၂၀၁၀ ရွေးကောက်ပွဲက လူထုအုံကြွမှုတွေ ဖြစ်လာနိုင်
ရွေးကောက်ပွဲမှာ တရားမျှတမှုတွေ မရှိတဲ့အတွက် နောင်မှာလူထုက မကျေနပ်မှုတွေဖြစ်ပြီး တိုင်းပြည် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ကြောင်း ပြည်တွင်းက အဖွဲ့အစည်းတခုဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုစိုးထွန်းက ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေက လွတ်လပ်စွာ စည်းရုံးခွင့်တွေ လူထုရဲ့ နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင် ဆောင်ရွက်ခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်ထားမှုတွေ အများကြီး ရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ ကိုလည်း တစ်လတောင် အချိန်မပေးပဲနဲ့ ရက်ကို နှစ်ပတ်နဲ့ ကန့်သတ်ထားတာ ဆိုတဲ့ မတရားမမျှတမှုတွေ ရှိနေကြောင်း ပြောပါတယ်။
ရွေးကောက်ပွဲ ဝင်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေဟာ space တခု ရဖို့ဆိုပြီး ဝင်ပြိုင်ကြတာကို နားလည်ပေးလို့ ရပါတယ်၊ အခု အခြေအနေက လွှတ်တော်ထဲမှာ နေရာရဖို့ မပြောနဲ့ ရွေးကောက်ပွဲမှာ တောင်မှ အမတ်တွေ လွတ်လွတ်လပ်လပ် ပါဝင်ယှဉ်ပြိုင်ခွင့် မရအောင် ဥပဒေအမျိုးမျိုးနဲ့ ကန့်သတ်ထားတာတွေက ရှိပါတယ်။ အစိုးရက ထောက်ပံ့မှုပြုတဲ့ ကြံ့ခိုင်ရေးပါတီက နိုင်ငံတော် အစိုးရနဲ့ မကင်းတဲ့ အာဏာ ငွေ နိုင်ငံတော်ပိုင် ပစ္စည်းတွေ မတရား ရယူထားတာတွေ ရှိတယ်၊ ဒါတွေကြောင့် ဒီရွေးကောက်ပွဲဟာ ပိုပြီး မတရားမှု ဖြစ်နေတာပါလို့လည်း ကိုစိုးထွန်းက ပြောပါတယ်။
တကယ်တန်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ဖို့ဆိုရင် ဒီရွေးကောက်ပွဲမှာ ပါဝင်သင့်တဲ့ ပုဂ္ဂိုလ်နဲ့ ပါတီတွေ တိုင်းရင်းသားအဖွဲ့ အစည်းနဲ့ ခေါင်းဆောင်တွေ ပြီးတော့ စစ်အစိုးရအပါအဝင် အားလုံး ပါဝင်နိုင်တဲ့ရွေးကောက်ပွဲ ဖြစ်သင့်ကြောင်း၊ အခုတော့ နအဖ သွားနေတဲ့ လမ်းကြောင်းက စစ်တပ် အာဏာရှည်ဖို့ လမ်းကြောင်းပဲ ဖြစ်နေတာမို့ နောင်မှာ လူထုမကျေနပ်မှုတွေ ဖြစ်လာပြီး လူထုအုံကြွမှုတွေ တိုင်းပြည် မတည်ငြိမ်မှုတွေသာ ဖြစ်လာနိုင်ကြောင်း ကိုစိုးထွန်းက ဘီဘီစီကို ပြောဆိုပါတယ်။




