ကားပျံတစင်း လေဆိပ် ၂ ခုအကြား စမ်းသပ်ပျံသန်း
ကားပျံ နမူနာ တစင်းကို စလိုဗက်ကီးယားက နစ်ထြာနဲ့ ဘရာတစ်ဆလာဗာ နိုင်ငံတကာ လေဆိပ်တွေအကြား ၃၅ မိနစ်ကြာ စမ်းသပ် ပျံသန်းခဲ့ကြပါတယ်။
ကားနဲ့ လေယာဥ်ပျံပေါင်းစပ်ထားတဲ့ AirCar လို့ခေါ်တဲ့ ဒီကားဟာ BMW ရဲ့ အင်ဂျင်ကိုပဲ သုံးထားတာဖြစ်ပြီး သမားရိုးကျ ဓာတ်ဆီ လောင်စာကိုပဲ သုံးပြီး ပျံသန်းတာ ဖြစ်ပါတယ်။
ဒီကားပျံကို တီထွင်သူ ပါမောက္ခ စတက်ဖန် ကလိန်းက သူ့ရဲ့ ကားပျံဟာ ခရီး ကီလိုမီတာ ၁,၀၀၀၊ မိုင်နဲ့ဆို ၆၀၀ လောက်ကို အမြင့် ပေ ၈,၂၀၀ ကနေ ပျံသန်းနိုင်ကြောင်း လောလောဆယ်အထိ နာရီပေါင်း ၄၀ ပျံသန်းပြီး ဖြစ်ကြောင်း ပြောပါတယ်။
ကားကနေ လေယာဥ်လို ပြောင်းသွားဖို့လည်း အချိန် အားဖြင့် ၂ မိနစ်နဲ့ ၁၅ စက္ကန့်ပဲ ကြာပါတယ်။
အလွန် စိတ်ချမ်းသာစရာ
ကားရဲ့ ဘေးနှစ်ဖက်မှာ တောင်ပံငယ်တွေကို ချိုးပြီး တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ပါမောက္ခ ကလိန်းက အဲဒီ ကားကို လေယာဥ်ပြေးလမ်းပေါ်ကနေ မြို့ထဲအထိ မောင်းထွက်သွားခဲ့တာကို ဖိတ်ကြားထားတဲ့ သတင်းသမားတွေလည်း တွေ့မြင်ခဲ့ကြရပါတယ်။
တနင်္လာနေ့ မနက်ပိုင်းက သူ့ကားပျံနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကို ပြောပြရာမှာတော့ ပုံမှန်လိုပဲလို့ ပြောသလို သိပ် စိတ်ချမ်းသာစရာ ကောင်းတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Klein Vision
လေထဲမှာ ကားပျံဟာ တနာရီကို ကီလိုမီတာ ၁၇၀ နှုန်း ပျံသန်းနိုင်ပါတယ်။ ခရီးသည် ၂ ယောက် စုပေါင်း အလေးချိန် ၂၀၀ ကီလိုဂရမ် အထိ လိုက်ပါနိုင်ပါတယ်။
ဒီကားပျံဟာ ဒရုန်း အငှားယာဥ် နမူနာ ပုံတွေနဲ့ တော့ မတူပါဘူး။ ဒရုန်းတွေလို ရပ်ထားရာကနေ တည့်တည့်မတ်မတ် မိုးပေါ်ပျံတက်လို့ မရဘဲ ပြေးလမ်း ပေါ်ကသာ ပျံတက်နိုင်ပါတယ်။
ဒီလို ကားပျံတွေကို စိတ်ကူးယာဥ် သိပ္ပံ ဇာတ်လမ်းတွေထဲမှာ အနာဂတ်ရဲ့ လူသုံးယာဥ်လို ပုံဖော်ထားခဲ့ကြတာ ကြာပြီ ဖြစ်ပါတယ်။ အခုလည်း အခြေတည်စ ဒီကားပျံ စျေးကွက်အပေါ်မှာ မျှော်လင့်ချက် ကြီးတွေ ရှိနေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ အတွင်းကပဲ အကြံပေး ကုမ္ပဏီ မော်ဂန် စတန်လီ က ဒီ လုပ်ငန်းတွေဟာ လာမယ့် ၂၀၄၀ ရောက်တဲ့ အခါ ဒေါ်လာ ၁.၅ ထရီလျံ အထိ ရှိလာမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
အင်္ဂါနေ့က ကားလုပ်ငန်းဆိုင်ရာ ပွဲတခုမှာ Hyundai Motors Europe ရဲ့ အမှုဆောင်အရာရှိချုပ် မိုက်ကယ်လ် ကိုးလ်က ဒါဟာ အနာဂတ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
နောက်ပြီး လက်ရှိ သုံးနေကြတဲ့ သယ်ယူပို့ဆောင်ရေး စနစ်အတွက် အခြေခံ အဆောက်ဦပိုင်း မနိုင်မနင်း ဖြစ်လာနေမှုတွေအတွက် အဖြေတခုလည်း ဖြစ်ကောင်း ဖြစ်လာမယ်လို့ ယူဆထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Klein Vision
စျေးကွက်ကြီးပါ
AirCar ကို တည်ဆောက်ထုတ်လုပ်တဲ့ Klein Vision ကုမ္ပဏီကတော့ ဒီနမူနာပုံစံ ကားပျံကို ဖြစ်လာစေဖို့ အတွက် အချိန် ၂ နှစ်လောက် တီထွင် ဖန်တီးခဲ့ကြရပြီး ယူရိုငွေ ၂ သန်း အောက် ရင်းနှီးမြှုပ်နှံ ခဲ့ရတယ်လို့ ပြောပါတယ်။
Klein Vision ရဲ့ အကြံပေးနဲ့ ရင်းနှီးမြှုပ်နှံသူ တယောက်ဖြစ်တဲ့ Anton Zajac ကတော့ ကုမ္ပဏီက ကမ္ဘာ့ လေကြောင်းလိုင်း အနည်းငယ်လောက်ကို စွဲဆောင်နိုင်ရင် ဒါမှမဟုတ် အငှားယာဥ် လုပ်ငန်းတွေကို ရောင်းနိုင်ရင်တောင် တော်တော် အောင်မြင်တယ်လို့ ဆိုနိုင်ကြောင်း ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု တနိုင်ငံတည်းမှာတင် လေယာဥ်ပျံ ပေါင်း ၄၀,၀၀၀ လောက်ကို မှာယူထားကြတယ်ဆိုတော့ အဲဒီထဲက ၅ ရာခိုင်နှုန်းလောက်ကို ရပြီး လေယာဥ်ပျံ ကနေ ကားပျံ ပြောင်းမှာကြမယ်ဆိုရင် ဒါဟာ စျေးကွက်ကြီး တခု ရလိုက်သလို ဖြစ်မှာပါလို့ ဆိုပါတယ်။
'တော်တော် ကောင်းပါတယ်'
University of the West of England က လေယာဥ်ပုံစံ တီထွင်မှုနဲ့ လေယာဥ်ပျံဆိုင်ရာ သုတေသန ပညာရှင် ဒေါက်တာ စတီဗင် ရိုက် ကတော့ ဒီ AirCar က Bugatti Veyron ပြိုင်ကားနဲ့ Cesna 172 တို့ ရပြီး မွေးလာတဲ့ ကလေးလိုပဲလို့ တင်စားပါတယ်။
နောက်ပြီး ဒီကားပျံဟာ သိပ်ပြီး အသံကျယ်မယ်လို့လည်း မထင်သလို လောင်စာ ဆီဖိုးကလည်း လေယာဥ်ပျံနဲ့ ယှဥ်ရင်တော့ သိပ်ကုန်ကျမယ် မထင်ဘူးလို့ ဆိုပါတယ်။
ကြည့်ရတာတော့ တော်တော် ကောင်းတဲ့ ပုံပါ၊ ဒါပေမယ့် ဘေးကင်း လုံခြုံမှုအတွက် မေးစရာ မေးခွန်းတွေ အများကြီး ရှိနေသေးတယ်လို့ ဒေါက်တာ ရိုက်က ပြောပါတယ်။
လေယာဥ်လုပ်ဖို့ က သိပ်မခက်ပါဘူး၊ ဒါပေမယ့် လူတွေ တင်ပြီး ဘာမတော်တဆမှုမှ မဖြစ်ဘဲ နာရီများစွာ အကြိမ်ကြိမ် ပျံသန်းနိုင်မလား ဆိုတာက အရေးကြီးပါတယ်။ ဒီကားပျံ ဘေးကင်း လုံခြုံစွာ ပျံသန်းနိုင်တယ်ဆိုတဲ့ တရားဝင် ထောက်ခံစာကို မြန်မြန် မြင်ချင်လှပါပြီလို့ သူက ဆိုပါတယ်။









