဦးကိုလေးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    MonYwa Strike

    ဓာတ်ပုံ ရင်းမြစ်, Ko Phyo

    Monywa Strike

    ဓာတ်ပုံ ရင်းမြစ်, Ko Phyo

  3. CRPHနိုင်ငံတကာဆက်ဆံရေးရုံးဖွင့်

    နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ဆောင်ရွက်ဖို့ပြည်ပနိုင်ငံတွေနဲ့နိုင်ငံအချင်းချင်းဆက်သွယ်ဆောင်ရွက်ဖို့အတွက်ကိုယ်စားလှယ်တချို့ခန့်အပ်လိုက်ကြောင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH ကသတင်းထုတ်ပြန်ကြေညာပါတယ်။

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH ကသူတို့ရဲ့နိုင်ငံတကာဆက်ဆံရေးရုံးကိုအမေရိကန်ပြည်ထောင်စုမေရီလန်းပြည်နယ်မှာ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ၂၂ရက်နေ့ကစတင်ဖွင့်လှစ်သွားမယ်လို့ဒီနေ့ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်ထဲမှာကြေညာလိုက်တာပါ။

    CRPH ရဲ့နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အဖြစ်ဦးထင်လင်းအောင်ကိုခန့်အပ်ကြောင်းလည်းကြေညာထားပါတယ်။

    CRPH ရဲ့ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်တာဝန်ကိုတော့ဒေါက်တာဆာဆာကိုခန့်အပ်ထားတယ်လို့လည်းသီခြားကြေညာချက်ထုတ်ပြန်ထားပါတယ်။

    နိုင်ငံတကာရေးရာတွေကိုဆောင်ရွက်ဖို့အတွက်နောက်ထပ်သင့်တော်တဲ့သူတွေကိုဆက်လက်ခန့်ထားသွားမယ်လို့လည်းကြေညာထားပါတယ်။

    နိုင်ငံတကာဆက်ဆံရေးရုံးဖွင့်ကြောင်း CRPH ကြေညာ
    ဓာတ်ပုံ ပုံစာ, နိုင်ငံတကာဆက်ဆံရေးရုံးဖွင့်ကြောင်း CRPH ကြေညာ
    ဒေါက်တာဆာဆာကို ကုလသမဂ္ဂကိုယ်စားလှယ်ခန့်ကြောင်း CRPH သတင်းထုတ်ပြန်
    ဓာတ်ပုံ ပုံစာ, ဒေါက်တာဆာဆာကို ကုလသမဂ္ဂကိုယ်စားလှယ်ခန့်ကြောင်း CRPH သတင်းထုတ်ပြန်
  4. ၂ ငါးလုံးနေ့ တရုတ်သံရုံးရှိတဲ့လမ်းကို ပိတ်ထားပေမယ့် ဆန္ဒဆက်ပြနေကြ

    တရုတ်သံရုံးတည်ရှိရာ ပြည်ထောင်စုရိပ်သာလမ်းကို လုံခြုံရေးတွေက ဒီကနေ့မှာပထမဆုံးအကြိမ်ပိတ်ဆို့ခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေက တဖြည်းဖြည်းများပြားလာပြီး ဗဟိုလမ်းနဲ့ ခရေပင်လမ်းဘက်ကနေ ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။

    ဒီနေ့ဟာ ၂ ငါးလုံးဆုံတဲ့နေ့ ပြိုင်တူစုရုံး ၂ ငါးလုံးဆိုပြီး အထွေထွေသပိတ်စတင်ဖို့ ဆိုင်တွေဈေးတွေအများစုပိတ်ထားသလို လူထုဆန္ဒပြမှုကို အရှိန်မြှင့်တင်ကြဖို့ ရှိနေပါတယ်။

    ဒါကြောင့် ရဲနဲ့ စစ်တပ်က ယခင်နေ့တွေကထက် လုံခြုံရေးပိုတိုးမြှင့်ချထားသလို သံရုံတချို့အပါအဝင် လမ်းတွေကို ပိတ်ဆို့ပြီးလုံခြုံရေးရယူထားတာတွေလည်း ရှိနေပါတယ်။

    China
    China
  5. ဒီကနေ့အတွက် သတင်းတွေ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေတဲ့ စာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုခဲ့တဲ့ အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

  6. တနင်္လာနေ့ မနက် ၄ နာရီ ကျော် လှည်းတန်း လမ်းဆုံအနီး မြင်ကွင်း

    စျေးဆိုင်နဲ့ ဆူပါမားကတ်တွေပါ ပိတ်ထားပြီး နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ရှိနေတဲ့ ၂၂.၂.၂၀၂၁ မနက် အစောပိုင်း ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံ အနီး မြင်ကွင်းပါ။

    တချို့နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ တိုးချထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဆန္ဒပြသူတွေ အများဆုံး လာရောက်စုဝေးလေ့ရှိနေရာတစ်ခုဖြစ်တဲ့ ဒီနေရာမှာတော့ အခုချိန်မှာ ရှင်းလင်းနေပါတယ်။

    ဒီမိုကရေစီနည်းအရ ဥပဒေနဲ့အညီ ဆန္ဒပြနိုင်ပေမဲ့ ဥပဒေမဲ့ခြိမ်းခြောက်အကျပ်ကိုင်မှု၊ အကြမ်းဖက်မှုရှိရင်တော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီက မြန်မာ့ရုပ်မြင်သံကြားကနေ မနေ့ညက သတိပေးကြေညာထားပါတယ်။

    တနင်္လာနေ့ မနက် ၄ နာရီ ကျော် လှည်းတန်း လမ်းဆုံအနီး မြင်ကွင်း
    တနင်္လာနေ့ မနက် ၄ နာရီ ကျော် လှည်းတန်း လမ်းဆုံအနီး မြင်ကွင်း
  7. လက်နက်မသုံးရနဲ့ အကြမ်းဖက် မဖြေရှင်းရ စည်းကမ်းတွေပါတဲ့ အုပ်ချုပ်ရေးအစီအစဥ် CRPH ကြေညာ

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အများပြည်သူလုံခြုံမှု ဆောင်ရွက်ရေးနဲ့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ကာကွယ်ဖို့ စတာတွေအတွက် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအလိုက် ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ် ပြုလုပ်ပြီး လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ယူကြဖို့ ကြေညာချက်ကို ပြည်ထောင်စုလွွှတ်တော် ကိုယ်စားပြုကော်မတီ CRPHက ဖေဖော်ဝါရီလ၂၂ရက်တနင်္လာနေ့စွဲနဲ့ ဒီကနေ့ ကြေညာလိုက်တာကို တွေ့ရပါတယ်။

    အင်တာနက် ပြတ်တောက်မယ့် သတင်းတွေကြောင့် ကြိုတင် ကြေညာတာလို့ ဆိုပါတယ်။

    အဲဒီ အစီအစဉ်ကို ပြည်သူရွေးကောက်တဲ့ အစိုးရ ပေါ်မလာခင်ကြားကာလအတွင်း ထားရှိဖို့ ဒီကြေညာချက်ထဲမှာ ပြောဆိုထားပြီး ဒီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ CDM လှုပ်ရှားနေတဲ့ဝန်ထမ်းတွေ အပါအဝင် ဒေသလူထုက လက်ခံတဲ့ရပ်မိရပ်ဖတွေ ပါဝင်သင့်တယ်လို့ NLD ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ကြေညာပါတယ်။

    ဒီအဖွဲ့တွေ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ဖော်ပြထားရာမှာလုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေး လုပ်ဆောင်ပြီး အများပြည်သူကို ကာကွယ်ရမယ်လို့ ဆိုထားပေမယ့် မည်သည့်ကိစ္စကိုမျှ လက်နက်အသုံးပြုတာနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနည်းလမ်းတွေနဲ့ မဖြေရှင်းရဘူးလို့လည်း ဖော်ပြထားသလို လက်နက်တွေကိုလည်း ရဲတပ်ဖွဲ့မှလွဲပြီး မကိုင်ဆောင်ရလို့လည်း ဖော်ပြထားပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  8. ရခိုင်မှာ ဆရာတွေကို ကျောင်းပြန်တက်ခိုင်း

    ရခိုင်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေအားလုံးကို သက်ဆိုင်ရာကျောင်းတွေမှာ သွားရောက်တာဝန်ထမ်းဆောင်ကြဖို့ ရခိုင်ပြည်နယ်ပညာရေးဌာနက ညွှန်ကြားထားပါတယ်။

    အခြေခံပညာကျောင်းတွေက ဆရာဆရာမတွေ၊ ရုံးဝန်ထမ်းတွေအနေနဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်ဖြန် မနက်ပိုင်းကစပြီး တာဝန်ကျနေတဲ့ကျောင်းတွေကို သွားရောက်တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်သလို ကျောင်းကိုမလာရောက်ဘဲ ပျက်ကွက်သူတွေရှိပါက ပျက်ကွက်မှုအခြေအနေတွေကို မနက် ၁၀ နာရီနောက်ဆုံးထားပြီး သတင်းပေးပို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

    အဲ့ဒီညွှန်ကြားစာမှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် ၁၉ ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်း သွားပြီဖြစ်တဲ့အတွက် မကြာခင်ကာလအတွင်း အခြေခံကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးဖို့ စီစဉ်နေတဲ့အတွက် ကျောင်းတွေကို ဥပဓိရုပ်ကောင်းမွန်စေရေးနဲ့ ပြင်ဆင်ထားကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်အတွင်း မြို့နယ်တချို့တို့မှာ CDM လှုပ်ရှားမှုတွေ ရှိနေပြီး အဲ့ဒီလှုပ်ရှားမှုမှာ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားတွေလည်း ပါဝင်ခဲ့ကြတာကြောင့် ဖမ်းဆီးခံရပြီး သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆို ခံနေကြရပါတယ်။

    ရခိုင်မှာ ဆရာတွေကို ကျောင်းပြန်တက်ခိုင်း

    ဓာတ်ပုံ ရင်းမြစ်, Myint Lwin

  9. အင်တာနက်ပြတ်တောက်မှု အမေရိကန်သံရုံးပြော

    အင်တာနက်ဆက်သွယ်ရေးလိုင်းနဲ့ မိုဘိုင်းလ်ဖုန်းကနေ အင်တာနက်ဆက်သွယ်မှုတွေ မနက်ဖြန် ရန်ကုန်မြို့မှာ နံနက် ၁ နာရီကနေ နေ့လယ် ၁၂ အထိ ပြတ်တောက်နိုင်တယ်ဆိုတဲ့ သတင်းတွေ ရရှိထားတယ်လို့ အမေရိကန် သံရုံးက တွစ်တာမှာ ပြောထားပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

  10. မွန်ညီညွတ်ရေးပါတီပြည်နယ်အဆင့်ရာထူးလက်ခံ

    မွန်ညီညွတ်ရေးပါတီ MUP က အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်နယ်အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နေရာကို ထပ်မံ လက်ခံလိုက်ပါတယ်။

    မွန်ညီညွတ်ရေးပါတီရဲ့ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမကိုမွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အဖွဲ့ဝင်အဖြစ် ခန့်ထားကြောင်းကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

    မွန်ညီညွတ်ရေးပါတီ MUP ရဲ့ ဗဟိုကော်မတီဝင် ဒေါက်တာ ဗညားအောင်မိုးကို နိုင်ငံတော်အဆင့် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်ထားစဥ်ကလည်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။

    မွန်ညီညွတ်ရေးပါတီက နိုင်လယိတမကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်ခန့်
    ဓာတ်ပုံ ပုံစာ, မွန်ညီညွတ်ရေးပါတီက နိုင်လယိတမကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်ခန့်
  11. ပြည်ပနိုင်ငံတွေပြောင်ပြောင်တင်းတင်းစွက်ဖက်နေတယ်လို့နိုင်ငံခြားရေးရုံးကဆို

    ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးတချို့နဲ့ ပြည်ပနိုင်ငံတွေရဲ့ထုတ်ပြန်ကြေညာချက်တွေဟာ မြန်မာ့ပြည်တွင်းရေးကိုပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေတာလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

    မလွှဲသာတဲ့အခြေအနေကြောင့် တပ်မတော်ဟာ အခြေခံဥပဒေနဲ့အညီတာဝန်လွှဲပြောင်းရယူထားတာလို့ အဲဒီသတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ အာဏာလွှဲပြောင်းရယူတယ်လို့ မသုံးစွဲဘဲ တာဝန်လွှဲပြောင်းရယူတယ်လို့သုံးစွဲထားပါတယ်။

    အကြမ်းဖက်မှုတွေ၊ ဥပဒေနဲ့မညီတာတွေကို တွေ့နေရပေမဲ့လည်း အင်အားအနည်းဆုံးသုံးပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတယ်လို့လည်း ဆိုထားပါတယ်။

    နှိမ်နင်းမှုတွေကြောင့် လူသေဆုံးတဲ့ဖြစ်ရပ်တွေကိုတော့ ရည်ညွှန်းရှင်းလင်းထားတာမျိုး မတွေ့ရပါဘူး။

    ဒီနေ့ထုတ်အစိုးရသတင်းစာတွေမှာတော့ နေပြည်တော်မှာ ကျောင်းသူမမြသွဲ့သွဲ့ခိုင်သေဆုံးရတာဟာ ရဲလက်ချက်မဟုတ်ဘဲ ပြင်ပကလာတဲ့ လက်နက်တစ်စုံတစ်ရာကြောင့်လို့ ရေးသားထားပါတယ်။

  12. တနင်္လာနေ့ ဆန္ဒပြပွဲတွေအတွက် အမေရိကန်နိုင်ငံသားတွေ လုံခြုံရေးဂရုစိုက်ဖို့ သံရုံးပြော

    ဖေဖော်ဝါရီလ ၂၂ရက် တနင်္လာနေ့မှာ မြန်မာနိုင်ငံအနှံ့ ပြုလုပ်မယ့် ဆန္ဒပြပွဲတွေ ရှိတဲ့အတွက် တချို့စီးပွားရေးလုပ်ငန်းတွေက ပိတ်မယ်လို့ကြေညာထားပြီး သိသာတဲ့ လမ်းပိတ်မှုတွေ ဖြစ်နိုင်တဲ့အတွက် အမေရိကန်နိုင်ငံသားတွေ မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့။ အပြင်မှာ ဆန္ဒပြပွဲကြားထဲ ရောက်သွားရင်လည်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့မှုတွေရှိနိုင်တဲ့အပေါ်သတိထားကြပါလို့ တွစ်တာမှာ ရေးသား သတိပေးထားပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

  13. မနက်ဖြန်ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး အာဏာသိမ်းကောင်စီ သတိပေး

    ဒီမိုကရေစီနည်းအရ ဥပဒေနဲ့အညီ ဆန္ဒပြနိုင်ပေမဲ့ ဥပဒေမဲ့ခြိမ်းခြောက်အကျပ်ကိုင်မှု၊ အကြမ်းဖက်မှုရှိရင်တော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီက မြန်မာ့ရုပ်မြင်သံကြားကနေ မကြာခင်က သတိပေးကြေညာလိုက်ပါတယ်။

    ဖေဖော်ဝါရီလ၂၂ ရက်နေ့မှာ ပင်စင်စားတွေ လစာမထုတ်နိုင်အောင်တားဆီး၊ နှောင့်ယှက်၊ အဓမ္မဖိအားပေးမယ်လို့ လူမှုကွန်ရက်မှာ ပြောနေကြကြောင်းလည်း စွပ်စွဲထားပါတယ်။ အထောက်အထားတော့ ဖော်ပြတာမတွေ့ရပါဘူး။

    ဖေဖော်ဝါရီလ၂၂ ရက်မှာ လူအမြောက်အမြား အင်အားပြ ချီတက်ဆန္ဒပြကြဖို့ နှိုးဆော်နေကြချိန်မှာ အခုသတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    ရန်ကုန်မြို့ထဲမှာတော့ လမ်းမတော် အမှတ် (၁) အထက်တန်းကျောင်းကျောင်းဝင်းထဲမှာ စစ်ကားတချို့ နေရာယူထားတာကို တွေ့ရတယ်လို့လည်း ကျောင်းအနီးဝန်းကျင်နေထိုင်သူတချို့က ဘီဘီစီကို ပြောပါတယ်။

    မနက်ဖြန်ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး အာဏာသိမ်းကောင်စီ သတိပေး

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း

  14. မြန်မာနိုင်ငံမှာဆန္ဒပြသူတွေကိုသွေးထွက်သံယိုဖြစ်အောင်အကြမ်းဖက်တယ်ဆိုပြီးထိုင်ဝမ်အစိုးရရှုတ်ချ

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ၂၀ရက်နေ့က ဆန္ဒပြသူတွေကို စစ်အာဏာသိမ်းအစိုးရက သွေးထွက်သံယိုဖြစ်အောင် အကြမ်းဖက်ဖြိုခွင်းတာဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ စံညွှန်းနဲ့မညီတဲ့အတွက် လက်ခံနိုင်စရာမရှိဘူးဆိုပြီး ထိုင်ဝမ်အစိုးရက ရှုတ်ချကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာနိုင်ငံအတွင်းမှာ ရောက်နေတဲ့ ထိုင်ဝမ်နိုင်ငံသားတွေကို မိခင်နိုင်ငံပြန်ခေါ်မယ့် လေကြောင်းခရီးစဉ်သုံးခုကို ထိုင်ဝမ်အစိုးရက စီစဉ်ပေးခဲ့ပြီးပထမဆုံးအသုတ် ထိုင်ဝမ်နိုင်ငံသား ၅၀ ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။

  15. အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေ သဘောထားနဲ့အညီ ရပ်တည်မယ်လို့ NLD ကြေညာ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတိုင်းရင်းသားပြည်သူတွေရဲ့ သဘောထားနဲ့အညီ ရပ်တည်သွားမယ်လို့ ပြီးခဲ့တဲ့မိနစ်ပိုင်းက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

    ဆန္ဒပြသူတွေထဲမှာ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးကို ရှေ့တန်းတင်ချင်သူတွေနဲ့ ၂၀၀၈အခြေခံဥပဒေကို ဆက်လက်ကိုင်စွဲချင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေအကြား အငြင်းပွားမှုတွေ ရှိနေစဥ်မှာ အခုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    တိုင်းရင်းသားလူမျိုးစုတွေကလည်း ဖက်ဒရယ်ဒီမိုကရေစီ တောင်းဆိုချက်ကို ရှေ့တန်းတင်တောင်းဆိုချင်ကြတာ ဖြစ်ပါတယ်။

    တိုင်းရင်းသားတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဗကသလူငယ်တွေပူးပေါင်းပါဝင်ကြတဲ့ အထွေထွေသပိတ်ကော်မတီ GSC က ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊အာဏာရှင်စနစ် ဖျက်သိမ်းရေးတွေကို ဘုံလုပ်ငန်းစဥ်အဖြစ် ကြေညာရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တချို့က ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

    NLD

    ဓာတ်ပုံ ရင်းမြစ်, NLD

  16. ရွှေပြည်သာမှာ ခြိမ်းခြောက်ဓားထိုးမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

    မနေ့ညက ရပ်ကွက် လုံခြုံရေးစောင့်တဲ့ အရပ်သား ကင်းသမားတစ်ဦး ရဲတပ်ဖွဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ရွှေပြည်သာ တ-၁၅ရပ်ကွက်နားက ထ-၁၆ရပ်ကွက်မှာ လူတစ်စုက အိမ်တစ်အိမ်ထဲကိုဝင်ပြီး အမျိုးသားတစ်ဦးနဲ့မိသားစုဝင်အချို့ကို ခြိမ်းခြောက်ပြီး ဓားနဲ့ထိုးသွားတဲ့အမှုတစ်ခုထပ်ဖြစ်ခဲ့ပါတယ်။

    အဲဒီအမှုမှာ ဓားနဲ့ အထိုးခံရတဲ့ အမျိုးသား သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ အလောင်းကို လှိုင်သာယာဆေးရုံကို ပို့ဆောင်ပြီး အလောင်းစစ်ဆေးချက် ရယူထားပါတယ်။

    ရပ်ကွက်နေပြည်သူတွေရဲ့ ပြောကြားချက်အရဆိုရင် ဓားထိုးခံရတဲ့ကိစ္စက ညက ကင်းသမားသေဆုံးမှုနဲ့ မပတ်သက်ပေမဲ့ ဥပဒေစိုးမိုးမှုမရှိ လုံခြုံမှုကင်းမဲ့တဲ့ အခြေအနေကို စိုးရိမ်နေကြပါတယ်။

  17. မမြသွဲ့သွဲ့ခိုင်ဦးခေါင်းမှာတွေ့ရတာ ရဲတပ်ဖွဲ့ကျည်မဟုတ်ဘူးလို့ဆို

    နေပြည်တော် ဆန္ဒပြမှုမှာ ပစ်ခတ်ခံရပြီး ဦးခေါင်းကျည်ထိမှန် ကွယ်လွန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကို ရင်ခွဲစစ်ဆေးချက်အရ ဦးခေါင်းထဲမှာ ခဲပုပ်ရောင်သတ္တုအပိုင်းအစကို တွေ့ရတာဖြစ်ကြောင်း၊ အဲဒါဟာ ရဲတပ်ဖွဲ့က အသုံးပြုတဲ့ အဓိကရုဏ်းနှိမ်နင်းရေးနဲ့ ချေမှုန်းရေးခဲယမ်းတွေသုံးကျည်တွေနဲ့ မတူကြောင်းနဲ့ တခြားပြင်ပက လက်နက်တစ်စုံတစ်ရာကြောင့် ဒဏ်ရာရ သေဆုံးတာ ဖြစ်နိုင်ကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

    မမြသွဲ့သွဲ့ခိုင် သေဆုံးမှုကို ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ မြို့မ ရဲစခန်းမှာ သေမှုသေခင်းဖွင့် ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားတယ်။

    ဒါပေမဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းက သေနတ်ကျည်ဟာ ကျည်ဆန်အစစ်ဖြစ်ကြောင်း ရင်ခွဲစစ်ဆေးချက်ရလဒ်ကို မိသားစုဝင်တစ်ဦးက ပြောကြားထားပါတယ်။

    MOI

    ဓာတ်ပုံ ရင်းမြစ်, MOI

  18. မြန်မာနိုင်ငံက အကြမ်းဖက် နှိမ်နင်းမှုတွေကို ကုလ အတွင်းရေးမှူးချုပ် ရှုတ်ချ

    မြန်မာနိုင်ငံက ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတာတွေကို ရှုတ်ချကြောင်းနဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို လက်ခံဖို့ နဲ့ အရပ်သား အစိုးရ ပြန်လည် အုပ်ချုပ်ဖို့ တိုက်တွန်းကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တွစ်တာကနေ ပြောဆိုပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

  19. ဆန္ဒပြသူတွေကို ရက်စက်စွာ ပြုလုပ်နေတာတွေ ချက်ချင်းရပ်ဖို့ ကုလ ကိုယ်စားလှယ်ပြော

    မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို ရက်စက်စွာ ပြုလုပ်နေတာတွေ ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်က တွစ်တာမှာ ပြောပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

  20. မမြသွဲ့သွဲ့ခိုင်ရဲ့ရုပ်အလောင်းကို ဆေးရုံကနေ သုသာန်ကို သယ်ဆောင်ခဲ့တဲ့မြင်ကွင်း