ဒေါ်အောင်ဆန်း စုကြည် အစိုးရထဲ ပါလာဖို့ ရှိသလား

ဓာတ်ပုံ ရင်းမြစ်, AP
ဒေါ်အောင်ဆန်း စုကြည် ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကို ဆက်လက် ဦးဆောင် မှာ ဖြစ်ပြီး ဘယ်အပိုင်း ကနေပဲ တာဝန် ယူယူ အစိုးရ အပေါ်မှာ ဩဇာ ရှိနေမှာ ဖြစ်ကြောင်း NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ ဇော်မြင့်မောင် က ဘီဘီစီ ကို ပြောပါတယ်။
တနင်္ဂနွေနေ့ နေပြည်တော် က ဒေါ်အောင်ဆန်း စုကြည် အိမ်မှာ ကျင်းပခဲ့တဲ့ NLD ပါတီ ဗဟို အလုပ် အမှုဆောင် ကော်မတီ အစည်းအဝေး အပြီးမှာ ဒေါက်တာ ဇော်မြင့်မောင် က ပြောကြား ခဲ့ပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဟာ ဒီလကုန်မှာ လက်ရှိ အစိုးရ ဆီကနေ အာဏာ လွှဲပြောင်းယူဖို့ ရှိပါတယ်။
မကြာခင် ရက်ပိုင်း မှာ လွှတ်တော် ကို တင်သွင်းမယ် အစိုးရ ဝန်ကြီး တွေရဲ့ အမည်စာရင်းနဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ခုံရုံး စတဲ့ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်း တွေ ကိုလည်း အတည်ပြု ထားပြီး ဖြစ်ကြောင်း၊ အစိုးရ အဖွဲ့ မှာ အုပ်ချုပ်မှု ပညာ ကျွမ်းကျင်တဲ့ ပညာရှင် တွေနဲ့ NLD ပါတီဝင်တွေ စုံစုံလင်လင် ပါလာဖို့ ရှိတယ် လို့ ဒေါက်တာ ဇော်မြင့်မောင် က ပြောကြား ခဲ့ပါတယ်။
မြန်မာပြည်မှာ အဂတိ ကင်းစင်တဲ့ လူ့အသိုင်းအဝိုင်း တခု ပေါ်ပေါက်လာဖို့ ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး စတဲ့ ကိစ္စတွေကို NLD က ကြိုးစား ဆောင်ရွက် သွားမယ် လို့လည်း ဆိုပါတယ်။




