နော်လူဝီဇာဘင်ဆင် သို့မဟုတ် မယ်ဗမာ

နော်လူဝီဇာ ဘင်ဇင်

ဓာတ်ပုံ ရင်းမြစ်, Courtesy of Charmaine Craig

ဓာတ်ပုံ ပုံစာ, နော်လူဝီဇာ ဘင်ဆင်

တခေတ် တခါက မြန်မာနိုင်ငံက အလှမယ် လည်းဖြစ် ရုပ်ရှင်မင်းသမီး အဆိုတော်လည်းဖြစ်တဲ့ နော်လူဝီဇာ ဘင်ဆင် ရဲ့ ဘ၀ ကောက်ကြောင်း ကို မကြာမီ မြန်မာ စာဖတ်ပရိသတ်တွေ ဖတ်ရှုကြရတော့မှာပါ။

နော်လူဝီဇာ ဘင်ဆင် ရဲ့ သမီး Charmaine Craig ရှာမိန်း ခရိတ် က "Miss Burma" "မယ်ဗမာ" အမည်နဲ့ မိခင် နော်လူဝီဇာ ဘင်ဆင် အကြောင်း အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေ လိုက်ပါတယ်။ အခု ဒီစာအုပ်ကို ပြည်တွင်းက ထုတ်ဝေသူတစ်ဦးက မြန်မာဘာသာ ပြန်ဆိုနေပြီး မကြာမီမှာ ပရိသတ် ရှေ့မှောက်ရောက်တော့မှာ ပါလို့ ရှာမိန်းခရိတ် က ပြောပါတယ်။

ဒဏ္ဍာရီပုံပြင် ဆန်လှတဲ့ နော်လူဝီဇာ ဘင်ဆင် ဘဝ ဇာတ်လမ်းကို သမီးဖြစ်သူ စာအုပ်ရေးချင်နေတာ ဆယ်ကျော်သက် အရွယ်ကတည်းကပါ လို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေ တဲ့ ရှာမိန်း ခရိတ် က ဘီဘီစီကို အခုလို ပြောပါတယ်။

ရှာမိန်း ခရိတ် ။ ။ ကျွန်မငယ်ငယ်ကတည်းက အမေရဲ့ ကျော်ကြားမှုတွေကို ကြားဖူးနေတယ်။ သူရုပ်ရှင် မင်းသမီးဖြစ်ခဲ့တာ၊ မစ္စဘားမား မယ်ဗမာ အလှမယ် ဘွဲ့ကို နှစ်ကြိမ်ဆွတ်ခူးရရှိခဲ့တာ၊ နောက်ပိုင်းမှာ ကရင်တော်လှန်ရေး ခေါင်းဆောင်နဲ့ အိမ်ထောင်ကျခဲ့ပုံ၊ ခင်ပွန်းသည် လုပ်ကြံခံရပုံ၊ အဲ့ဒီ နောက်မှာ သူကိုယ်တိုင် ကရင် တော်လှန်ရေး ခေါင်းဆောင်တစ်ဦး အနေနဲ့ သူ့ခင်ပွန်းရဲ့ တပ်ကို ဦးဆောင်ခဲ့ပုံတွေပါ။ ကျွန်မ သိပ်ကို စိတ်ဝင်စားတာကတော့ ကျွန်မသိကျွမ်းခဲ့ရတဲ့ ကျွန်မ ရဲ့ မိခင်၊ နောက် ကျွန်မ သိချင်နေတဲ့ ဒဏ္ဍာရီ ဆန်လှတဲ့ ရာဇဝင်တွင်တဲ့ ကျွန်မ ရဲ့ မိခင်ပါ။ ဒီလို ခြားနားလှတဲ့ ဘဝကို စာရေးချင်နေ တာ ကျွန်မ အထက်တန်းကျောင်းသူ ဘဝကတည်းကပါ လို့ ရှာမိန်း ခရိတ်က ပြောပါတယ်။

နော်လူဝီဇာ ဘင်ဇင်

ဓာတ်ပုံ ရင်းမြစ်, Courtesy of Charmaine Craig

ဓာတ်ပုံ ပုံစာ, နော်လူဝီဇာ ဘင်ဆင်

၁၉၆၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရနဲ့ Karen Revolutionary Council (KRC) အကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နောက် ၁၉၆၄ ခုနှစ်မှာ KRC တပ်မဟာ (၅) ရဲ့ တပ်မှူး ဗိုလ်မှူးချုပ် လင်းထင် နဲ့ နော်လူဝီဇာ ဘင်ဆင်တို့ ရန်ကုန်မြို့မှာ တခမ်းတနား လက်ထပ်ခဲ့ပါတယ်။

အလွန်ချောမောလှပတဲ့ နံမည်ကျော် အလှမယ် နော်လူဝီဇာ ဘင်ဆင် ဟာ ကရင်လက်နက်ကိုင် အဖွဲ့ရဲ့ အရာရှိ ဗိုလ်မှူးချုပ် လင်းထင် နဲ့ လက်ထပ်လိုက်တဲ့ သတင်းက တမြို့လုံး ဟိုးလေးတကျော်ဖြစ်သွားပါတယ်။

ဗိုလ်မှူးချုပ် လင်းထင် ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ကာကွယ်ရေး တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးခံနေရတဲ့ အချိန်မှာ ၁၉၆၅ခုနှစ်မှာ ဗိုလ်မှူးချုပ် လင်းထင် ဟာ စစ်ထောက်လှမ်းရေးရဲ့ ပစ်ခတ် သတ်ဖြတ်တာကိုခံရပါတယ်။ ခင်ပွန်းသည် အသတ်ခံရပြီး နောက်မှာ နော်လူဝီဇာ ဘင်ဆင် ဟာ သူ့ခင်ပွန်းရဲ့ တပ်သားတွေကို စုဆောင်းပြီ ကေအန်ယူ တပ်မဟာ ၅ နယ်မြေထဲ တိမ်းရှောင်သွား ပါတယ်။ အခုလို ကရင်လက်နက်ကိုင်တော်လှန်ရေးထဲ ခြေစုံပစ်ဝင်လိုက်တဲ့ အခါမှာ အားလုံးက အံ့အားသင့်သွားပါတယ်။

နော်လူဝီဇာ ဘင်ဇင်

ဓာတ်ပုံ ရင်းမြစ်, Courtesy of Charmaine Craig

ဓာတ်ပုံ ပုံစာ, နော်လူဝီဇာ ဘင်ဆင်

ဒါပေမယ့် ကရင်လူမျိုးတွေ အကြားမှာတော့ သူ့ကို အထူးကြည်ညိုလေးစားကြပါတယ်။

နော်လူဝီဇာ ရန်ကုန်မြို့မှာ နေထိုင်စဉ် မယ်ဗမာ၊ ရုပ်ရှင်မင်းသမီး ဘ၀မှာ ဗိုလ်ချုပ်ကြီးနေဝင်းအိမ်ကို မကြာခဏ ဝင်ထွက်သွားလာ ခဲ့တဲ့ အတွက် သူနဲ့ ဦးနေဝင်းကို စွပ်စွဲပြောဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကေအန်ယူနယ်မြေ ထဲကို တိမ်းရှောင်လာတဲ့ နော်လူဝီဇာဟာ တောတောင်ထဲမှာ အခက်အခဲ အမျိုးမျိုးတွေနဲ့ ရင်ဆိုင် ခဲ့ရပြီး နောက်ဆုံးမှာ သူ့ရဲ့ ရည်းစားဟောင်းဖြစ်သူ အမေရိကန် နိုင်ငံသား Glen Craig ဂလင် ခရိတ်နဲ့ အဆက်အသွယ်ပြန်ရခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ သူတို့ နှစ်ဦး လက်ထပ်လိုက်ကြပြီး ယောင်နောက် ဆံထုံးပါ ဆိုသလို သူ လည်း အမေရိကနိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

အမေရိကန် မှာ နေထိုင်စဉ် နော်လူဝီဇာ ဟာ ထိုင်းမြန်မာနယ်စပ်က ကရင်ဒုက္ခသည်တွေ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချ နိုင်ဖို့ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါတယ်။

ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေတဲ့ ကရင်လူမျိုးတွေအရေးကို အားကြိုးမာန်တက် ကူညီဆောင်ရွက်ပေးခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတဦးလည်း ဖြစ်ပါတယ်။ ကရင်လူထုအပေါ် ထားတဲ့ သူ့ရဲ့ စေတနာ ကို ကရင် လူမျိုးတွေက အသိအမှတ်ပြုခဲ့ပြီး အခုချိန်ထိ ကရင်တွေ လေးစားခံရတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ သူ့သမီး ရှာမိန်းခရိတ်က ပြောပါတယ်။

ရှာမိန်း ခရိတ်

ဓာတ်ပုံ ရင်းမြစ်, Courtesy of Charmaine Craig

ဓာတ်ပုံ ပုံစာ, ရှာမိန်း ခရိတ်

ရှာမိန်းခရိတ်။ ။ လွန်ခဲ့တဲ့ ၂၂ နှစ်လောက်က ကျမ မြန်မာပြည် ဆီ အလည်အပတ် ရောက်ခဲ့တုန်းက ကရင် တွေနဲ့ တွေ့တဲ့အခါမှာ ကျွန်မ အမေဟာ အခုအထိ ကရင်တွေ အကြားမှာ ကျော်ကြားနေဆဲဆိုတာကို သိရတော့ ကျွန်မရင်ထဲမှာ နွေးထွေးတဲ့ ခံစားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ ကရင်လူမျိုး တော်တော်များများအတွက် ရာဇဝင်တွင်တဲ့ သူတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီအပြင် သူဟာ ကရင်လူမျိုးတွေ အပြင် တခြားအဖိနှိပ်ခံလူတွေအတွက် လည်း ရှေ့တန်းက လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်ခဲ့ပါတယ်။ အမေရိကန်ကို မြန်မာဒုက္ခသည်တွေ ပြောင်းရွှေ့အခြေချနိုင်အောင် သူ အများကြီး လုပ်ပေးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ကနေ ၂၀၁၀ ခုနှစ် သူ မကွန်လွန်ချိန်အထိ သူကဒုက္ခသည်တွေကို အကူအညီတွေ ပေးခဲ့ပါတယ်။ သူဟာ လူထုလေးစားတဲ့ ကရင် ခေါင်းဆောင်တဦးလို့ ကျမခံစားရတယ်။

နော်လူဝီဇာဟာ အမေရိကနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူအဖွဲ့ ဖြစ်တဲ့ Burma Forum နှင့် US Campaign for Burma ရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ သူဟာ မြန်မာရုပ်ရှင်ကား အနည်းငယ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဆိုတော်တဦးလည်း ဖြစ်ပါတယ်။

နော်လူဝီဇာဘင်စင်

ဓာတ်ပုံ ရင်းမြစ်, Courtesy of Charmaine Craig

ဓာတ်ပုံ ပုံစာ, နော်လူဝီဇာဘင်ဆင်

နော်လူဝီဇာ ရဲ့ ဖခင်ဟာ ဂျူးလူမျိုးဖြစ်ပြီး မိခင် က ကရင်တိုင်းရင်းသူတဦးဖြစ်တယ်။

သူဟာ ၂၀၁၀ ဖေဖော်ဝါရီလမှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။