မီးဖြတ်ခံရလို့ မန္တလေးမှာ တန်းစီပြီးမီတာဆောင်နေကြ

မီတာ မဆောင်တဲ့အိမ်တွေ မီးဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, WORLD BANK

ဓာတ်ပုံ ပုံစာ, မီတာ မဆောင်တဲ့အိမ်တွေ မီးဖြတ်ခံရ

မန္တလေးမြို့မှာ လျှပ်စစ်မီတာခတွေ မဆောင်လို့ မြို့နယ်တိုင်းရဲ့ ရပ်ကွက်အချို့မှာ ဒီရက်ပိုင်း မီးဖြတ်တာတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်နေပါတယ်။

လျှပ်စစ်ရုံးဝန်ထမ်းတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးပြီး ရပ်ကွက်အတွင်းမီးဖြတ်တာကို လိုက်လံလုပ်ဆောင်နေကြတာလို့လည်း ပြောပါတယ်။

"လွန်ခဲ့တဲ့ ၂ ရက်က ကျွန်မတို့လမ်း တောင်ဘက်ခြမ်းကလူတွေကို မီတာမဆောင်လို့ မီးကြိုးတွေလာ ဖြတ်သွားတယ်လို့ "ချမ်းမြသာစည်မြို့နယ် ၅၈ အေ လမ်းနေသူတစ်ဦးက ပြောပါတယ်။

အလားတူရန်ကုန်မှာလည်း ဒီလို အခြေအနေကိုရင်ဆိုင်နေကြရတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်၊

ရန်ကုန်မြို့မှာ လည်း ဒဂုံမြို့သစ်မြောက်ပိုင်းမှာ အလားတူ မီတာခ မဆောင်လို့ မီးလာဖြတ်တာ ကြုံရတယ်လို့ ၇ ရပ်ကွက်နေသူတစ်ဦး ကပြောပါတယ်။

မန္တလေးမှာ ချမ်းမြသာစည် တစ်မြို့နယ်ထဲတင် မဟုတ်ဘဲ ကျန်မြို့နယ်တွေမှာလည်း မီးဖြတ်တာတွေရှိတယ်လို့ မန္တလေးဒေသခံတစ်ဦး ကပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံး ၂၀၃၀ မှာ ရာနူန်းပြည့် မီးပေးဖို့ ပြီးခဲ့တဲ့ အစိုးရက စီစဥ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, MYANMAE INVESTMENT FORUM

ဓာတ်ပုံ ပုံစာ, မြန်မာတစ်နိုင်ငံလုံး ၂၀၃၀ မှာ ရာနူန်းပြည့် မီးပေးဖို့ ပြီးခဲ့တဲ့ အစိုးရက စီစဥ်ခဲ့

လျှပ်စစ်မီတာခမဆောင်တဲ့အိမ်တွေကို မီးဖြတ်တာတွေလုပ်လာလို့ မန္တလေးက လျှပ်စစ်ရုံးတွေမှာ တိုးကြိတ်ပြီး မီတာဆောင်ကြတဲ့ အခြေအနေဖြစ်လာတယ်လို့ ဆိုပါတယ်။

"တချို့ဆို မနက် ၄ နာရီကတည်းက သွားပြီးတန်းစီကြရတယ်၊ မီတာဆောင်ဖို့ တချို့လည်းလူငှားနဲ့ မီတာဆောင်ကြတယ် "လို့ ချမ်းမြသာစည်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကို အခွန်အခမပေးချင်လို့ လျှပ်စစ်မီတာခ မဆောင်ဘူးဆိုတဲ့ ပြောဆိုတာတွေရှိသလို ပြီးခဲ့တဲ့လ ဒီဇင်ဘာလလယ်ကစပြီး မန္တလေးမြို့က အစိုးရရုံးတချို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအပါဝင် လျှပ်စစ်ရုံးတွေအမှာ ရက်ခြားဆိုသလို ပေါက်ကွဲမှုတွေရှိခဲ့လို့ လုံခြုံရေးကြောင့် မီတာခသွားမဆောင်သူတွေလည်း ရှိကြပါတယ်။

ချမ်းမြသာစည်မြို့နယ်ထဲမှာ အချို့အိမ်တွေကတော့ မီတာခစာရွက်ရောက်မလာလို့ မီတာမဆောင်ရသေးတာရှိကြောင်းလည်း ဘီဘီစီကို ပြောကြပါတယ်။

ဒါ့အပြင် ရန်ကုန်မှာလည်း မီတာဆောင်ပေမယ့် မီးက ၂၄ နာရီ အပြည့်မရဘဲ အလှည့်ကျစနစ်သာရကြောင်းလည်း ရန်ကုန်ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ ဓာတ်အားထုတ်လုပ်နိုင်မှုလျော့လာ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီလက်ထက်မှာ ဓာတ်အားထုတ်လုပ်နိုင်မှုလျော့လာ

မြန်မာနိုင်ငံမှာ အိမ်ထောင်စုပေါင်း ၁၀.၈ သန်းရှိတဲ့ အနက် ၆.၆ သန်းဟာ အစိုးရဓာတ်အားပေးစနစ်က နေရယူသုံးစွဲနေပြီးတော့ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၄၂၀၀ မဂ္ဂါဝပ် ရှိပြီး ဇန်နဝါရီလ ၆ ရက်နေ့က စပြီးထုတ်လုပ်ပမာဏ ထက် ၁၇၄၀ ခန့်မှာ လျော့နည်းနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

အခုလို လျော့နည်းရတာဟာ LNG to Power စက်ရုံတွေက ဓာတ်ငွေ့စျေးနူန်း လေးဆခန့်မြင့်လာလို့ မထုတ်နိုင်ဘဲ ရပ်ထားရသလို၊ရတနာကမ်းလွန်စီမံကိန်းမှာ နှစ်စဉ်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်နေရလို့ ထုတ်လုပ်မှုလျော့နည်းနေလာတာ၊ ဘီးလူးချောင်း ရေအားလျှပ်စစ်တာဝါတိုင်တွေကို မိုင်းခွဲ တိုက်ခိုက်ခံရတာတွေရှိတဲ့ အတွက် အခုလို လျော့နည်းနေရတာလို့ စစ်ကောင်စီဘက်က ပြောပါတယ်။

နိုင်ငံတစ်ဝန်းလုံးကို လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ မှာ၂၀၁၆ ခုနှစ် မတ်လတွင် အများဆုံးဝန်အား ၂၈၀၀ မဂ္ဂါဝပ် သုံးစွဲခဲ့ရာ မှ ၂၀၂၀ ပြည့်နှစ်တွင် အများဆုံးဝန်အား မဂ္ဂါဝပ် ၃၈၂၈ မဂ္ဂါဝပ်အထိ သုံးစွဲလျက်ရှိတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ၂ဝ၃ဝ မှာ မြန်မာတစ်နိုင်ငံလုံး ၁ဝဝ ရာခိုင်နှုန်း မီးလင်းရမည် ဆိုတဲ့အမျိုးသားရည်မှန်းချက် ထားခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ADB

မြန်မာနိုင်ငံဟာ အာဆီယံတွင်း လျှပ်စစ်ဓာတ်အားခ ကောက်ခံမှုအနည်းဆုံး နိုင်ငံလည်း ဖြစ်ပြီးတော့ အိမ်တွင်သုံး လျှပ်စစ်ဓာတ်အားခမှာ ယူနစ်အလိုက်ကို အရှုံးပေါ်နေတာ ကြောင့် လျှပ်စစ်မီးရရှိတဲ့ အိမ်ထောင်စု များလာတာနဲ့အမျှ စွမ်းအင်နဲ့ လျှပ်စစ်ဝန်ကြီးဌာနရဲ့ လိုငွေသည်လည်း တိုးမြင့်လာမှာ ဖြစ်တယ်လို့ Asia Foundation က၂၀၁၉ ခုနှစ် မြန်မာနိုင် အကြောင်းဖော်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်၊

၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်မှာ လျှပ်စစ်မီးပေးခြင်းက အရှုံးပေါ်တာဟာ ကျပ်၄ဝ၆.၅၂ ဘီလီယံ (ကန်ဒေါ်လာ သန်း ၃ဝဝ) ရှိခဲ့ပြီး၊ ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ သန်း ၄ဝဝ နဲ့ ၅ဝဝ ကြား နောက်နှစ်အနည်းငယ်အတွင်း ကန်ဒေါ်လာ ၁ ဘီလီယံ အထိ ရောက်ရှိသွားမယ်လို့ အစီရင်ခံစာမှာ မှန်းထားတာရှိပါတယ်။

ကမ္ဘာဘဏ်၏ ခန့်မှန်းချက် အရ ၂ဝ၃ဝ မှာ တစ်ရာ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိရန်အတွက် စုစုပေါင်း ကန်ဒေါ်လာ ဘီလီယံ ၃ဝ ခန့် ရင်းနှီးမြုပ်နှံမှု လိုအပ်မှာဖြစ်ပါတယ်။

"မန္တလေးမြို့ အောင်မြေသာစည်မြို့နယ် လျှပ်စစ်ရုံးကတော့ ဓာတ်အားပေးတာတွေလျော့လာလို့ လူမရှိသောနေရာရှိ မီးများကိုပိတ်ထားပါ။LED မီးလုံးများကိုအသုံးပြုပါ။အိမ်တစ်အိမ်မှာ 20 watt မီးအားလျော့နိုင်ပါက မန္တလေးတိုင်းတွင် မီးသုံးသူ တစ်သန်း ရှိသဖြင့် watt သန်းနှစ်ဆယ် လျော့သုံးပြီးသား ဖြစ်သွားပါမယ်။ 20 MW ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ပြီး မီးပေးသကဲ့သို့ အကျိုးရှိမည်ဖြစ်ပါတယ် "လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ရန်ကုန်မှာ မီတာမဆောင်တဲ့ အိမ်တွေကို မီးလိုက်ဖြတ်နေစဥ် (ပုံအဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရန်ကုန်မှာ မီတာမဆောင်တဲ့ အိမ်တွေကို မီးလိုက်ဖြတ်နေစဥ် (ပုံအဟောင်း)

"အခုရက်ပိုင်း စက်သုံးဆီစျေးက တက်နေတော့ လုပ်ငန်းသမားတွေက ပြန်ဆောင်ကြတယ်၊ ဆိုလာနဲ့ကလည်း လုပ်ငန်းလုပ်လို့မှ မရတာ" လို့လျှပ်စစ်မီးတွေ ဖြတ်တောက်ခံရတာ တစ်လဝန်းကျင်ရှိလာတဲ့ ပြည်ကြီးတံခွန်မြို့နယ်က လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သန်းဦးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ရက်မှာ ဓာတ်အားခတွေကို သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး အောက်ခြေအထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြဖို့ ဆိုပြီး လျှပ်စစ်ဝန်ထမ်းတွေကို ခေါ်ယူမှာကြားတာကို နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီနောက် အခုလို မီတာခကောက်ခံယူတာတွေ ဖြစ်လာတာဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ မန္တလေးမြို့မှာ လျှပ်စစ်မီတာခတွေမဆောင်လို့ မီးကြိုးကနေ မီးဖြတ်တာတွေရှိသလို တချို့ရပ်ကွက်တွေမှာ မီတာပုံးတွေကိုပါ ဖြုတ်ယူသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

"ရန်ကုန်မှာ မီးက ဘယ်လိုပေးနေမှန်းကိုမသိတာ၊ အရင်ကတော့ အုပ်စုလိုက်ခွဲပြီးအချိန်နဲ့ ရတယ် "လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ တစ်ရက်ကို ၁၀ နာရီက နေ ၁၈ နာရီကြားအထိ အများဆုံးမီးရကြတယ်လို့ မန္တလေးဒေသခံတွေကပြောပါတယ်။

"မန္တလေးမီးက လာတဲ့အချိန်လည်းမမှန်ဘူး၊ ပြတ်တဲ့အချိန်လည်းမမှန်ဘူး အဲကွန်းဖွင့်တာဆိုတော့ မီးမရှိ အဆင်မပြေတာနဲ့ မီတာဆောင်ဖြစ်တာ"လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။