ပြည်သူပိုင် သိမ်းခံရ သူတွေ ဘယ်လောက် နစ်နာ သလဲ
တော်လှန်ရေး ကောင်စီ အာဏာ ရယူခဲ့ပြီးနောက် ပြည်သူပိုင် အဖြစ် သိမ်းယူခဲ့တဲ့ အဆောက် အဦ တွေ စီးပွားရေး လုပ်ငန်း တွေကို မြန်မာ စစ် အစိုးရက အခု နှစ်ဆန်းပိုင်းက စတင်ပြီး လေလံတင် ရောင်းချမှုတွေ ပြုလုပ် နေပါတယ်။

မူလ ပိုင်ရှင်တွေက သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်း တွေကို ပြန်လည် ရယူနိုင်ခွင့် မရှိတဲ့ အတွက် နစ်နာ မှုတွေ ရှိနေတယ်လို့ ဘီဘီစီကို ပြောပြ ကြပါတယ်။
၁၉၆၄ ခုနှစ်က ပြည်သူပိုင် သိမ်းယူ ခံခဲ့ရတဲ့ ပုဂ္ဂလိက ပိုင်ဆိုင်တဲ့ ပစ္စည်း တွေထဲမှာ အခု လက်ရှိ မြန်မာ အစိုးရ ပိုင် အဖြစ် ထုတ်လုပ် နေတဲ့ ကြေးမုံ သတင်းစာတိုက် လည်း ပါဝင် ပါတယ်။ အဲဒီအချိန်က ကြေးမုံ သတင်းစာ အယ်ဒီတာ အဖြစ် အလုပ် လုပ်ကိုင်နေခဲ့သူ ဝါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က ကြေးမုံ သတင်းစာ တိုက်ရဲ့ တိုက်တာ၊ မြေကွက် တွေအပြင် ပုံနှိပ်စက်တွေက အစ သိမ်းယူ ခံခဲ့ကြရပြီး ပြန်မရခဲ့ဘူးလို့ ပြောပါတယ်။
သူ ထောင်ထဲ မဝင်ခင် ၁၉၈၉ ခုနှစ်လောက် ရောက်တော့ ပိုင်ရှင် လက်ထဲ ပြန်ပေးမယ် ဆိုတဲ့ သတင်းတွေထွက်လာပြီး နဂို အသိမ်း ခံခဲ့ရစဉ်က သုံးလေးသိန်းနဲ့ စျေးဖြတ်ခံခဲ့ရတဲ့ ပစ္စည်းကို သိန်းထောင်ချီပေးမှ ရမယ့် အခြေအနေမို့ ပိုင်ရှင်တွေ နစ်နာ ခဲ့ရတယ်လို့ လည်း ဦးဝင်းတင်က ပြောပါတယ်။
တကယ်တော့ အစိုးရက ပုဂ္ဂလိက ပိုင်ဆိုင် မှုတွေကို နိုင်ငံပိုင် အဖြစ်သိမ်းယူတဲ့ အခါမျိုးမှာ လျော်ကြေး ငွေ မဆိုစလောက် ပေးတတ်တာ ရှိသလို လျော်ကြေး လုံးဝ မပေးတာ တွေလည်း ရှိပါတယ်။ ဒါပေမဲ့ အသိမ်း ခံရသူတွေ အတွက် ဥပဒေ အရ အကာအကွယ် ပေးထားတာ မရှိဘူး လို့ ရန်ကုန်က ဥပဒေ ပညာရှင် ဦးအောင်သိန်းက ပြောပါတယ်။
သတင်းစာ ဆရာကြီး ဦးဝင်းတင်ကတော့ မူရင်း ပိုင်ရှင်တွေဟာ သူတို့ ပိုင်ဆိုင် မှုတွေကို သိမ်းယူခံကြရတဲ့ အခါ ပစ္စည်းလည်းဆုံး လုပ်ငန်းလည်း ဆုံးရှုံး ကြရတာမို့ နှစ်ကြိမ် နှစ်ခါ နစ်နာ ကြရတယ်လို့ ပြောပါတယ်။




