မြန်မာစစ်တပ် ဗိုလ်လောင်းနဲ့ အရာရှိတချို့ကို ဂျပန်အစိုးရက စစ်သင်တန်းပေးဖို့ စီစဉ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေး စစ်စခန်းတွေမှာ မြန်မာစစ်တပ် စစ်မှုထမ်းတွေကို ဂျပန်အစိုးရက ထပ်မံ လေ့ကျင့်သင်တန်းပေးဖို့ ရှိတယ်လို့ ဧပြီလ ၂၆ ရက်နေ့မှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ဂျပန်ပါလီမန်ကော်မတီ အစည်းအဝေးမှာ ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အဲဒီထုတ်ဖော်ပြောဆိုမှုအကြောင်းကို Human Rights Watch ရဲ့ ထုတ်ပြန်ဖော်ပြချက်မှာ အခုလို ဖော်ပြလာတာ ဖြစ်ပါတယ်။
မြန်မာ့တပ်မတော် စစ်မှုထမ်းတွေကို ဂျပန်က လေ့ကျင့်သင်တန်းပေးတဲ့အစီအစဉ်ကို ၂၀၁၅ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဆိုရင်တော့ အာဏာသိမ်း စစ်တပ်ရဲ့ စစ်မှုထမ်းတွေကို ဒုတိယအကြိမ်မြောက် ဂျပန်က လက်ခံ သင်တန်းပေးမှာ ဖြစ်ပါတယ်။
ဗိုလ်လောင်း နှစ်ဦးနဲ့ အရာရှိ တစ်ဦးကို ဂျပန်နိုင်ငံရဲ့ အမျိုးသား ကာကွယ်ရေး အကယ်ဒမီ သင်တန်းကျောင်းမှာ လေ့ကျင့်သင်တန်းပေးမှာ ဖြစ်ပြီး နောက်အရာရှိ တစ်ဦးကိုတော့ ဂျပန် လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ အရာရှိကျောင်းမှာ လေ့ကျင့်သင်တန်းပေးမယ်လို့ သိရပါတယ်။ အဲဒီသင်တန်းကျောင်း နှစ်ခုစလုံးမှာ ပြောက်ကျားတိုက်ခိုက်ရေးသင်တန်း အပါအဝင် စစ်ဘက်ဆိုင်ရာ စာတွေ့လက်တွေ့ သင်တန်းတွေ ပို့ချပေးမှာ ဖြစ်ပါတယ်။
ဂျပန်ကာကွယ်ရေး ဝန်ကြီးကတော့ အရပ်သား ထိန်းချုပ်မှုနဲ့ ဒီမိုကရေစီစနစ်အကြောင်းကို လူတစ်ဦးတစ်ယောက်ကိုပဲဖြစ်ဖြစ် နားလည် သဘောပေါက်သွားအောင် လေ့ကျင့် ပျိုးထောင်ပေးနိုင်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောရင်း ဒီဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ Human Rights Watch လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ကတော့ ဂျပန်အစိုးရရဲ့ ဒီလုပ်ဆောင်ချက်ဟာ ဖြစ်လိုတဲ့ ဆန္ဒသာ ရှိပြီး တန်ပြန် ဆိုးကျိုး သက်ရောက်လာနိုင်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ အမေရိကန်၊ ယူကေ၊ ကနေဒါ၊ နယူးဇီလန်နဲ့ သြစတြေးလျ အပါအဝင် တခြားနိုင်ငံတွေရဲ့ ဆောင်ရွက်မှုတွေကို ထိခိုက်စေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လက်အောက် မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တာ ဖြစ်ပြီး အဲဒီစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေး ခိုလှုံခဲ့ကြရတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခဲ့ပြီးကတည်းက မြန်မာစစ်တပ်ဖွဲ့ဝင်တွေဟာ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို မတရား ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်ညှင်းပန်းတာတွေ လုပ်ခဲ့ကြောင်းနဲ့ ဒီလုပ်ရပ်တွေဟာ လူမဆန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ Human Rights Watch လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ရာ ဒေသတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ တစ်ကျော့ပြန် လုပ်နေတာဟာလည်း စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ ဆိုပါတယ်။
တကယ်လို့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အလေးအနက် အထောက်အကူပြုလိုတယ် ဆိုရင်ဖြင့် အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တာကို ရပ်ဆိုင်းသင့်တယ်လို့ Human Rights Watch လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဂျပန်အစိုးရအနေနဲ့ စစ်မှုထမ်းတွေကို လေ့ကျင့်သင်တန်းပေးမယ့်အစား စစ်ခေါင်းဆောင်ပိုင်းနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူတာမျိုးတွေ လုပ်သင့်တယ်လို့ ထောက်ပြပါတယ်။
အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါလာနိုင်ဖွယ် ရှိတဲ့ ဗိုလ်လောင်းတွေနဲ့ အရာရှိတွေကို လေ့ကျင့်သင်တန်းပေးခြင်းအားဖြင့် ဂျပန်အစိုးရအနေနဲ့လည်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေထဲ ဆွဲသွင်း စွပ်စွဲခံရမယ့် အန္တရာယ်မျိုး ရှိလာနိုင်တယ်လို့ Human Rights Watch လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ စီမံကိန်းအရာရှိ တက်ပေ ကာဆိုင်းက သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ လတုန်းကတော့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီယိုက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီနဲ့ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် စိုးရိမ်ကြောင်းနဲ့ အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာလည်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဝန်ကြီးနှစ်ဦးနဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်းတို့ အွန်လိုင်းက အစည်းအဝေး ပြုလုပ်ပြီး ကာကွယ်ရေးမူဝါဒ အပါအဝင် မြန်မာ့အရေးကိစ္စတွေ ဆွေးနွေးခဲ့တာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ ပဋိပက္ခတွေရှိနေချိန် မြန်မာတွေကို ဂျပန်အစိုးရက ဗီဇာသက်တမ်းတိုးနေထိုင်ခွင့်ပေးပြီး အလုပ်အကိုင်လုပ်ကိုင်ခွင့် ပြုတာတွေကိုလည်း တစ်ဖက်မှာ ဂျပန်အစိုးရက ဆောင်ရွက်နေပါတယ်။








