စစ်အာဏာသိမ်းမှုနောက်ပိုင်း မသန်စွမ်း ၁၀ ဦးနီးပါး သေဆုံးပြီး နောက်ထပ် ၃၀ နီးပါး ဖမ်းဆီးခံနေရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ မသန်စွမ်းတွေလည်း တက်တက်ကြွကြွပါဝင်ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ မသန်စွမ်းတွေလည်း တက်တက်ကြွကြွပါဝင်ခဲ့ကြ

ပြည်တွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မသန်စွမ်းသူတွေထဲမှာ သေဆုံးသူ ၁၀ဦးဝန်းကျင် ရှိနေပြီး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ မသန်စွမ်းဦးရေက ၃၀ ၀န်းကျင်ရှိနေတယ်လို့ မသန်စွမ်းအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ပြည်တွင်းက နယ်ပယ်ကဏ္ဍအသီးသီးက မသန်စွမ်းသူ တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်ခဲ့တာတွေ၊ လူထုဆန္ဒပြမှုတွေ လုပ်တာနဲ့ အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းကြေညာချက်တွေလည်း ထုတ်ပြန်ခဲ့ကြပါတယ်။

ဒီထဲမှာ ဆန္ဒပြပွဲတွေမှာပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့သူ မသန်စွမ်းတွေလည်းရှိခဲ့ပြီး လက်ရှိ အချိန်အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံရသူတွေလည်းရှိနေတဲ့အကြောင်း မသန်စွမ်းအစုအဖွဲ့ တွေက လက်လှမ်းမှီရာစာရင်းပြုစုပြီး အခုလိုထုတ်ပြောလာတာဖြစ်ပါတယ်။

ဒါ့ပြင် မသန်စွမ်းတွေအတွက် ကိုဗစ်ကာလကုစားရေး ထောက်ပံ့ကြေးတွေရပ်တန့်တာ၊ အလုပ် လက်မဲ့မသန်စွမ်းဦးရေတွေပိုများလာတာ၊ မသန်စွမ်းအခွင့်အရေးဥပဒေတွေရေးဆွဲမှု၊ ပြန်လည် ပြင်ဆင်ဖို့ကြိုးစားနေမှုတွေဟာ အာဏာသိမ်းမှုဖြစ်စဉ်နဲ့အတူ ရပ်တန့်သွားတယ်လို့လည်း မသန်စွမ်းအရေးဆောင်ရွက်သူတွေကပြောပါတယ်။

" အာဏာသိမ်းမှုဖြစ်စဉ်နဲ့ပြီးတဲ့နောက် မသန်စွမ်းတွေအတွက် ကိုဗစ်ကာလကုစားရေး ထောက်ပံ့ကြေးတွေဘာမှဆက်မရတော့ဘူး။ဥပဒေတွေပြန်လည်ရေးဆွဲနေတာတွေလည်း စစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက် မသန်စွမ်းအခွင့်အရေးအတွက် ကြိုးစားလုပ်ဆောင်မှု အားလုံးဆုံးရှုံးသွားတယ်"လို့ မသန်စွမ်းအရေးတက်ကြွလှုပ်ရှားသူ ကိုရဲ၀င်းက ဘီဘီစီကို ပြောပါတယ်။

မသန်စွမ်းတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု (CDM)ပါ၀င်ခဲ့ကြတဲ့အပြင် လမ်းပေါ်တက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မသန်စွမ်းတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု (CDM)ပါ၀င်ခဲ့ကြတဲ့အပြင် လမ်းပေါ်တက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီအခြေနေတွေမှာ ပြီးခဲ့တဲ့သြဂုတ်လမှာ မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းလိုက်တဲ့အပေါ် ရွေးကောက်ပွဲမပြုလုပ်ဘဲ စစ်ကောင်စီထောက်ခံသူ တွေနဲ့ပြန်လည်ဖွဲ့စည်းလိုက်တာဖြစ်တဲ့အတွက်ပြည်တွင်းက မသန်စွမ်းသူအများစုက ကန့်ကွက်မှုတွေရှိခဲ့တယ်လို့ မသန်စွမ်းအစုအဖွဲ့တွေကပြောပါတယ်။

အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်ကို မသန်စွမ်းသူတွေ ကန့်ကွက်ပြောဆိုနေတဲ့အပေါ် သဘောထားမှတ်ချက်မေးမြန်းဖို့ ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။