ကရင်ပြည်နယ်အတွင်းက KNU စခန်းတွေ ဗုံးကြဲတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
KNU တပ်မဟာ ၅နယ်မြေ မူတြော်ခရိုင်အတွင်း ကျေးရွာတွေက KNU စခန်းတွေကို ဧပြီလ ၂၇ ရက် ဒီနေ့လယ်ပိုင်း လေယာဥ်တွေနဲ့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက်အစောပိုင်းမှာ ကော့ဖွန်နဲ့ ဖာဟိုက်ကျေးရွာအုပ်စုထဲက စစ်ကောင်စီ တပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတာကို စစ်ကောင် စီဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ယူဆနေကြပါတယ်။
ကော့ဖွန်နဲ့ ဖာဟိုက် ကျေးရွာ အုပ်စုတွေထဲမှာ နေထိုင်နေတဲ့ ဒေသခံ ၅၀၀၀ ခန့်ရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အခု ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံတွေထိခိုက်မှု အခြေအနေနဲ့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်လာပုံ အကြောင်းကို တပ်မဟာ ၅ တာဝန်ရှိသူ KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းမန်းက ဘီဘီစီကို အခုလိုပြောပြပါတယ်။
" လေယာဥ်၃စင်း လောက်နဲ့လာတိုက်တာ၊ တစ်နာရီကျော် အထိ ဒုံးကျည်နဲ့ပစ်ပြီး ဗုံးကြဲတယ်။ ညနေပိုင်းအခြေနေကတော့ ပြောလို့မရသေးဘူး။ ပြီးခဲ့တဲ့ မတ်လ၂၇ နေ့ ကတည်းက သူတို့နေတဲ့ ရွာတွေက ထွက်ပြေးလာတဲ့ အဲ့ဒီနားတစ်ဝိုက်မှာက ပြည်သူလူထုတွေကတော့ ဗုံးခိုကျင်းတွေထဲမှာ ဝင်ပုန်းနေကြပါတယ်။ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုတာကတော့ အခုထိသတင်းမရသေးပါဘူး။ "
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ ၅နယ်မြေ မူတြော်ခရိုင် အတွင်းမှာ နှစ်ဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး KNU နဲ့ စစ်တပ်အကြား ဆက်ဆံရေးတင်းမာမှု တွေရှိလာတယ်လို့ ငြိမ်းချမ်းရေးလေ့လာသူတွေကသုံးသပ်ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNU HANDOUT
KNU နဲ့ စစ်တပ်တို့အကြားတင်းမာမှု တွေရှိနေချိန်မှာပဲ ကရင်ပြည်နယ် အတွင်းက အခြားလက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ဒီကေဘီအေ၊ ကရင်အမျိုးသားအစည်းအရုံးငြိမ်းချမ်းရေး ကောင်စီ ပီစီ တို့ကို စစ်ကောင်စီဘက်က တွေ့ဆုံဆွေးနွေးမှုတွေ မနေ့ကပဲ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီက အခြားကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံနေမှုအပေါ် KNU ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ပဒိုမန်းမန်း ကအခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်။
"အဓိကက သူတို့က အပေါ်စီးကနေဆွေးနွေးမယ်။ အခွင့်ကောင်းယူမယ်။ အင်စီအေ စာချုပ်အပေါ် အမြတ်ထုတ်မယ်၊အဲ့ဒီလိုနဲ့နယ်မြေစိုးမိုးမယ်၊ဆွေးနွေးပွဲအဆင်မပြေရင် စစ်ဆင်ရေးလုပ် ထိုးစစ်ဆင်မယ်၊အဲ့ဒါတွေက လုပ်နေကြပါ၊ အသစ်အဆန်းတော့မဟုတ်ပါဘူး။ ဒီကေဘီ အေခေါင်းဆောင်နဲ့ပဲတွေ့တွေ့ ပီစီခေါင်းဆောင်နဲ့တွေ့တွေ့ ဘာမှထူးခြား ချက်ရှိလာမှာမဟုတ်ဘူးလို့ ပဲပြောရမှာပါ။"

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ သလို ကရင်ပြည်နယ်ဘက်မှာလည်း ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပေါ်ကာ စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခုလိုတုံ့ပြန် ခဲ့တာဖြစ်ပါတယ်။
အခုမတိုင်မီ မတ်လ ၂၇ရက်နေ့နဲ့ ဧပြီ ၃ ရက်နေ့တုန်းကလည်း စစ်ကောင်စီ ဘက်က အဲဒီနေရာတွေကိုပဲ ဗုံးကြဲ တိုက်ခိုက်ခဲ့တာမျိုး လုပ်ခဲ့တာရှိပါတယ်။
တပ်မဟာ ၅နယ်မြေမှာ ဗုံးကြဲလို့ရွာတွေက ထွက်ပြေးလာပြီး ပုန်းခိုနေကြတဲ့ ဒေသခံ ရွာသားတွေရှိသလို မြို့ကြီးတွေကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြားလည်း ရှိနေပါတယ်။
ပြီးခဲတဲ့ သီတင်းပတ်ကုန်က ပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကို မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေကို ရပ်တန့်ပါလို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်ကတော့ တည်ငြိမ်မှုရအောင် အရင်လုပ်ပြီးမှအာဆီယံ အကြံပြုချက်တွေကို စဥ်းစားမယ်လို့ ပြန်ပြောထားပြီး သူတို့ စစ်စခန်းကို အသိမ်းခံလိုက်ရတာကြောင့် လက်တုံ့ပြန်လာနိုင်တဲ့ အတွက် အပြစ်မဲ့အရပ်သား သေဆုံးမှုတွေ နောက်ထပ်ဖြစ်လာနိုင်ဖို့လည်း ရှိနေပါတယ်။








