VPN သုံးရင် ထောင် ၃ နှစ်ချနိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ စစ်ကောင်စီ ပြင်လာ

ဓာတ်ပုံ ရင်းမြစ်, YEMYO/MPA
ဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ VPN ( Virtual Private Network) လို့ခေါ်တဲ့ စနစ်ကို ခွင့်ပြုချက်မပါဘဲ သုံးရင် ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းဖို့ စစ်ကောင်စီဟာ စပြီးပြင်ဆင်လာပါတယ်။
စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း)အပေါ် သဘောထား မှတ်ချက်ပြန်ကြားပေးဖို့ဆိုပြီး လာမယ့် ဇန်နဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ပေးဖို့ စာပို့ထားတယ်လို့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေက တစ်ဆင့်သိရပါတယ်။
အဲ့ဒီမူကြမ်းဥပဒေမှာ VPN သုံးရင် ထောင်ဒဏ် ၃ နှစ် ၊ ငွေဒဏ် ကျပ် သိန်း ၅၀ အထိ ချမှတ်နိုင်တဲ့ပြစ်ဒဏ်တွေ ထည့်ထားတယ်လို့ ဆိုပါတယ်။
ဒီဥပဒေကို မနှစ်ကလည်း သဘောထားမှတ်ချက်ပေးဖို့ အခုလို တောင်းခံခဲ့ပြီးတော့ အခုတစ်ခါမှာတော့ ထပ်ပြီး သဘောထားတောင်းခံတာလို့လည်း ကုမ္ပဏီ တွေဘက်က ပြောပါတယ်။
ဒီဥပဒေမူကြမ်းမှာ ပုဒ်မ (၁၁၅)ခုပါဝင်နေပြီး အထူးသဖြင့် ပုဒ်မ (၉၀)မှာဖော်ပြထားတဲ့ ဆက်သွယ်ရေးဥပဒေအရ လိုင်စင်ယူပြီး ဝန်ဆောင်မှုပေးတဲ့ကွန်ရက်ပေါ်မှာ ဝန်ကြီးဌာနခွင့်ပြုချက်မပါဘဲ virtual private system VPN သုံးမယ်ဆိုရင် အနည်းဆုံးထောင်ဒဏ် (၁)နှစ်ကနေ (၃)နှစ်အထိ ချမှတ်နိုင်သလို ကျပ်သိန်းငါးဆယ်ထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးချမှတ်ရမယ်ဆိုတဲ့ ပုဒ်မကို ထောက်ပြမှု တွေရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YEMYO/MPA
မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ် လူမှုကွန်ရက်ကို ပိတ်ထားလို့ VPN နဲ့ သုံးကြပြီးတော့ အခုလို ဒီဥပဒေပြဋ္ဌာန်းတာဟာ အင်တာနက် သုံးစွဲနေသူ အားလုံး အဖမ်းခံရနိုင်တဲ့ အခြေအနေဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်၊
ဝန်ကြီးဌာနတွေနဲ့ အသင်းတချို့ကို ဇန်နဝါရီ ၁၃ ရက် ရက်စွဲနဲ့ ပေးပို့တဲ့ ညွှန်ကြားစာနဲ့ ဥပဒေမူကြမ်းဟာ နည်းပညာကျွမ်းကျင်သူနဲ့ လေ့လာသူတွေကြား ပျံ့နှံ့နေပါတယ်။
အဲ့ဒီညွှန်ကြားစာမှာ ဖြန့်ဝေထားတဲ့အထဲပါတဲ့ အသင်းအဖွဲ့တချို့ကို ဘီဘီစီက ဆက်သွယ်ရာမှာတော့ ပြန်လည်ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
အခုပျံနေတဲ့ ဥပဒေမူကြမ်းအရ ပြည်သူတွေရဲ့ နည်းပညာဆိုင်ရာရပိုင်ခွင့်၊ အင်တာနက် လွတ်လပ်ခွင့်တွေအပြင် ပုဂ္ဂလိကဆိုင်ရာလုံခြုံခွင့်တို့ကို ချိုးဖောက်နေတယ်လို့ ဝေဖန်မှုတွေလည်း မြင့်တက်နေတာဖြစ်ပါတယ်။

အာဏာသိမ်းကာစ ဖေဖော်ဝါရီ(၉)ရက်တုန်းကလည်း အခုလို ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း)အပေါ် သဘောထားမှတ်ချက်တောင်းခံတဲ့ ညွှန်ကြားစာနဲ့အတူ ဥပဒေမူကြမ်းပါ ထွက်လာတာကို မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း UMFCCI အပါအဝင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်လို အဖွဲ့တွေဘက်ကပါ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။
ဒီလို ကန့်ကွက်ခဲ့ပြီးနောက် အခုအာဏာသိမ်းကာလ တစ်နှစ်ပြည့်ခါနီး ၂၀၂၂ခုနှစ် ဇန်နဝါရီလဆန်းမှာ ဒီဥပဒေမူကြမ်းဟာ ပြန်လည်ထွက်ပေါ်လာ ပြန်တာပါ။
ပထမတကြိမ်မူကြမ်းထက် ပိုမိုတင်းကျပ်တဲ့ အချက်အလက်တွေ ပါဝင်လာတယ်လို့ ဒီဂျစ်တယ် အခွင့်အရေးစောင့်ကြည့်သူတွေက ပြောပါတယ်။
ဒီဥပဒေအရ ဆိုရင် ကော်မတီက တာဝန်ပေးတဲ့ မည်သူမဆို လုပ်ချင်တာ လုပ်ခွင့်ရသွားတဲ့ သဘောလို့ ဒီဂျစ်တယ်အခွင့်အရေးစောင့်ကြည့်သူ တစ်ဦးကပြောပါတယ်။
ဒီလို ဥပဒေမူကြမ်းထွက်လာတာနဲ့အတူ ဒီကနေ့နေ့ ဇန်နဝါရီလ ၂၃ ရက် နေ့လယ်ပိုင်းကစပြီး ရန်ကုန်၊ မန္တလေး မြိုကြီးအချို့မှာ ဖုန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ဆေးပြီး VPN တွေ့ရှိတာကြောင့် အရေးယူတာတွေရှိတယ်ဆိုတဲ့ သတင်းတွေက ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီသတင်းတွေကို ဘီဘီစီဘက်က သီးခြားအတည်ပြုလို့မရခဲ့သလို တိကျစွာပြောနိုင်တဲ့သူလည်း မရှိခဲ့ပါဘူး။
အာဏာသိမ်းကာလ တနှစ်ပြည့်ခါနီးအချိန်မှာတော့ စစ်ကောင်စီဘက်က အင်တာနက်ဖြတ်တောက်ထားတဲ့ ဒေသတွေ ရှိနေသလို နည်းပညာနဲ့ ပတ်သက်လို့ ဥပဒေတွေပြဋ္ဌာန်းကန့်သတ်တာတွေ လုပ်ဆောင်ထားတဲ့အပြင် မိုဘိုင်းလ်ဒေတာဈေးတွေရော ဆင်းကတ်အခွန်တွေကိုပါ တိုးကောက်ထားခဲ့ပါတယ်၊၊








