စစ်အာဏာသိမ်းပြီး တစ်နှစ်ပြည့်မှာ ရန်ကုန်က သက်တမ်း ၂၅ နှစ်ကျော် ဟိုတယ်တစ်လုံး အပြီးပိတ်သွားခြင်း

Savoy ကြယ်ငါးပွင့် ဟိုတယ် ဖေဖော်ဝါရီ ၁ ရက်နေ့က ပိတ်

ဓာတ်ပုံ ရင်းမြစ်, Savoy

ဓာတ်ပုံ ပုံစာ, Savoy ကြယ်ငါးပွင့် ဟိုတယ် ဖေဖော်ဝါရီ ၁ ရက်နေ့က ပိတ်

ရန်ကုန်မြို့ ဓမ္မစေတီလမ်းက လူသိများထင်ရှားတဲ့ နာမည်ရ Savoy ကြယ်ငါးပွင့် ဟိုတယ် ဖေဖော်ဝါရီလ ၁ ရက်နေ့က နေစပြီး ပိတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ဒီဟိုတယ်ဟာ ဥရောပက စျေးကွက်ကို အဓိကပစ်မှတ်ထားတဲ့ ဟိုတယ်ဖြစ်ပြီးတော့ နိုင်ငံတကာ သံတမန်တွေ ဥရောပက လူသိများထင်ရှားတဲ့ သူတွေလာရင် တည်းခိုလေ့ရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။

ရန်ကုန်က Savoy ဟိုတယ်ဟာ ဟိုတယ်အတွင်းခန်းတွေမှာ အတော်များများ ကျွန်းနဲ့ ဆောက်ထားတဲ့ ဟိုတယ်ဖြစ်ပြီးတော့ ရန်ကုန်မြို့ ရဲ့ သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံ တစ်ခုလို့လည်း သတ်မှတ်ခြင်းခံထားရပါတယ်။

ဟိုတယ် တစ်ခုအဖြစ် စတင် ဖွင့်လှစ်ခဲ့တာကတော့ ၁၉၉၅ ခုနှစ်ကတည်းကဖြစ်ပြီး ယခု၂၀၂၂ ဆိုလျှင် ဟိုတယ်ဖွင့်လှစ်ခဲ့မှုသက်တမ်းအားဖြင့် ၂၇နှစ်အထိရှိခဲ့တဲ့ ဟိုတယ်ဖြစ်ပါတယ်။

ယူနက်စကို စားရင်ဝင် ပုဂံက ဟိုတယ် အရှေ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Bagan Thande hotel

ဓာတ်ပုံ ပုံစာ, ယူနက်စကို စားရင်ဝင် ပုဂံက ဟိုတယ် အရှေ့မြင်ကွင်း

ဟိုတယ်ဘက်က အပြီးပိတ်သိမ်းသွားရခြင်းနဲ့ စပ်လျဉ်းပြီး အကြောင်းပြချက်ကိုတော့ မဖော်ပြခဲ့ပါဘူး။

"ခရီးသွားလုပ်ငန်းဆိုတာ နိုင်ငံရဲ့ ပုံရိပ်ကို ရောင်းရတာ လာလည်ချင်အောင်ပြောရတာ အခုဟာက သူ့အတွက် ဘာမျှော့်လင်ချက်မှ မရှိတော့လို့ ပိတ်လိုက်တာဖြစ်မယ်" လို့ ရန်ကုန်မြို့က ခရီးသွားလုပ်ငန်း ကုမ္ပဏီပိုင်ရှင်တစ်ဦးက Savoy ဟိုတယ်ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသည် ၄.၃ သန်းဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၀ ခုနှစ်မှာတော့ အဲ့ဒီအရေတွက်ထက် ၇၅ ရာခိုင်နှုန်းနီးပါး ကျဆင်းကာ တစ်သန်းခန့်ပဲ ရောက်လာခဲ့တယ်လို့ NLD အစိုးရ လက်ထက် ပြည်ထောင်စု ခရီးသွားလုပ်ငန်းကော်မတီဝင်တစ်ဦးကပြောပါတယ်။

ကိုဗစ်ရောဂါကြောင့် လုပ်ငန်း လည်ပတ်မှုတွေရပ်နားထားရပြီးနောက် စစ်တပ်အာဏာသိမ်းလိုက်တဲ့အခါမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်ဖြစ်လာပြီး ပြည်တွင်းပြည်ပ ခရီးသွားတွေ ဆက်တိုက် ကျဆင်းနေပါတယ်။

ဒါကြောင့် ခရီးသွားတွေကို အမှီပြုပြီး ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေကြသူတွေအဖို့ အခက်အခဲတွေ ပုံမှန်ထက် ပိုပြီး ကြုံတွေ့နေကြရပါတယ်။

" ပြည်တွင်းဧည့်သည်ကတော့ စီးပွားရေး၊ ကျန်းမာရေးအတွက် သွားကြလာကြရတာမျိုးတော့ရှိတယ်။ နိုင်ငံခြားသားဧည့်သည်ကတော့ နိုင်ငံရေးနဲ့ လုံးဝဆက်နွယ်နေတယ်။ နိုင်ငံရေး မငြိမ်ရင် မလာကြဘူးလေ။ အဲ့တော့ ပြည်ပခရီးသွားကတော့ ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေနဲ့ လုံးဝကျဆင်းနေတယ် " လို့ နိုင်ငံခြားသားဧည့်သည်တွေကို အဓိကထား ဖွင့်လှစ်ထားတဲ့ ရန်ကုန်က ဟိုတယ်ကြီးတစ်ခုက မန်နေဂျာတစ်ယောက်ကဆိုပါတယ်။

ပြည်ပခရီးသွားလုပ်ငန်းအပေါ် အဓိက အားထားရတဲ့ ဟိုတယ်ကြီးတွေ အနေနဲ့ နိုင်ငံခြားသားဝင်ရောက်မှု မရှိသလောက် နည်းပါးနေတဲ့အတွက် ဟိုတယ်တွေကို ပိတ်သိမ်းတာ၊ ယာယီ ရပ်ဆိုင်းထားတာတွေလည်း ရှိနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ပိတ်သွားခဲ့ ဆူးလေရှန်ဂရီလာ ဟိုတယ်ရှေ့ ဆူးလေဘုရားလမ်း အသံတိတ်သပိတ်နေ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ်က ပိတ်သွားခဲ့တဲ့ ဆူးလေရှန်ဂရီလာ ဟိုတယ်ရှေ့ ဆူးလေဘုရားလမ်း အသံတိတ်သပိတ်နေ့ မြင်ကွင်း

"ခရီးသွားလုပ်ငန်းဆိုတာ ဟိုတယ်တွေတင် မဟုတ်ဘူး၊ ဆိုက်ကားသမားတွေ ၊မြင်းလှည်း သမားတွေ ၊လှေသမားတွေ၊ တက္ကစီ ဆရာတွေ ၊ဝန်ထမ်းတွေ ၊စျေးသည်တွေ၊ ခရီးသွားလုပ်ငန်းကို မှီခိုနေတာအများကြီးပဲ ၊ အခုက ဘာမှ ပြောစရာမရှိ‌တော့ဘူး ၊မျှော်လင့်ချက်မရှိတော့ဘူးလို့ " NLD အစိုးရလက်ထက် ပြည်ထောင်စုခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ပြီးသွားမှပဲ မြန်မာ့ခရီးသွားလုပ်ငန်းက ပြန်ကောင်းလာနိုင်မယ်လို့လည်း သူကပြောပါတယ်။

မြန့်မာခရီးသွားလုပ်ငန်း ဟာ ၂၀၁၇ ခုနှစ်ခန့်ကတည်းက ရိုဟင်ဂျာ အရေးကြောင့် စတင်ကျဆင်းလာခဲ့တာလို့ ဧည့်လမ်းညွှန်တစ်ဦးကပြောပါတယ်။

"ရိုဟင်ဂျာ ပြဿနာဖြစ်တဲ့ ရခိုင်ကိစ္စနဲ့ စပြီးကျလာတယ်၊ ဥရောပကခရီးသွား အရင်ထက် ၃၀ ရာခိုင်နူန်း‌လောက်ကျသွားပြီးတော့ ပြင်သစ်တစ်ခုတည်းကို ၇၀ ရာခိုင်နူန်းကျသွားတယ်"လို့ ဧည့်လမ်းညွှန်ကပြောပါတယ်။

အဲ့ဒီနောက်ပိုင်း နိုင်ငံအချို့ကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးပြီးတော့ ဂျပန် တောင်ကိုရီးယား တရုတ် အပါအဝင် ဥရောပနိုင်ငံတွေကို လည်း ဆိုက်ရောက်ဗီဇာပေးပြီး NLD အစိုးရက ကြိုးစားခဲ့တယ်လို့ NLD အစိုးရလက်ထက် ပြည်ထောင်စုခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ခရီးသွားလုပ်ငန်း မကောင်းတာ ၅ နှစ်လောက်ရှိပြီ ကိုဗစ်ပြီးလို့ ပြန်စမယ်ကြံတုန်း စစ်တပ်အာဏာသိမ်းတော့ ပြီးပါလေရော "လို့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ပုဂံက ခရီးသွားတွေစားတဲ့ အကြော်ဆိုင်

ဓာတ်ပုံ ရင်းမြစ်, Tin Aung Kyaw

ဓာတ်ပုံ ပုံစာ, ပုဂံက ခရီးသွားတွေစားတဲ့ အကြော်ဆိုင် တစ်ဆိုင်

နိုင်ငံခြားသားခရီးသည်တွေ အဓိက လာရောက်လည်ပတ်လေ့ရှိတဲ့ မန္ထလေးမြို့မှာဆိုရင်လည်း ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန အသိအမှတ်ပြု ဟိုတယ်နဲ့ စည်ပင် အသိအမှတ်ပြု ဟိုတယ် ၊အင်း (Inn )တည်းခိုခန်း စုစုပေါင်း ၃၀၀ နီးပါးရှိရာက လက်ရှိမှာ ဟိုတယ်ကြီး၁၇ လုံးခန့်နဲ့ ဟိုတယ် တည်းခိုခန်းတွေ ၁၀၀ နီးပါးခန့်သာ ပြန်လည်ဖွင့်လှစ်ထားနိုင်တယ်လို့ သိရပါတယ်။

" အခုက မန္ထလေးက လူက ရန်ကုန်မှာ သုံး၊ ရန်ကုန်က လူက ပြင်ဦးလွင်မှာ သုံး လောက်ပဲ ဖြစ်နေတယ်။ ပြည်တွင်းငွေပဲ ဟိုလိမ့် ဒီလိမ့်လောက်ပဲ ဖြစ်နေတာ။ နိုင်ငံဝင်ငွေတိုးဖို့ GDP တက်ဖို့ဆိုရင် နိုင်ငံခြားသား ဧည့်သည်ဝင်မှ ဖြစ်မယ် " လို့ ဟိုတယ် မန်နေဂျာ တစ်ဦးက ဆိုပါတယ်။

၂၀၂၁ ဇန်နဝါရီလက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်က လုပ်ငန်းတွေကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်န့မှာ နှစ်ပေါင်း ၂၅ နှစ်ကျော် ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေ အနှစ်ထိန်းသိမ်းလာတဲ့ ဟိုတယ်အဖြစ် နာမည်ကြီးတဲ့ Savoy Hotel ကို အပြီးပိတ်သိမ်းလိုက်တယ်လို့ ထပ်ပြီး တရားဝင်ကြေညာလိုက်ပြီးနောက်ပိုင်းမှာ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ စိတ်ပူပန်မှုတွေ ကြုံနေကြရပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ အစီအစဉ်တွေ ဆွဲနေရပြီလို့ ဆိုကြပါတယ်။

" အဓိကကတော့ ဘက်စုံလုပ်နိုင်တဲ့သူတွေကို ပိုရွေးချယ်ရတယ်။ ဧည့်ကြိုလည်းလုပ်နိုင်မယ်၊ စားသောက်ခန်းလည်း ကူနိုင်တယ်ဆိုတာမျိုး ရွေးလာရတယ်။ ဝန်ထမ်းကို ချုံ့လိုက်တာမျိုးနဲ့ ဆက်တောင့်ခံဖို့ ကြိုးစားနေရပါတယ်။ အရင်တုန်းကလိုတော့ ဌာနအစုံမှာ လူအစုံနဲ့ မလုပ်နိုင်ဘူးဖြစ်နေတာပေါ့" လို့ မန္တလေးမြို့က ဟိုတယ် မန်နေဂျာတစ်ဦးက လက်ရှိအခြေအနေကို ပြောပြပါတယ်။

ကိုးသောင်းဘုရား မြောက်ဦး

ဓာတ်ပုံ ရင်းမြစ်, SOPA IMAGES

ဓာတ်ပုံ ပုံစာ, ကိုးသောင်းဘုရား မြောက်ဦး

ဒါ့အပြင် လျှပ်စစ်မီး မှန်မှန်မရတာကလည်း ဟိုတယ် လုပ်ငန်းတွေအတွက် ပြဿနာ တစ်ခု ဖြစ်နေတာပါ။ ဟိုတယ်တစ်ခု လည်ပတ်ဖို့အတွက် မီးစက်အသုံးပြုပါက ဆီအတွက် ကုန်ကျစရိတ် သိန်း ၃၀ နဲ့ အထက် ကုန်ကျတာကလည်း ဟိုတယ်လုပ်ငန်းကို တောင့်ခံ လည်ပတ်ဖို့ အဟန့်အတားဖြစ်နေပါတယ်။

ရန်ကုန်က ဟိုတယ် လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက " မီးပျက်လို့ မီးစက်နှိုးရတာနဲ့ပဲ အခြေအနေတွေက အရင်ကလို မဟုတ်တော့ဘူး။ ပုံမှန် မလည်ပတ်နိုင်တော့ဘူး။ကုန်ကျမှုတွေက ပိုလာတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို မှီခိုနေရတာကိုပြည်တွင်း ခရီးသွားတောင် ပုံမှန်မလာတော့ လုပ်ငန်းပျက်သလို ဖြစ်နေတယ်။ နိုင်ငံခြားသား ဧည့်သည် အဝင်လည်းမရှိတော့ လုပ်ငန်းတွေ လည်ပတ်ဖို့ခက်နေကြတယ်။ လာရင်လည်း တရုတ် ရုရှားလောက်ပဲ လာမယ်။ ရွေးကောက်ပွဲတွေဘာတွေက ၂၀၂၃ ကုန် မှ လုပ်မယ် ဆိုတော့လေ ၂၀၂၄ လောက်အထိ ဧည့်အဝင်က မသေချာဘူး။ ၂၀၂၆ လောက်အထိ ဒီအတိုင်းပဲသွားနိုင်မယ်လို့ မှန်းထားကြတယ်။ ဒါကြောင့် ဝန်ထမ်း လူနည်းနည်းနဲ့ပဲ တောင့်ခံနိုင်ဖို့ ကြိုးစားရတယ်။ နိုင်ငံရေးအခြေအနေမတည်ငြိမ်သရွေ့ ခရီးသွားလည်း လာမှာမဟုတ်ဘူး။ လုပ်ငန်းလည်းကောင်းမှာမဟုတ်ဘူး " လို့ သူ့အမြင်ကို ပြောပါတယ်။

နိုင်ငံခြားသားဧည့်သည်တွေကို အဓိကဈေးကွက်ထား ဖွင့်ထားတဲ့ နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးတွေကလည်း အခုလက်ရှိ အခြေအနေတွေအရ ပြည်တွင်းဧည့်သည်တွေကို ပြန်လည်ဆွဲဆောင် ဈေးကွက်ပြောင်းလဲနိုင်ဖို့ ကြိုးစားလာကြတာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် ဈေးနှုန်းလျှော့ချပေး စွဲဆောင်တာတွေ ၊ ဘူဖေးအစီအစဉ်တွေ ရောင်းချပေးတာတွေ စသဖြင့် ပြုလုပ်လာကြတာ တွေ့ရပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, STR/ Getty Images

"ပြည်တွင်း သုံးနိုင်တာနဲ့ ပြည်ပ သုံးနိုင်တာမတူပါဘူး။ အဲ့တော့ ဈေးလျော့ရောင်းရတယ်။ အမှန်သာဆိုရင် မြန်မာတစ်နိုင်ငံလုံး ဟိုတယ်ခရီးဇုန် ၁၉ ဇုန် လုံးမှာရှိတဲ့ အခန်းအရေအတွက်က ဘန်ကောက် တစ်မြို့မှာရှိတဲ့ အခန်းအရေအတွက်ပဲရှိတယ်။ တကယ်သာ ဟိုတယ်ခရီးသွားလုပ်ငန်းကောင်းမယ်ဆို လောက်တောင် မလောက်ဘူး၊ တိုင်းပြည်သာ တည်ငြိမ်တယ်ဆိုရင် ကိုယ့်နိုင်ငံမှာလည်း ပြစရာနေရာတွေ အများကြီးရှိတယ်။ အခုလက်ရှိကတော့ လုပ်ငန်းကို တောင့်ခံနိုင်မလား စောင့်ကြည့်နေရတယ်။ ရှုံးဖို့က များတယ် " လို့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ပြည်တွင်းပြည်ပ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေ အနေနဲ့ ၂၀၂၆ ခုနှစ်ဝန်းကျင်လောက်ရောက်မှ ပြန်လည်ဖွံ့ဖြိုးလာနိုင်မယ်လို့လည်း သုံးသပ်ထားကြတာ တစ်ချို့လည်း ရှိနေပါတယ်။

"အခု ခရီးသွားလုပ်ငန်းက အထိဆုံးပဲ အရင်စစ်အစိုးရလက်ထက်ကထက် ပိုထိတယ်၊ မ‌‌ကွေး နဲ့ စစ်ကိုင်း တိုင်းထဲမှာ မြို့ထဲတွေဝင်ပစ်တယ် လွိုင်ကော်လို ပြည်နယ်မြို့ကြီးတောင်လေယာဥ်နဲ့ဗုံးကြဲတယ်၊ ပြည်တွင်းစစ်ပဲလေ ဘယ်လို ဧည့်သည်ကလာမှာလဲ လို့ " NLD အစိုးရလက်ထက် ပြည်ထောင်စုခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဟာ တကယ်စစ်မှန်တဲ့ ခရီးသွားနေရာတွေ ပိုင်ဆိုင်ထားတော့ တစ်ချိန် ခရီးသွားလုပ်ငန်းဟာ ပြန်ကောင်းလာမယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ယုံကြည်နေကြပါတယ်။

" ကျွန်တော်တို့မှာ ပုဂံလို နေရာမျိုးရှိတယ်၊အင်းလေးလိုနေရာမျိုးတွေရှိတယ် သူများတွေလို ထူးထူးခြားခြားလုပ်စရာမလိုတဲ့ စစ်မှန်တဲ့နေရာတွေ ရှိတယ်လို့ အီတလီ ဧည့်လမ်းညွှန်တစ်ဦးကပြောပါတယ်။

ဗူး ဘုရား ပုဂံ

ဓာတ်ပုံ ရင်းမြစ်, BBC

ဓာတ်ပုံ ပုံစာ, ဗူး ဘုရား ပုဂံ

ဒါပေမဲ့ ဒီအခြေအနေရောက်မလာခင် စစ်အာဏာသိမ်းမှု ပြည်တွင်းစစ်နဲ့ ကိုဗစ်ကြောင့် ပြန်လည်နာလန်မထူနိုင်ပဲ ဟိုတယ်လုပ်ငန်းတွေ အကြီးအကျယ် အရှုံးပေါ်ကာ ဟိုတယ်တွေ တစ်ခုပြီးတစ်ခု ရပ်ဆိုင်းကုန်ရနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

"မြန်မာ့ ခရီးသွားလုပ်ငန်းက တစ်ချိန်ပြန်ကောင်းမှာပါ၊ ဒါပေမဲ့ အခု‌တော့ မဟုတ်ဘူး" လို့ NLD အစိုးရလက်ထက် ပြည်ထောင်စုခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။