ကင်တားနားက အမုန်းတရားတွေ ပြန့်နှံ့မှုထောက်ပြ

quintana_

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana က သူ့ ရဲ့ ၆ နှစ် ရာထူး သက်တမ်း ကုန်ခါနီးမှာ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး၊ စိုးရိမ်မကင်း ဖြစ်တာတွေ ကို ကြေညာချက် မှာ ထုတ်ပြန် ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ အမုန်း တရား ပြန့်ပွား စေတဲ့ စကားတွေ ပြန့်နှံ့ နေကြောင်း ထောက်ပြ ထားပါတယ်။

အရင် က မြန်မာနိုင်ငံ မှာ အမုန်းစကား တွေ ပြန့်နှံ့မှု မရှိ ခဲ့ဘဲ၊ အခုမှ ရှိခဲ့ခြင်း ဟာ လူ့အခွင့်အရေး ဥပဒေ အရ ခွင့်မပြုနိုင်ဘူး လို့ မစ္စတာ ကင်တားနား က ဘီဘီစီ ကို ပြောပါတယ်။ သာမန်လူ ကပဲ ပြောပြော ဘာသာရေး အသိုင်းအဝိုင်းက ပြောတာဘဲ ဖြစ်ဖြစ် အစိုးရ အနေနဲ့ ကိုင်တွယ် ဆောင်ရွက်ဖို့၊ ရပ်တန့်အောင် လုပ်ဆောင်ဖို့ တာဝန် ရှိကြောင်း ဆိုပါတယ်။

ဘာသာရေး အဓိကရုဏ်းတွေမှာ မေတ္တာ ရှေ့ထားပြီး အသက်ပေါင်း များစွာကို ကာကွယ်ပေးတဲ့ သံဃာတော် ဆရာတော်ကြီး တွေ နဲ့ ဆုံဖူးတဲ့ အကြောင်း၊ ဒီ သံဃာတော် တွေ ဟာ အများ ကြည်ညို လေးစား ခံရတဲ့ ဘာသာရေး ခေါင်းဆောင် တွေ ဖြစ်ကြောင်း လည်း မစ္စတာ ကင်တားနား က ပြောပါတယ်။

တချိန်တည်းမှာ ဘဲ၊ အမုန်းစကား၊ အမုန်းတရားတွေ ပြန့်ပွားစေတဲ့ တရားတော် တွေ ဟောပြောတဲ့ သံဃာတော်တွေ လည်း ရှိနေကြောင်း၊ ဒီလို ဟောပြော နေသူတွေ ကို လွှတ်မထားသင့် တဲ့ အကြောင်း၊ ဒါဟာ အကြမ်းဖက်မှု ကို ဖိတ်ခေါ် နေတာနဲ့ တူတယ် လို့ လည်း ဆိုပါတယ်။ ဒီမိုကရေစီ ကူးပြောင်းရေး ကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ ထောက်ပြပါတယ်။

နိုင်ငံတော် သမ္မတ ရဲ့ မိန့်ခွန်း ကို နားထောင် ရာမှာလည်း၊ ငြိမ်းချမ်းတဲ့၊ နှစ်ဘက်နားလည်မှု ရှိတဲ့၊ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စတာတွေ ပြောတာ ကြားမိပေမဲ့၊ ဒီလောက်နဲ့ မရပါဘူး၊ ဒီလို ဟောပြော သူတွေ ကို တားမြစ်ရပါမယ်၊ အစိုးရ မှာ ဥပဒေ အရ တားနိုင်တဲ့ အခွင့်အာဏာ ရှိကြောင်း မစ္စတာ ကင်တားနား က ဘီဘီစီ ကို ရှင်းပြပါတယ်။