ကျန်းမာရေး ဝန်ဆောင်မှု လွှမ်းခြုံဖို့ ကြိုးစား

၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ် ကနေ စလို့ ပြည်တွင်းမှာ လူတိုင်း လက်လှမ်းမီ နိုင်မယ့် ကျန်းမာရေး ဝန်ဆောင်မှု စနစ် ကို ကျင့်သုံးဖို့ ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်သူ မရှိ အတည်ပြု လိုက်ပါတယ်။
၂ဝ၁၅ ကနေ၂ဝ၁၉ ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက် သွားမယ့် ဒီစီမံကိန်း အတွက် ကမ္ဘာ့ဘဏ်က ရတဲ့ အတိုးမဲ့ ချေးငွေ ဒေါ်လာ သန်း (၁ဝဝ) နဲ့ အကောင်အထည် ဖော်မှာ ဖြစ်ပြီး ဒီချေးငွေ ကို ဆိုင်းငံ့ ကာလ အပါအဝင် ၃၈ နှစ် ကြာမှ ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။
ဒီစနစ် ကျင့်သုံးဖို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းအောင် က ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းခဲ့တာ ဖြစ်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ် (၆)ဦး က လွှတ်တော်မှာ အမည် စာရင်း တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။
ကျေးလက် ဒေသန္တရ ဆေးပေးခန်းတွေကို တလ မြန်မာငွေ ၅ သိန်းက ဆယ်သိန်းထိ ထောက်ပံ့မှာ ဖြစ်သလို ကျောင်းကျန်းမာရေးနဲ့ မိခင်နဲ့ ကလေး ကျန်းမာရေး ဌာန တွေကို တလ ကျပ်တသိန်းစီ ထောက်ပံ့ဖို့ စီစဉ်ထားကြောင်း ဆွေးနွေးမှုမှာ ပါတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ရှင်းပြ ပါတယ်။
သားဖွားမိခင်နဲ့ ကလေး သေဆုံးမှု လျော့ကျရေး လို ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်ရေး အတွက် ကျန်းမာရေး ဝန်ထမ်းတွေ အရည်အချင်း မြှင်တင်ရေး သင်တန်းတွေ ပေးသွားမယ် လို့လဲ ဆိုပါတယ်။
ဒီဝန်ဆောင်မှု စနစ်မှာ ယိုပေါက် ဟာပေါက်တွေ အလေအလွင့် တွေ မဖြစ်ရအောင် ပွင့်လင်း တာဝန်ခံမှု ရှိတဲ့ ငွေကြေး လည်ပတ်မှု စနစ်နဲ့ ဒုဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ် စတဲ့ အဆင့်ဆင့် ကြပ်မတ် စစ်ဆေး သွားမယ်လို့ သိရပါတယ်။




