စစ်ကောင်စီကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရသူ အင်ဂျင်နီယာကျောင်းသား ထောင်ချခံရ
"ဆေးကုသခွင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ သူတို့ခွင့်မပြုခဲ့ဘူး။ အခုတော့အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်လိုက်တယ်။ ဘာမှမှ မသက်ညှာပေးတာ၊ ဘာမှလည်း ဆက်မလုပ်တော့ဘူး။ အယူခံ မယူတော့ပါဘူး။"
စစ်ကောင်စီတပ်တွေရဲ့ ဖြိုခွင်းမှုကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ရသူ ကိုလျှံဖြိုးအောင်ကို မကွေးအကျဉ်းထောင် အထူးတရားရုံးကနေ ပြစ်ဒဏ်ချမှတ်လိုက်တဲ့အတွက် မိသားစုအနေနဲ့ ဘာဆက်လုပ်ဖို့ရှိမလဲလို့ ဘီဘီစီရဲ့ မေးမြန်းချက်ကို ကိုလျှံဖြိုးအောင်ရဲ့ အစ်ကိုအရင်းဖြစ်သူက အခုလိုတုံ့ပြန်ပြောကြားခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, CJ
ကိုလျှံဖြိုးအောင်ဆိုတာဘယ်သူလဲ။
အာဏာသိမ်းစစ်တပ်က တပ်မတော်နေ့ ကျင်းပနေချိန် ၂၀၂၁ မတ်လ (၂၇)ရက်ဟာ တစ်နိုင်ငံလုံးမှာ အင်အားကောင်းနေတဲ့ သပိတ်တွေကို အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် လူရာဂဏန်းထိ အများဆုံးသေဆုံးခဲ့ရတဲ့ နေ့ရက်ဆိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အဲ့ဒီလို ကျည်အစစ်တွေနဲ့ သပိတ်တွေကိုဖြိုခွင်းတာကြောင့် လမ်းမထက်မှာတင် အသက်သေဆုံးသူတွေရှိခဲ့သလို ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရကာ ဘဝပျက်ခဲ့ရသူတွေလည်း ရှိနေပါတယ်။ အဲ့ဒီထဲက အထင်ကရအဖြစ်ဆုံးကတော့ မကွေးမြို့သပိတ်မှာ ဒိုင်းကာအဖြစ် ရှေ့တန်းမှာ ရှိနေခဲ့တဲ့ ကိုလျှံဖြိုးအောင်ဖြစ်ပါတယ်။
ကိုလျှံဖြိုးအောင်ဟာ ဗိသုကာပညာရှင် တယောက်ဖြစ်ဖို့ စိတ်ကူးအိပ်မက်တွေ တပွေ့တပိုက်ရှိနေတဲ့ အသက် နှစ်ဆယ်ဝန်းကျင် မကွေးနည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသား ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hlyan Phyo Aung (FB)
စစ်ကောင်စီကနေ အကြမ်းဖက်ပစ်ခတ်မှုနဲ့ နှိပ်စက်ညှဉ်းပန်းတာကြောင့် ကိုလျှံဖြိုးအောင်ဟာ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေအပြင် ညာလက် တံတောင်ဆစ်နားအထိပြတ်ခဲ့ကာ ညာဘက်မျက်လုံးရဲ့ မျက်ကြည်လွှာအရေးပေါ်ကုသဖို့ လိုအပ်တဲ့အထိ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သူပါ။ ဒီဒဏ်ရာတွေကို မကွေး စစ်ဆေးရုံမှာ မတ်လကနေ ဇွန်လအထိ သုံးလနီးပါး တက်ရောက်ကုသခဲ့ပြီး ရရှိထားတဲ့ဒဏ်ရာတွေ အလုံးစုံမသက်သာခင်မှာပဲ ဒေါင်းနေအကျဉ်းထောင်ကို ပို့ဆောင်ခံလိုက်ရပါတယ်။
ကိုလျှံဖြိုးအောင်ရဲ့ ဖြစ်ရပ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကတောင် ပြီးခဲ့တဲ့နှစ် ဇွန်လ (၁၆)ရက်က တွစ်တာလှုမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ဆေးကုသခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ထောင်တွင်းဆေးကုသခွင့်ရဖို့ ကိုလျှံဖြိုးအောင်ရဲ့ မိသားစုဆွေမျိုးတွေရော သူငယ်ချင်းမိတ်ဆွေတွေကပါ ဝိုင်းဝန်းအသနားခံစာ တင်ခဲ့ကြပေမဲ့ ဆေးကုသခွင့်လုံးဝမရခဲ့ဘဲ ထောင်တွင်းမှာပဲ ညာဘက်မျက်လုံးလည်း ကွယ်သွားခဲ့ပြီလို့ အစ်ကိုဖြစ်သူက ဘီဘီစီကို ပြောပါတယ်။ အခုတော့ ဒီလိုညာမျက်စိကွယ်၊ ညာမျက်လုံး ပျက်၊ ဘယ်ခြေသန်စွမ်းမှုမရှိတော့ဘဲ တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာနဲ့ ပြည့်နှက်နေတဲ့ ဒုက္ခိတတစ်ဦးဖြစ်ခဲ့ရတဲ့ ကိုလျှံဖြိုးအောင်ကို မကွေးအကျဉ်းထောင် အထူးတရားရုံးကနေ သူ့ကိုစွဲထားတဲ့ပုဒ်မရဲ့ အမြင့်ဆုံးပြစ်ဒဏ် သုံးနှစ်အထိ မတ်လ (၂၈)ရက်မှာ အမိန့်ချမှတ်လိုက်ပါပြီ။
ပုဒ်မကတော့ ၅၀၅(က) ဖြစ်ပါတယ်။
ထောင်တွင်းအခြေအနေ မိသားစု စိုးရိမ်
ကိုလျှံဖြိုးအောင်ကို မကွေးစစ်ဆေးရုံကနေ ဒေါင်းနေအကျဉ်းထောင်ထဲကို ပြောင်းရွှေ့သွားခဲ့တဲ့အချိန်ကာလတစ်လျှောက်လုံး သူ့ရဲ့မိခင်ကျောင်းဖြစ်တဲ့ မကွေးနည်းပညာတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ၇၀ ကျော်ဟာ သဘောထားထုတ်ပြန်ချက်နဲ့ လက်မှတ်ရေးထိုးတောင်းဆိုချက်တွေ လုပ်ခဲ့ကြပါတယ်။
ဒီလိုတောင်းဆိုမှုတွေဟာ အရာမထင်ခဲ့ဘဲ အခုတော့ ထောင်သုံးနှစ်ချခံလိုက်ရပြီး ဖမ်းဆီးချုပ်နှောင်ချိန်တွေနဲ့ပြန်တွက်မယ်ဆိုရင် နောက်ထပ် နှစ်နှစ်နီးပါး အကျဉ်းထောင်ထဲမှာ ကိုလျှံဖြိုးအောင် ဆက်နေရဦးမှာပါ။
"ထောင်ထဲ ဘယ်လိုလုပ်အဆင်ပြေမှာလဲ၊ လမ်းကလည်း ကောင်းကောင်း လျှောက်နိုင်တာ မဟုတ်ဘူး။ စိတ်က မာပေမဲ့ ခန္ဓာကိုယ်က မမာဘူးလေ"လို့ အစ်ကိုဖြစ်သူက ကိုလျှံဖြိုးအောင်ရဲ့ ထောင်တွင်းကျန်းမာရေးအခြေ အနေနဲ့ပတ်သက်ပြီး ပြောပြပါတယ်။
မတ်လ (၂၇)ရက်နေ့တုန်းက မကွေးမြို့သပိတ်ကို ကျန်းကျန်းမာမာသန်သန်စွမ်းစွမ်းနဲ့ အိမ်ကနေ ထွက်ခွာသွားခဲ့တဲ့ လူငယ်ကျောင်းသားလေးကို ရက်ပိုင်းအတွင်း စစ်ဆေးရုံပေါ်မှာ သွေးအလူးလူးနဲ့တွေ့ရတာဟာ မိသားစုအတွက် ကြေကွဲဝမ်းနည်းမှုတွေ အဆုံးမရှိဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဆေးပညာရှင် မိသားစုဝင်တွေရှိပေမဲ့ မျက်စိကွယ်ခဲ့ရသူ
တိုင်းရင်းသားသမားတော်ကြီးဖြစ်တဲ့ ဖခင်၊ ဆရာဝန်တစ်ဦးဖြစ်တဲ့ အစ်ကိုအရင်းရှိနေပေမဲ့လည်း ထောင်တွင်းဆေးကုသခွင့်မရခဲ့တဲ့ ကိုလျှံဖြိုးအောင်ကတော့ မကွေးအကျဉ်းထောင်ထဲမှာ သူ့ရဲ့ ညာမျက်လုံးမျက် ကြည်လွှာပျက်စီးပြီး အလင်းကွယ်ရင်း ခက်ခဲစွာ ရှင်သန်နေရတာ ဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ကိုလျှံဖြိုးအောင်ကို မကွေးအကျဉ်းထောင်ထဲ ခေါ်သွားပြီးတာကနေ တစ်ကြိမ်သာတွေ့ခွင့်ရခဲ့တယ်လို့ အစ်ကိုအရင်းဖြစ်သူကပြောပါတယ်။
အဲ့ဒီအချိန်ကတော့ သူတရားစွဲခံရတဲ့ ၅၀၅ (က)အမှုအတွက် သက်သေအဖြစ်လိုက်ပါရင်း ထောင်တွင်း တရားရုံးထဲမှာ တွေ့ခဲ့ရတာပါ။
"တစ်ကိုယ်လုံးက မီးလောင်ထားတဲ့သူလို အဖြူကွက်တွေဖြစ်နေတာ။ ခြေထောက်ကလည်း သေချာမထောက်နိုင်သေးဘူး"လို့ အဲ့ဒီနေ့က ကိုလျှံဖြိုးအောင်ရဲ့ အခြေအနေကို အစ်ကိုဖြစ်သူက ပြန်ပြောပြပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်မှာပါဝင်ခဲ့ရင်း ကိုလျှံဖြိုးအောင်တစ်ယောက်အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရသလို နောက်ဆက်တွဲမှာလည်း မိသားစုတွေဟာ နေအိမ်ကနေ တိမ်းရှောင်နေတဲ့ အနေအထားပါ။ဒီလိုမိသားစုတွေ တကွဲတပြားရပ်တည်နေထိုင်ကြရင်း ကိုလျှံဖြိုးအောင်တစ်ယောက် ပြန်လည်လွတ်မြောက်လာကာ မိသားစုရင်ခွင်ထဲပြန်ရောက်လာဖို့ မျှော်လင့်နေကြပါတယ်။
ဒါ့အပြင် ကျန်ရစ်နေတဲ့မိသားစုဝင်တွေဟာ ဝင်ငွေတွေစုဆောင်းရင်း ခန္ဓာကိုယ်ဆုံးရှုံးခဲ့ရတဲ့ ကိုလျှံဖြိုးအောင် ရဲ့ ညာဘက်မျက်စိကုသဖို့၊ ညာဘက်လက်အတုလုပ်ဖို့အတွက် ကြိုတင်ရည်မှန်းကာ စောင့်စားနေရတဲ့ အကြောင်း မိသားစုဝင်တွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မကြာခဏရေးသားလေ့ရှိကြပါတယ်။
"စိတ်ဓာတ်ကတော့ မာပါတယ်၊ ပုံမှန်ပါပဲ။ သူက ကျွန်တော်တို့ကိုတောင် ပြန်အားပေးလိုက်သေးတယ်"လို့ ညီဖြစ်သူ ကိုလျှံဖြိုးအောင်ရဲ့ ပြောစကားကို မှတ်မှတ်ရရ သတိတရရှိနေတဲ့အကြောင်း အစ်ကိုအရင်း ဖြစ်သူက အသံခပ်လေးလေးနဲ့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။
ဖခင်ဖြစ်သူဟာလည်း "သားငယ်လေး ၃ နှစ် ချလိုက်ပြီ"လို့ ကြေကွဲချက်တွေကို လူမှုကွန်ရက်မှာရေးသား ဖော်ပြရင်း ထောင်ချမှတ်ခံလိုက်ရတဲ့ မတ်လ (၂၈)ရက်ဟာ ကိုလျှံဖြိုးအောင်မိသားစုအတွက်တော့ မမေ့နိုင်စရာ အပူလောင်ဆုံးရက်စွဲတစ်ခု ထပ်တိုးလာတာကတော့ အသေချာပဲဖြစ်ပါတယ်။








