ဗိုလ်ချုပ်မွေးနေ့မှာလည်း ဆန္ဒပြပွဲတွေ အရှိန်ဆက်မြင့်နေ

ဖမ်းဆီးထိန်းသိမ်းခံထားရတာ ၁၃ ရက်မြောက်ရှိလာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ နေပြည်တော်က နေအိမ်တွေမှာ အတူနေထိုင်သူတွေနဲ့အတူ ကျန်းမာစွာရှိနေတယ်လို့ NLD ပါတီက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အခုတင်ဆက်နေတဲ့ တိုက်ရိုက်တင်ဆက်မှုပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်တိုးတက်နေတဲ့ သတင်းတွေကို ဖတ်ရှုချင်ရင် ဒီနေရာမှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။

  2. လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်လာနိုင်တဲ့ စစ်ကောင်စီရဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေ

  3. မြစ်ကြီးနားမှာEPC ရုံးက စစ်တပ်ကို ပြန်ဖယ်ပေးဖို့ လူထုက တောင်းဆိုနေ

    ကချင်ပြည်နယ်အတွင်းမှာ လျှပ်စစ်မီးတမင်ဖြတ်တောက်ပြီး စစ်အာဏာသိမ်းမှု ဆန္ဒပြပွဲ ဦးဆောင်သူတွေကို ဖမ်းဆီးမယ်ဆိုတဲ့ ဖေ့စ်ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သတင်းတွေ ထွက်ပေါ်နေရာမှာဖေဖော်ဝါရီလ ၁၃ရက် ည ၉နာရီအချိန်လောက်ကစပြီး မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်က EPC မီးစက်ဝင်းထဲကို တပ်မတော်သားတချို့ဝင်ရောက်နေရာယူထားပါတယ်။

    အဲဒါကိုမကျေနပ်တဲ့ ဒေသခံတွေ လာရောက်ကန့်ကွက်ချိန်မှာ ရုံးထဲကဝန်ထမ်းငါးယောက်ကို လွှတ်ပေးခဲ့ပေမယ့် ဆက်နေရာယူထားကြပါတယ်။

    နောက်ပိုင်းမှာ အဓိကရုဏ်း ထိန်းချုပ်ရေးရဲတွေက လူအုပ်နှိမ်နင်းရေးရေကားနဲ့အတူ ဝိုင်းထားတဲ့လူထုကို ည၁၁နာရီခွဲချိန်အထိ ပြန်လည်ပိတ်ဆို့ထားတာကို အဲဒီနေရာကို ရောက်ရှိနေသူတချို့ ဖေ့စ်ဘွတ်ခ်ကတဆင့်တိုက်ရိုက်တင်ထားကြပါတယ်။

    ည၁၁ခွဲနောက်ပိုင်းမှာတော့ စစ်တပ်က သူတို့နေရာယူထားရာကနေ ပြန်ဖယ်ပေးမယ်လို့ ပြောဆိုပေမယ့် ည၁၁နာရီ၃၅အထိ ထွက်မပေးသေးပါဘူး။

  4. ဧည့်စာရင်းမတိုင်ရင်အရေးယူမယ့်အချက်ကိုရပ်ကျေးဥပဒေမှာပြန်ထည့်

    မြန်မာနိုင်ငံအတွင်းရပ်ကွက်၊ ကျေးရွာမတူတဲ့နေရာက ညဥ့်အိပ်တည်းခိုတဲ့ ဧည့်သည်တွေ အနေနဲ့ ဧည့်စာရင်းတိုင်ဖို့ လိုအပ်တဲ့အပြင် ပြန်လည်ထွက်ခွာချိန်မှာလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက မှတ်တမ်းတင်ထားနိုင်ဖို့ အသိပေးရမယ်ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ ရပ်ကွက်သို့မဟုတ်ကျေးရွာစုအုပ်ချုပ်ရေး ဥပဒေပြင်ဆင်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီပြင်ဆင်ချက်ထဲမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာယာယီအုပ်ချုပ်ရေးမှူးတွေကို ပြည်နယ် ဒါမှမဟုတ် နေပြည်တော်ကောင်စီရဲ့ သဘောတူညီချက်နဲ့ တာဝန်ပေးနိုင်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပြီး ဧည့်စာရင်းတိုင်ဖို့နဲ့ ထွက်ခွာချိန် အသိပေးဖို့ ပျက်ကွက်ခဲ့ရင် ငွေဒဏ်တစ်သောင်းသို့မဟုတ် ထောင်ဒဏ် ၇ ရက်ကျခံရနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

  5. CDM ကူညီတဲ့အဖွဲ့တချို့ ဖုန်းလိုင်း အဖြတ်ခံရ

    အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ အစိုးရဝန်ထမ်းတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်တွေကို ပိတ်ပင်တာတွေရှိနေတဲ့အတွက် ဖေ့စ်ဘွတ်ခ်ကနေပဲ ဆက်သွယ်ကြဖို့ အခုလို ကူညီနေတဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ 21 Savage MM အဖွဲ့က သူတို့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ဖော်လိုက်ပါတယ်။

    အခုလို အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ကူညီနေတဲ့ GWSM အဖွဲ့ကလည်း သူတို့ကိုလည်း ဖေ့စ်ဘွတ်ခ်ကနေတဆင့် ဆက်သွယ်ဖို့ ပြောဆိုထားပါတယ်။

    အခုလို မြန်မာပြည်တွင်း အဝင်ခေါ်ဆိုမှုပိတ်ပင်ခံရတယ်လို့ သတင်းထွက်ပေါ်နေတဲ့အလားတူအဖွဲ့အစည်းတွေကတော့ Go Fund Me၊ ၂/၂၀၂၁ ခိုင်မြဲသောလက်များ၊ We Support Heroes၊ Civil Disobedience Donation နဲ့ General CDM တို့ဖြစ်ပါတယ်။

  6. ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ဖို့ ကြေညာ၊ ပျက်ကွက်ရင် အရေးယူခံရနိုင်တယ်လို့ဆို

    မြန်မာနိုင်ငံက အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ပြီး အစိုးရဌာနအသီးသီးမှာ အလုပ်မဆင်းဘဲ နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများ အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်နေရာကနေ လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

    နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ ကျင့်ဝတ်၊ စည်းကမ်းနဲ့ တာဝန် ပျက်ကွက်မှုတို့အတွက် နည်းဥပဒေအရ အရေးယူခံရနိုင်တယ်လို့လည်း အဲဒီ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    ဒီကြေညာချက်ရဲ့ ထူးခြားချက်ကတော့ တခြားတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ချက်တွေမှာလို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ထိပ်တန်းပုဂ္ဂိုလ်တဦးဦးရဲ့ အမိန့်ညွှန်ကြားချက်ဆိုတာမျိုးကို ကြေညာချက် အဆုံးမှာ ဖော်ပြမထားပါဘူး။

  7. သာကေတမှာ လူစိမ်းဖမ်းမိတဲ့ ဖြစ်စဉ်

    သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်၊ အောင်သစ္စာ ၂လမ်းမှာ မီးလောင်မှု ဖြစ်ပွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန် ရပ်ကွက်နေသူတွေ ဝိုင်းဝန်းသွားရောက်ရာမှ လက်ထဲမှာ သင်နာ (Thinner) ပုလင်းနဲ့ မသင်္ကာဖွယ် လူတစ်ဦးကို ဖမ်းဆီးရမိခဲ့ရပါတယ်။

    လက်ရှိမှာ အဲဒီလမ်းအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း မရှိပေမယ့် မသင်္ကာဖွယ်ရာ လူတစ်ဦးကိုတော့ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

    အဲဒီလူဟာ တေဇာလင်း ဆိုသူဖြစ်ပြီး အသက်၄၀ ဝန်းကျင်၊ မင်္ဂလာဒုံ ကြံ့ခင်းစုရပ်ကွက်ကလို့ ဆိုပါတယ်။ ထောင်ထွက်တစ်ဦးလား၊ မနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတာလား ဆိုတာကို မေးလို့မရဘူး လို့ ရပ်ကွက်တွင်း နေထိုင်သူ တစ်ဦးက ပြောပါတယ်။

    လူက ဆေးမိထားသလို ဖြစ်နေပြီး စကားလည်း သိပ်မပြောနိုင်ဘူးလို့ ပြောပါတယ်။ လောလောဆယ်မှာတော့ သူ့ကို ရပ်ကွက်အုပ််ချုပ်ရေးမှူး ရုံးမှာပဲ ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့ထံကို လွှဲပေးဖို့ တာဝန်ရှိသူတွေနဲ့ ရပ်ကွက်နေသူတွေ တိုင်ပင်နေကြပါတယ်။

    ည၈ နာရီ သံပုံးတီးပြီးချိန်လောက်မှာ ဒီဖြစ်စဥ်ပေါ်ပေါက်လာတာ ဖြစ်ပြီး၊ လမ်းအသီးသီးက လူတွေက နေထိုင်ရာ လမ်းတွေမှာ လုံခြုံရေးအတွက် ဝိုင်းဝန်း စောင့်ရှောက်ကာကွယ်နေကြသလို၊ လမ်းအတွင်း လူစိမ်း ဝင်လာတယ် ဆိုတဲ့ သံသယနဲ့ စုရုံး ရှာဖွေမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    သာကေတ အတွင်း စုရံး ရှာဖွေမှုတွေ လုပ်နေကြ
    ဓာတ်ပုံ ပုံစာ, သာကေတ အတွင်း စုရံး ရှာဖွေမှုတွေ လုပ်နေကြ
  8. ရန်ကုန်နဲ့ မြို့ကြီးတွေမှာ ဆူပူမှုဖြစ်အောင် လုပ်သူတွေရှိလို့ မြို့ခံတွေပြော

    ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် အတော်များများမှာ မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ မြို့နယ်အတွင်းနေထိုင်သူတွေက ပြောကြပါတယ်။

    သာကေတ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ပုဇွန်တောင်၊ ဗဟန်း စတဲ့ မြို့နယ်တွေမှာ မငြိမ်မသက်တွေ ဖြစ်အောင် လုပ်ဆောင်ဖို့ လူစိမ်းတွေ ရောက်လာကြတယ်လို့ မြို့နယ်တွင်းနေသူတွေက ပြောပါတယ်။

    တချို့မြို့နယ်တွေမှာ လူစိမ်းတွေက မီးရှို့ဖို့ ကြိုးစားတာကိုလည်း ဖမ်းဆီးရမိတယ်လို့ ဆိုကြပါတယ်။

    သာကေတမြို့နယ်မှာ ဆိုရင် လူစိမ်းတချို့ကို ရပ်ကွက်နေသူတွေ ဖမ်းမိထားပြီး လက်ထဲမှာ တင်ဒါ ပုလင်းတွေတွေ့ခဲ့ရတယ်လို့ ပြောကြပါတယ်။

    မြစ်ကြီးနား၊ မန္တလေးနဲ့ တခြား မြို့ကြီးတွေမှာလည်း အလားတူ အဖြစ်အပျက်မျိုးတွေ ရှိနေသလို၊ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ရဲတွေက ဝင်ရောက် ဖမ်းဆီးနေတဲ့ အတွက် ရပ်ကွက်နေသူတွေက သံပုံးတီးမောင်းထုတ်နေရတာတွေလည်း ရှိတယ်လို့ မျက်မြင်တွေ့သူတွေက ဘီဘီစီကို ပြောကြပါတယ်။

    တောင်ဥက္ကလာ
  9. မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုဘယ်လိုဖြစ်ခဲ့လဲ

  10. တရားရုံးခွင့်ပြုချက်မရဘဲ ၂၄ နာရီ ထက်ကျော်လွန် ချုပ်နှောင်ခွင့်မရှိဆိုတဲ့ အချက်ကို ဥပဒေက ပယ်ဖျက်

    နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းတယ်လို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ကြေညာပါတယ်။

    အဲဒီဥပဒေအရ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပုဒ်မ ၅၊ ၇ နဲ့ ၈ တို့ပါ ပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းထားရမယ်လို့ ဖော်ပြထားပါတယ်။

    ပယ်ဖျက်လိုက်တဲ့ ပုဒ်မတွေကို ၂၀၁၇ မှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေမှာ အခုလို ဖော်ပြထားပါတယ်။

    ဥပဒေ

    ဓာတ်ပုံ ရင်းမြစ်, President office

    ဥပဒေ

    ဓာတ်ပုံ ရင်းမြစ်, President office

    ဥပဒေ

    ဓာတ်ပုံ ရင်းမြစ်, President office

  11. ရန်ကုန်ကရပ်ကွက်တွေ ကိုယ်တိုင်လုံခြုံရေးယူ

    ရန်ကုန်မြို့မှာ CDM လှုပ်ရှားမှုနဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးမှုတွေရှိနေတာနဲ့ မသင်္ကာဖွယ်လူတချို့ ရပ်ကွက်တချို့မှာ မနေ့ညက တွေ့ရှိဖမ်းဆီးမှုတွေ ဖြစ်ခဲ့တာကြောင့် စိုးရိမ်မှုတွေ ရှိနေပြီး ရပ်ကွက်လုံခြုံရေးကို ကိုယ်တိုင်တာဝန်ယူဖို့ စည်းဝေးပြင်ဆင်နေကြပါတယ်။

    ကမာရွတ်၊ စမ်းချောင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတနဲ့ မရမ်းကုန်း စတဲ့ မြို့နယ်တွေမှာ လုံခြုံရေးအစည်းအဝေးတွေလုပ်တာ၊ ကင်းအဖွဲ့တွေဖွဲ့တာ၊ မီးသတ်ဆေးဘူးတွေ ပြင်ဆင်တာ စတာတွေ လုပ်နေကြပါတယ်။

    ဒီအဖွဲ့တွေကနေ လမ်းအလိုက် လုံခြုံရေးလုပ်တာ၊ သတ်မှတ်အချိန်နောက်ပိုင်း လမ်းတွေထဲကို လူအဝင်အထွက် စစ်တာတွေ လုပ်ကြမှာပါ။

    ဒါ့အပြင် တချို့ မြို့နယ်တွေက ရပ်ကွက်တွေက ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်မယ်လို့ ကြေညာပါတယ်။ မြေနီကုန်းနဲ့ မအူကုန်း စတဲ့ရပ်ကွက်တွေမှာ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရဲ့ ဆန္ဒနဲ့ လုံခြုံရေးအရ ဖေဖော်ဝါရီလ ၁၃ ရက်က စပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပြီး အနိုင်ရပါတီ NLD ရဲ့ အုပ်ချုပ်မှုအောက် ပြန်မရောက်မချင်း ရပ်ကွက်သားတွေက ယာယီ ကိုယ်ပိုင် အုပ်ချုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

    ရပ်ကွက်တွေထဲကို အချိန်မတော် ဝင်ရောက်အကြမ်းဖက်မှုတွေ လုပ်ဆောင်လာရင် ရပ်ကွက်သူ၊ ရပ်ကွက်သား လူမျိုးဘာသာမရွေး စုပေါင်းပြီး ခုခံသွားမယ်လို့လည်း အဲဒီကြေညာချက်တွေထဲမှာ ဖော်ပြထားပါတယ်။

    ရန်ကုန်နဲ့ မန္တလေး အပါအ၀င် မြန်မာနိုင်ငံ တဝန်းက မြို့တချို့မှာ မနေ့ညက အတော်လေး မငြိမ်မသက် ဖြစ်ပြီး လူစုလူဝေးတွေ ဖြစ်ခဲ့ပါတယ်။ အလုပ်မဆင်းရေး CDM သပိတ်နဲ့ ဆက်စပ်တယ်နေတယ်ဆိုပြီး ညအချိန် လာရောက် ဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် ရပ်ကွက်နေပြည်သူတွေက စုဝေးကာကွယ်ခဲ့ကြပါတယ်။

    ရန်ကုန်ကရပ်ကွက်တွေ ကိုယ်တိုင်လုံခြုံရေးယူ
  12. နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ အရှိန်ဆက်မြင့်နေ

  13. လူငယ်ဗေဒင်ဆရာလွှတ်ပေးဖို့ ဆက်တောင်းဆို

    တောင်ဥက္ကလာပ မြို့နယ် ရဲစခန်းမှာ အဖမ်းခံထားရတဲ့ လူငယ် ဗေဒင်ဆရာ လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။

  14. မြန်မာပြည်သူတွေနဲ့အတူရပ်တည်တယ်လို့ အမေရိကန်သံရုံးပြော

    မြန်မာနိုင်ငံက အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့ ဆန္ဒပြပွဲတွေဟာ မြန်မာပြည်သူတွေက ဒီမိုကရေစီ လိုချင်ကြကြောင်း ပြသနေပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်လို့ တွစ်တာမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ရေးသားပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

  15. ကိုမင်းကိုနိုင်နဲ့ ထင်ရှားသူတချို့ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ကြေညာ

    ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ လင်းလင်း၊ အင်းစိန်အောင်စိုး၊ ကိုမျိုးရန်နောင်သိမ်း၊အိပန်ဆယ်လို နဲ့ ကိုမောင်မောင်အေးတို့ဟာ လူသိများတဲ့အခွင့်အရေးကို အသုံးချပြီး နိုင်ငံငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတဲ့ ရေးသားပြောဆိုချက်တွေကို ဆိုရှယ်မီဒီယာတွေမှာ လုပ်ဆောင်နေတယ်ဆိုပြီးရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားကြောင်းနဲ့ သက်ဆိုင်ရာ တရားရုံးတွေက ဖမ်းဝရမ်းတွေ ထုတ်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

    သူတို့ကို လက်ခံထားသူတွေကိုပါ ဥပဒေနဲ့အညီ အရေးယူမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    မင်းကိုနိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  16. ရွှေတိဂုံ အလှူငွေတွေ ဘဏ်မှာအပ်ထား၊ ဘဏ္ဍာငွေအရေး ဂေါပကထံလာမေးနိုင်တယ်လို့ဆို

    ရွှေတိဂုံ စေတီရဲ့ အလှူငွေကို အစိုးရဘဏ်မှာ အပ်ထားပြီး စည်းကမ်းနဲ့ အညီ သုံးစွဲနေကြောင်းနဲ့ ဘဏ္ဍာငွေအရေး သိရှိလိုရင် လာရောက်မေးမြန်းနိုင်တယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

    ဘဏ်တွေပိတ်ထားတာကြောင့် အစိုးရဝန်ထမ်းတွေလစာငွေအတွက် ဘုရားစေတီတွေရဲ့ အလှူငွေတွေကို သုံးစွဲနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ အွန်လိုင်းမှာ ပျံ့နှ့ံထွက်ပေါ်လာပြီးတဲ့နောက် အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

  17. အာဏာသိမ်းအစိုးရလို့ မသုံးနှုန်းဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာကောင်စီထံအကြောင်းကြား

    မြန်မာသတင်းမီဒီယာတွေအနေနဲ့ လက်ရှိသတင်းရေးသားဖော်ပြရာမှာ အာဏာသိမ်း အစိုးရလို့ သုံးနှုန်းဖော်ပြနေမှုအပေါ် မမှန်မကန်ရေးသားသုံးနှုန်းနေတာဖြစ်လို့ ဒီလိုသုံးနှုန်းတာအပါအဝင် လူထုဆူပူအုံကြွမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်တာမျိုးတွေ မလုပ်ကြစေဖို့နဲ့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ကြဖို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ မြန်မာသတင်းမီဒီယာကောင်စီကို စာပေးပို့ အကြောင်းကြားလာခဲ့ပါတယ်။

    အဲဒီ အကြောင်းကြားစာနဲ့ပတ်သက်ပြီး သတင်းမီဒီယာကောင်စီ ရဲ့သဘောထားနဲ့ပတ်သက်ပြီး ဒုဥက္ကဌဖြစ်သူ ဦးထက်မြက်က “မီဒီယာကောင်စီအနေနဲ့က ဒီမိုကရေစီအစိုးရလက်ထက်မှာ ဦးသိန်းစိန်လက်ထက်ကတည်းကဖွဲ့ထားတာ ဖြစ်တယ်။ လွှတ်တော်မှာ ဥပ‌‌ဒေပြဋ္ဌာန်းပြီးတော့ သတင်းမီဒီယာဥပဒေနဲ့အညီဖွဲ့ထားတဲ့အဖွဲ့ဖြစ်တယ်။ဒါကြောင့် ဒီမိုကရေစီလမ်းကြောင်းအတိုင်း သတင်းသမားတွေရဲ့ လွတ်လပ်မှု၊လုံခြုံမှုနဲ့လွတ်လပ်စွာရေးသားခွင့် အဲဒီဘက်မှာပဲရပ်တည်မယ်” လို့ဆိုပါတယ်။

    ရန်ကုန်အခြေစိုက် သတင်းမီဒီယာကြီးတစ်ခုရဲ့ အကြီးတန်းအယ်ဒီတာတစ်ဦးကလည်း အခုလို မှတ်ချက်ပြုပြောဆိုပါတယ်။

    “အခုခေါ်ဝေါ်နေတဲ့အသုံးအနှုန်းက အ‌ခြေခံဥပဒေပါအချက်အလက်တွေ၊နောက် သတင်းမီဒီယာ ဥပဒေပါအချက်အလက်တွေနဲ့လည်း ဖောက်ဖျက်ခြင်းမရှိဘဲနဲ့ ရေးသားတာဖြစ်လို့ ဒီအပေါ်မှာ ဥပဒေနဲ့ ဆန့်ကျင်ပြီးတော့ အလုပ်လို့ မမြင်ပါဘူး။”

    military coup

    ဓာတ်ပုံ ရင်းမြစ်, CJ

    military coup

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ကျန်းမာရေးကောင်းမွန်

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ကျန်းမာရေးကောင်းမွန်ကြောင်း NLDပါတီ ပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ ၈ ဦးဟာ နေပြည်တော်က အိမ်အမှတ် A-၃၃ ၊ ဦးဝင်းမြင့်နဲ့ မိသားစု ၁၀ ဦးဟာ အိမ်အမှတ် A-၂၉ မှာ ကျန်းမာစွာနဲ့ ရှိနေတယ်လို့ ရေးသားထားပါတယ်။

    စစ်တပ်က အာဏာသိမ်းခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဒေါ်အာင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် NLD ပါတီက ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးထားတာ ၁၃ ရက်မြောက်ရှိလာပြီဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ဆက်သွယ်ရေးစကားပြောစက် ဝေါ်ကီတော်ကီတွေ့ရလို့ဆိုပြီး သွင်းကုန်ပို့ကုန် အက်ဥပဒေ ၊ ဦးဝင်းမြင့်ကိုတော့ စက်တင်ဘာလတုန်းက NLD ပါတီမဲဆွယ်ယာဉ်တန်းကို ကြိုဆိုနှုတ်ဆက်တာကြောင့် ဆိုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ စစ်ကောင်စီက တရားစွဲထားတာဖြစ်ပါတယ်။

    နေအိမ်အကျယ်ချုပ်နဲ့ ပြန်လည်ပို့ဆောင်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအားလုံးနီးပါးကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်းကစလို့ ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအခါ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုမသိရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးတဲ့နောက် NLD ပါတီဝင်တွေ၊ အမတ်တွေအပါအဝင် တက်ကြွလှုပ်ရှားသူ၊နိုင်ငံရေးသမား စုစုပေါင်း အယောက် ၂၀၀ ကျော်ဖမ်းဆီးခံထားရတယ်လို့လည်း ပြောကြားချက်တွေ ရှိထားပါတယ်။

    Aung San Suu Kyi

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. အမ်းမှာ ဆန္ဒပြပွဲလိုက်ဖ်လွှင့်တယ်ဆိုပြီးဖမ်းခံရတဲ့အမျိုးသမီးကို သဘာဝဘေးပုဒ်မ ၂၅ နဲ့အမှုဖွင့်

    အမ်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို လူမှုကွန်ရက်ကနေ လိုက်ဖ်လွှင့်တဲ့ အသက် ၃၀ အရွယ် AGD ဘဏ်ဝန်ထမ်း မသင်းမြတ်ခိုင်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့အမှုဖွင့်ထားတယ်လို့ ရခိုင်က ဘီဘီစီသတင်းထောက်ကပြောပါတယ်။

    လာရောက်ဖမ်းဆီးစဉ်က ဆန္ဒပြပွဲကို လိုက်ဖ်လွှင့်တာကြောင့်လို့ အာဏာပိုင်တွေက ပြောခဲ့ပေမယ့် ယခုအခါ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဖမ်းဆီးအမှုဖွင့်တဲ့ပုဒ်မနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

    မသင်းမြတ်ခိုင်ဟာ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူမဟုတ်ဘဲ အိမ်ကနေ မြို့ဟောင်းဘက်ကို ဈေးသွားဝယ်ရာကနေ အပြန်မှာ ဆန္ဒပြပွဲနဲ့ တိုးခဲ့ပြီး ဆန္ဒပြတဲ့ကျောင်းသားနဲ့ ရဲတွေ ထိပ်တိုက်တွေ့ချိန်ကို လိုက်ဖ်လွှင့်တာကြောင့် ခုလိုဖမ်းဆီးတာဖြစ်တယ်လို့ ၎င်းရဲ့ ဖခင်က ပြောပါတယ်။ ယခုအခါ မသင်းမြတ်ခိုင်ကို အမ်းရဲစခန်းမှာ ချုပ်နှောင်ပြီး ရမန်နှစ်ပတ်ယူထားပါတယ်။

    Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အမ်းမှာ ဖေဖော်ဝါရီ ၁၀ ရက်က ဆန္ဒပြပွဲမြင်ကွင်း
  20. စမ်းချောင်းက မသင်္ကာဖွယ် လူ ၃ ဦးကို ရဲလက်အပ်

    စမ်းချောင်းမှာ မနေ့ညက ဖမ်းမိတဲ့ မသင်္ကာဖွယ် လူ ၃ ယောက်ကို ရပ်ကွက်က ဝိုင်းဝန်းထိန်းသိမ်းထားတာဖြစ်ပြီး ရဲလက်ကိုအပ်ဖို့ စောင့်ဆိုင်းနေတာကို ဖေဖော်ဝါရီ ၁၃ ရက်မနက်ပိုင်းမှာ တွေ့ရတာဖြစ်ပါတယ်။ ယခု နေ့လယ်ပိုင်းမှာတော့ဒီ လူ ၃ ဦးကို စမ်းချောင်း ရဲစခန်းကိုအပ်နှံလိုက်ပြီး ရဲကဆက်လက်စစ်ဆေးနေပါတယ်။ သပိတ်မှောက် ၀န်ထမ်းတွေကို ပစ်မှတ်ထားတဲ့ ညဉ့်နက်ပိုင်း လူဖမ်းပွဲတွေကိုလည်း ရပ်ကွက်လူထုတွေ ၀ိုင်း၀န်း ကာကွယ်ရတဲ့ အဖြစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာပါတယ်။

    ရန်ကုန်နဲ့ မန္တလေး အပါအ၀င် မြန်မာနိုင်ငံ တ၀န်းက မြို့တချို့မှာ ပြီးခဲ့တဲ့ ညက အတော်လေး မငြိမ်မသက် ဖြစ်ပြီး၊ လူစု၀ေးမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အလုပ်မဆင်းရေး CDM သပိတ်ထဲပါ၀င်ကြတဲ့ ဆရာ၀န်တွေ၊ သူနာပြုတွေ၊ မီးသတ်တွေ စတဲ့ ၀န်ထမ်း တွေကို အာဏာသိမ်း စစ်ကောင်စီက ပစ်မှတ်ထားပြီး၊ ညအချိန် လာရောက် ဖမ်းဆီးနေတာကို ရပ်ကွက်နေပြည်သူတွေက စုဝေးကာကွယ်ခဲ့ကြပါတယ်။

    သံဗုံးတွေတီးရင်း ၊ မကျေမနပ် အော်ဟစ်ကန့်ကွက်ကြတဲ့ အသံတွေ၊ တချို့ နေရာတွေမှာဆို မီးသတ်ဥဩ ဆွဲသံတွေနဲ့ ရပ်ကွက်တော်တော်များများ၊ နေရာအနှံ့မှာ အခြေအနေဟာ ရှုပ်ထွေးနေခဲ့တယ်လို့ရန်ကုန်၊ မန္တလေးတို့မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

    Protest
    Protest