သပိတ်မှောက်သူတွေရှိနေဆဲ တက္ကသိုလ်ဝင်တန်းနဲ့ စနစ်ဟောင်းရဲ့ နောက်ဆုံးစာမေးပွဲ

စစ်ကောင်စီ ပညာရေး တက်ရောက်သူ နည်းပါးဆဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

၂ဝ၂၁-၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းတွေကို စစ်ကောင်စီက ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပြီးတဲ့နောက် အဲဒီစာမေးပွဲမှာ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ မဖြေဆိုသူတွေအတွက် လာမယ့် ၂၀၂၃ ခုနှစ်ကျရင် တက္ကသိုလ်ဝင် စာမေးပွဲ နောက်ဆုံးတကြိမ် ကျင်းပပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဌာနက ကြေညာပါတယ်။

ဒါဟာ တက္ကသိုလ်ဝင်တန်း စနစ်သစ်ကိုကူးပြောင်းသွားတာဖြစ်လို့ စနစ်ဟောင်းနဲ့ သင်ကြားခဲ့ရသူတွေအတွက် နောက်ဆုံးပြန်ဖြေနိုင်မယ့် အကြိမ်ဖြစ်ပြီး အဲဒီအခါမှာ မဖြေဖြစ်တာ၊ ကျရှုံးခဲ့တာတွေ ဖြစ်ရင်တော့ စနစ်သစ်နဲ့ပဲ သင်ကြား၊ ဖြေဆိုရတော့မယ်လို့ ပညာရေးအသိုင်းဝိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံပညာရေးစနစ်ကို KG+ 12 စနစ်ကို ပညာသင်နှစ် အဆင့်လိုက် တဖြည်းဖြည်း ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီစနစ်အရ အသက် ၅ နှစ်ပြည့်သူတွေဟာ KG (သူငယ်တန်း) ကနေစပြီး Grade 12 (ဒွာဒသမတန်း) အထိ စာသင်နှစ် ၁၃ နှစ် သင်ကြားရမှာ ဖြစ်ပြီး အလယ်တန်း Grade 9 ပြီးသူတွေဟာ Grade 10 (ဒသမတန်း) ၊ Grade 11 (ဧကဒသမတန်း) နဲ့ Grade – 12 (ဒွာဒသမတန်း) ဆိုပြီး သင်ရိုးသစ် ၃ နှစ် သင်ကြားရမှာ ဖြစ်ပါတယ်။

ဒီလို စနစ်သစ်ပြောင်းလဲသွားပြီ ဖြစ်တာကြောင့် လာမယ့်၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျရှုံးသူတွေနဲ့ စာမေးပွဲဝင်ရောက် မဖြေဆိုသူတွေဟာ Grade 11 (ဧကဒသမတန်း) နဲ့ Grade-12 (ဒွာဒသမတန်း) ဆိုပြီး နောက်ထပ် ပညာသင်နှစ် ၂ နှစ် ဒါမှမဟုတ် Grade 10 ကနေ 12 အထိ ဆက်တက်ရတော့မယ့် အနေအထားဖြစ်ပါတယ်။

စစ်ကောင်စီ ပညာရေးဌာနရဲ့ ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, စာစစ်ဦးစီးဌာန

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ပညာရေးဌာနရဲ့ ထုတ်ပြန်ချက်

ဒါပေမဲ့ ဆယ်တန်းကို တခါမှမတက်ရောက်ဖူးတဲ့ သူတွေကတော့ Grade 10 ကနေ 12 အထိ စာသင်နှစ် ၃ နှစ်လုံးကို သင်ကြားရမှာ ဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။

“ပုံမှန်အတိုင်းဆိုရင်တော့ ဒီနှစ်က အရင်ကလို ဆယ်တန်းစနစ်ဟောင်း မရှိတော့ဘူး။ ကျတဲ့သူရော မဖြေတဲ့သူရော အကုန်လုံး ၁၁ တန်းကို တက်ခိုင်းရမယ်။ အခုဟာက ၁၁ တန်း မတက်ခိုင်းဘဲ မဖြေတဲ့သူတွေရော၊ ကျတဲ့သူတွေရော ပြန်ဖြေလို့ရအောင် အခွင့်အရေးပေးလိုက်တာ” လို့ အထက်တန်းကျောင်းအုပ်တဦးက ရှင်းပြပါတယ်။

ဒါပေမဲ့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒါဟာ စနစ်ဟောင်းနဲ့ စနစ်သစ် အကူးအပြောင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဥ် ကိစ္စတခု ဖြစ်တယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်မဖြေဆိုပဲ သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားကျောင်းသူပေါင်း နိုင်ငံတဝန်းမှာ ၇ သိန်းလောက် ရှိတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်သလို အာဏာသိမ်းစစ်တပ်ရဲ့ အတန်းတင် စာမေးပွဲ၊ တက္ကသိုလ်ဝင်စာမေးပွဲတွေရဲ့ အောင်လက်မှတ်တွေဟာ တရားမဝင်ဘူးလို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

ကိုဗစ်မဖြစ်ခင်နဲ့ အာဏာမသိမ်းခင်က နောက်ဆုံးကျင်းပခဲ့တဲ့ တက္က သိုလ်ဝင်တန်းစာမေးပွဲမှာ ကျောင်းသား ကိုးသိန်းကျော်အထိ ဝင်ဖြေခဲ့ပေမယ့် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ဖြေဆိုသူ ၂၈ဝဝဝဝ ကျော်သာ ရှိခဲ့ပါတယ်။

၂၀၂၁-၂ဝ၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူတွေရဲ့ အောင်စာရင်းကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနအောက်က စာစစ်ဦးစီးဌာနက ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး အောင်မြင်သူ ၄၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

စစ်ကောင်စီလက်ထက် ပြီးခဲ့တဲ့ဇွန်လ ၁ ရက်မှာ ပြန်လည်ဖွင့်လှစ်တဲ့ စစ်တွေမြို့ပေါ်က အခြေခံပညာကျောင်းတစ်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီလက်ထက် မနှစ်က ဇွန်လ ၁ ရက်မှာ ပြန်လည်ဖွင့်လှစ်တဲ့ စစ်တွေမြို့ပေါ်က အခြေခံပညာကျောင်းတစ်ကျောင်း

စစ်ကောင်စီက ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ တက်ရောက်နေသူတွေနဲ့ မတက်ရောက်သူတွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေသလို တဖက်မှာလည်း NUG ဘက်က ကလေးငယ်တွေရဲ့ ပညာရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်တာ အားနည်းနေသေးတယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ကိုစိုင်းကြည်စင်စိုးကတော့ ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ကြားပိုင်ခွင့်ရှိဖို့ အပြည်ပြည်ဆိုင်ရာကလေးသူငယ်များ အခွင့်အရေးဆိုင်ရာသဘောတူညီချက်မှာ ပြဌာန်းထားလို့ အစိုးရလို့ခံယူထားကြတဲ့ စစ်ကောင်စီရောNUG ကပါ သတိပြုသင့်တယ်လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို နိုင်ငံတဝန်းက ဆရာ၊ ဆရာမ ၂ဝဝ,ဝဝဝ ကျော်လည်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသလို ကျောင်းနေအရွယ်ကလေးအများအပြားလည်း ကျောင်းမတက်ဘဲ ကျောင်းထွက်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိဘသန်းနဲ့ချီဟာ သူတို့ရဲ့ ကလေးတွေကို ကျောင်းဆက်မထားဖို့ ဆုံးဖြတ်ခဲ့ကြသလို နိုင်ငံတဝန်း ကလေးသူငယ် ၁၂ သန်းလောက်ဟာ စာသင်ကျောင်းတွေနဲ့ ဝေးကွာခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ထားပါတယ်။