၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ အနာဂတ် အပိုင်းတစ်

အပိုင်းတစ် : ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အနက် အဓိပ္ပါယ်

၂ဝဝ၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေရဲ့ ကောင်းကျိုးဆိုးကျိုး တွေနဲ့ အနာဂတ် သက်ရောက်မယ့် အကြောင်းတွေကို ပညာရှင်တွေက ရှုမြင် သုံးသပ်ထားပါတယ် ။

''ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာက နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေး တွေကို ထိပါးလာရင် ၊ ကာကွယ် စောင့်ရှောက်နိုင်မယ့် လွတ်လပ်တဲ့ တရား စီရင်ရေးလို ဟာမျိုးတွေကို အားကောင်းကောင်းနဲ့ ပြဌာန်းပေးထားပြီး အဲဒီလို အခြေခံမျိုးနဲ့ ပြင်ဆင်ပ ြဌာန်းပေးထားတဲ့ အရာမျိုးကိုမှ သာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ခေါ်ပါတယ်'' ဆိုပြီးပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အထွေထွေ အတွင်းရေးမှူး ဥပဒေ ပညာရှင် ဦးအောင်ထူး က အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

'' ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ နှစ်မျိုးနှစ်စား ရှိပြီး တစ်မျိုးကတော့ အုပ်ချုပ်ခံ ပြည်သူ အောက်ခြေထုက အထက်လွှာ သက်ဦးဆံပိုင် အာဏာရှင်တွေ သို့တည်းမဟုတ် နိုင်ငံတခုကို ထူထောင်ဖို့ အတွက် ကြိုးစားနေတဲ့ သူတွေကို အောက်ကနေ တင်ပြပြီးတော့ အတည်ဖြစ်လာတဲ့ အောက်ကနေ အထက်ကို ဆန်တဲ့ပုံစံပေါ့ နောက်တစ်မျိုး ကတော့ အပေါ်က အုပ်ချုပ်တဲ့ အာဏာပိုင်တွေက အောက်က အုပ်ချုပ်ခံ ပြည်သူတွေကို ချပြတဲ့ပုံစံပါ ။ ဒါကို အာဏာရှင် တိုင်းပြည်တွေမှာ အများဆုံး တွေ့ရပါတယ် ။ အခု မြန်မာပြည်က အခြေခံ ဥပဒေဟာ ဒုတိယ ပုံစံ သဘော သက်ဝင် နေပါတယ် '' လို့ Kanda တက္ကသိုလ်က သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းက ပြောပါတယ် ။