မိန့်ခွန်းတွေက ပြတဲ့ မြန်မာ့ငြိမ်းချမ်းရေးခရီး၊ မျိုးဗီဇပြောင်းပိုးသစ်နဲ့ ကိုဗစ်ဒုတိယလှိုင်း အပါအဝင် တစ်ပတ်အတွင်း ပြည်တွင်းသတင်းကောက်နုတ်ချက်

ဒီတစ်ပတ် ထိပ်တန်းရောက်သတင်းတွေကတော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကြား စကားလုံးတွေနဲ့ အငြင်းပွားခဲ့တဲ့ သုံးရက်တာ ပင်လုံညီလာခံအနှစ်ချုပ်နဲ့ အရင်ထက် ဆယ်ဆကူးစက်မြန်တဲ့ ကိုဗစ်ပိုးသစ် ပြည်တွင်းမှာ တွေ့ရှိပြီးတဲ့နောက် ပြည်တွင်းကူးစက်မှုတွေပြန်ရှိလာချိန် ကိုဗစ် ဒုတိယလှိုင်း ကြုံရတော့မလား ဆိုတဲ့ စိုးရိမ်ချက် သတင်းတွေပဲ ဖြစ်ပါတယ်။
စကားလုံးက အဓိကလား၊ ဆွေးနွေးမှုအနှစ်သာရက အဓိကလား
၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကတော့ ပြီးဆုံးခဲ့ပါပြီ။ ဒီညီလာခံဟာ အန်အယ်လ်ဒီ အစိုးရ လက်ထက် နောက်ဆုံးကျင်းပတဲ့ ညီလာခံလည်း ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ကို အစိုးရဘက်က လေးကြိမ် မြောက်ညီလာခံလို့ သတ်မှတ်ပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ပြီးခဲ့တဲ့အစိုးရ လက်ထက်က တစ်ကြိမ်ပါထည့်ရေတွက်ပြီး ငါးကြိမ်မြောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီညီလာခံမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို သဘောတူချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်က လိုချင်တဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဆိုတဲ့အချက်ကတော့ ညှိနှိုင်းမရတဲ့အတွက် စာချုပ်ထဲ မပါနိုင်ခဲ့ပါဘူး။ ကျန်ခဲ့တဲ့ဒီအချက်ကို မကြာခင်ကာလမှာ သဘောတူညီမှုရအောင် ဆက်လုပ်မယ်လို့ ဒေါ်အောင်ဆန်း စုကြည်ကတော့ ဆိုထားပါတယ်။
ဒီစာချုပ်မှာပါတဲ့အဓိက အချက်အများစုကတော့ အရင်ချုပ်ထားတဲ့ သဘောတူ စာချုပ် ၁ နဲ့ ၂ ပါ သဘောတူချက် ၅၁ ချက်ကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။
တကယ်တမ်း ဒီညီလာခံမှာ သဘောတူစာချုပ်ချုပ်နိုင်ခဲ့တဲ့ရလဒ်ထက် ညီလာခံဖွင့်ပွဲမှာပြောခဲ့တဲ့ ခေါင်းဆောင် တွေရဲ့မိန့်ခွန်းက လူထုကြားဆွေးနွေးငြင်းခုန်စရာ ဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်တို့ရဲ့ မိန့်ခွန်းတွေဟာ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှုမြင်ချဉ်းကပ်ပုံ မတူညီတာကို တွေ့နိုင်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။
စကားလုံးတွေက အရေးမကြီးဘဲ တကယ့် အနှစ်သာရကိုပဲ သဘောပေါက်နားလည်ညှိနှိုင်းဖို့ဆိုတဲ့ဘက်က ပြောဆိုမှုတွေရှိသလို စကားလုံး တစ်လုံးချင်းကအစ အရေးကြီးပြီးသဘောတူဖို့လိုအပ်တယ်။ ဒါမှသာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အာမခံချက်ရှိတဲ့သဘောတူညီချက်တွေ တည်ဆောက်နိုင်မယ်လို့ ယုံကြည်တာတွေလည်း ရှိပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွေကို ပြန်ကြည့်ရင် အတိုင်ပင်ခံနဲ့တပ်ချုပ် တိုက်ရိုက်ဆွေးနွေးတာလည်းမရှိသလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးတဲ့အခါမှာလည်း သူတို့ကိုယ်စားလှယ်တွေကတစ်ဆင့်သာ ဆွေးနွေးတာကို တွေ့ရတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
"အဖွင့်မိန့်ခွန်းမှာ တက်ပြောတော့ တော်တော်ကြီးကွဲလွဲနေတာ သတိထားမိတယ်။ အစိုးရဘက်ကတော့ စကားလုံးက သိပ်အရေးမကြီးလို့ မြင်တယ်။
လက်နက်ကိုင်တွေဘက်ကတော့ စကားလုံးတွေက အရေးကြီးတယ် မြင်တယ်။ နောင်တစ်ချိန်မှာ အငြင်းပွားစရာဖြစ်တဲ့ကိစ္စမို့ လက်မလွှတ်ချင်ဘူးပေါ့။
စကားလုံးတွေကတော့ တချို့ကအလေး အနက်ထားမှာပဲ။ ဒါက ငြင်းပယ်လို့မှမဖြစ်ဘဲ။ စိတ်ပူတာကိုး။
အဓိကအရေးကြီးတာက လက်မှတ်မထိုးတဲ့အဖွဲ့တွေကလည်း ၈ ဖွဲ့တောင်ကျန်သေးတယ်။ အဲဒီအဖွဲ့တွေ အနေနဲ့ ဝေဝေဝါးဝါး ဖြစ်နိုင်တာပေါ့။ သူတို့တကယ်လို့ အပစ်ရပ်လက်မှတ်ထိုးပြီးတော့ဆွေးနွေးပွဲကို ဝင်တဲ့အခါကျရင် အစိုးရကို သက်သက်ဆွေးနွေးရမယ်။ တပ်ကို သက်သက်ဆွေးနွေးရမယ်ဆိုရင် သူတို့မှာလည်း စိုးရိမ်မှုတွေရှိနိုင်တယ်လို့ ထင်ပါတယ်" လို့ သူက ပြောပါတယ်။
တကယ်လို့ အစိုးရနဲ့တပ်မတော်ကို တစ်နေရာတည်းမှာ တစ်ပေါင်းတည်း ဆွေးနွေးရမယ်ဆိုရင် ဆွေးနွေးဖက်တွေအနေနဲ့ လာရောက်ဆွေးနွေးဖို့ ပိုလွယ်ကူမယ်လို့ ထင်ကြောင်းနဲ့ အစိုးရနဲ့တပ်မတော်တို့ကလည်း သဘောတူညီမှုတစ်ခုရအောင်လုပ်ဖို့လိုတယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
စကားလုံးအသုံးအနှုန်းတွေနဲ့ ရှေ့မရောက်တဲ့ငြိမ်းချမ်းရေးဖြစ်စဉ်လို့ တပ်မတော်ဘက်က ပြောဆိုချက်တွေ ရှိခဲ့ပါတယ်။ ညီလာခံမတိုင်ခင် အပစ်ရပ်စာချုပ်အကောင် အထည်ဖော်ရေး အစည်းအဝေးမှာကတည်းက ဒီမှတ်ချက်ကို တပ်မတော်ဘက်က ထုတ်ပြောခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, State Counselor office
ဒေါ်အောင်ဆန်းစုကြည်က လက်နက်အားကိုးနဲ့နိုင်ငံရေးဓလေ့ဆိုးကိုဖြတ်တောက်ဖို့နဲ့ အဲဒီနေရာမှာ အပေးအယူ အလျှော့အတင်းနဲ့ ညှိညှိနှိုင်းတဲ့နိုင်ငံရေးယဉ်ကျေးမှုကို ထူထောင်တည်ဆောက်ဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။
သဘောတူညီချက်မရခဲ့တဲ့ စကားလုံးအသုံးအနှုန်းတွေရဲ့ အဓိပ္ပာယ်ကို နှစ်ဖက်လုံးက နားလည် သိမြင်မယ်ဆိုရင် စိုးရိမ်မှုတွေပြေပျောက်နိုင်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
သူ့မိန့်ခွန်းအဆုံးပိုင်းနားမှာ ထည့်ပြောခဲ့တဲ့ ကျွန်မတို့အားလုံးမျက်စိမမှိတ်ခင် အချိန်တွေမှာ ငြိမ်းချမ်းရေးရတာကို မြင်သွားချင်ပါတယ်ဆိုတဲ့စကားက လူမှုကွန်ရက်မှာ အတော်လေး လှုပ်လှုပ်ခတ်ခတ်ရှိခဲ့ပြီး ကရုဏာသက်စဖွယ်အရေးအသားတွေနဲ့ ပြန်လည်မျှဝေတာတွေရှိခဲ့ပါတယ်။
တပ်ချုပ်ရဲ့မိန့်ခွန်းမှာတော့ ငြိမ်းချမ်းရေးမရတဲ့ အဓိက အချက် ၃ ချက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ဒီသုံးချက်ကတော့ ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ မရိုးသားခြင်း၊ တခြားလုပ်ငန်းတွေနဲ့ တွဲဆက်ထားခြင်းနဲ့ တိကျပြတ်သားနဲ့ အခြေခံမူအားနည်းခြင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၁၉၅၅ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်း ပြည်တွင်းစစ်တရားခံဟာ ဖဆပလအစိုးရသာဖြစ်ကြောင်း လှုံ့ဆော်ဖန်တီးချက်တွေအတိုင်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေဟာ တပ်မတော်ကြောင့် ဖြစ်ပွားသယောင် သမိုင်းကို လုပ်ကြံ ဖန်တီးနေတယ်လို့ လည်း ပြောခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အစိုးရကို ဆန့်ကျင်တာဖြစ်ပြီး တပ်မတော်က နိုင်ငံတော်နဲ့ အစိုးရတိုင်းကို ကာကွယ်နေရတာသာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒီတော့ ဒီခေါင်းဆောင်နှစ်ဦးရဲ့ ညီလာခံအဖွင့်မိန့်ခွန်းအရ ခေါင်းဆောင်တွေရဲ့ ငြမ်းချမ်းရေးလမ်းစဉ်ကို ချပြပုံနဲ့ရှုမြင်ပုံတွေက ငြိမ်းချမ်းရေးခရီးစဉ် အနီးအဝေး ဘယ်လိုအခြေအနေရှိနိုင်မလဲ။ ပြည်ထောင်စု သဘောတူစာချုပ်ပါအချက်တွေရော လက်ကျန်အစိုးရသက်တမ်းလပိုင်းအတွင်း ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်မှာပါလဲ။
၂၀၂၀ ရွေးကောက်ပွဲနဲ့တက်လာမယ့် နောက်အစိုးရလက်ထက်မှပဲ ငြိမ်းချမ်းရေးခရီးဆက်နိုင်တော့မှာဖြစ်ပြီး အခုနောက်ဆုံးကျင်းပသွားတဲ့ ပင်လုံရဲ့ ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းကလည်း နောက်အစိုးရလက်ထက်မှာ ဘာတွေ ဆက်လုပ်မယ်ဆိုတာနဲ့ပတ်သက်တဲ့ သဘောတူညီချက်ကို ယူတဲ့သဘောပဲလို့ နိုင်ငံရေးနဲ့ စစ်ရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ က အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားပြီး လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် ရှစ်ဖွဲ့ဟာလည်း အင်အားကြီးလက်နက်ကိုင်အဖွဲ့ တွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
"ဒီရှစ်ဖွဲ့ကိုလည်း နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်း ပေါ် ဘယ်လိုလုပ်မလဲဆိုတာလည်း ပြဿနာတစ်ခုက ရှိတယ်။ လက်ရှိ ၁၀ ဖွဲ့နဲ့လည်း နိုင်ငံရေးသဘောတူညီမှုယူဖို့လိုသေးတယ်ဆိုတော့ နောင်အစိုးရသက်တမ်းမှာ ဘယ်လိုဆက်သွားမလဲဆိုတာတော့ နောင်အစိုးရနဲ့သက်ဆိုင်လိမ့်မယ်။ ဒီအစိုးရသက်တမ်းမှာတော့ ဒီလောက်နဲ့ပဲ ပြီးသွားပါပြီ" လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။
မျိုးဗီဇပြောင်းပိုးအသစ်နဲ့ ကိုဗစ် ဒုတိယလှိုင်းလား
စစ်တွေမှာ သြဂုတ် ၁၆ ကစလို့ ပြည်တွင်းကူးစက်သူ ကိုဗစ်လူနာသစ် စတင် တွေ့ရှိခဲ့ပါတယ်။
ကိုဗစ်ပထမလှိုင်းကို အသေအပျောက်အနည်းဆုံးနဲ့ ကူးစက်မှုနည်းအောင် ထိန်းချုပ်ထားနိုင်လို့ ဖြေလျှော့မှုတချို့ပြန်လုပ်၊ အထက်တန်းကျောင်းတွေ ပြန်ဖွင့်လာချိန် ပြည်တွင်းကူးစက်မှုက အားလုံးကို တပ်လှန့်လိုက်သလိုပါပဲ။
စစ်တွေမှာ သြဂုတ် ၂၂ ရက် ညပိုင်းအထိ ပြည်တွင်းကူးစက်သူ ၄၄ ဦး တွေ့ထားသလို တစ်မြို့လုံးကို stay at home သတ်မှတ်ထားပါတယ်။
အခြေခံပညာအထက်တန်းကျောင်းတွေလည်း ပြန်ပိတ်ထားလိုက်ပြီး ညမထွက်ရအမိန့်လည်း ထုတ်ထားပါတယ်။

ဒီထက်ပိုပြီး သတိထားစရာက အရင်ကထက် ဆယ်ဆ ပိုကူးစက်မြန်တဲ့ ကိုဗစ် ပိုးအသစ် မြန်မာပြည် တွင်းမှာ ရှိနေပြီဖြစ်လို့ ပြည်သူတွေသတိထားကြဖို့ ဆေးပညာရှင် တွေက သတိထပ်ပေးလိုက်တာပါပဲ။
ဒါ့အပြင် အခု စစ်တွေမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲနေတဲ့အမျိုးအစား ဖြစ်နိုင်တာကြောင့် ဆေးသုတေသနဦးစီးဌာနမှာ ဒီဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမယ် လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ပြောလာပါတယ်။
ကိုဗစ်-၁၉ သံသယလူနာတွေထဲက ပိုးကောင်ရေ ပါဝင်မှု ပိုမိုမြင့်မားတဲ့ ဓာတ်ခွဲနမူနာတွေရဲ့ မျိုးဗီဇ ၁၀ ခုကို သုတေသနပြု စစ်ဆေးကြည့်ရာမှာ ၆ ခုဟာ ကူးစက်မှုနှုန်း ၁၀ ဆနီးပါးထိ ပိုမိုမြန်ဆန်တဲ့ D614 ကနေ G614 ကို ပြောင်းလဲသွားတာ တွေ့ရတယ်လို့ ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့် က ဘီဘီစီကို ပြောပါတယ်။
"ဓာတ်ခွဲနမူနာ ၁၀ ခုထဲမှာ မေလပထမပတ် မတိုင်ခင် D ကနေ G ပြောင်းသွားတဲ့ နမူနာ တခုပဲ ရှိပြီး မေလပထမပတ် နောက်ပိုင်းမှာ လုပ်ခဲ့တဲ့ ဓာတ်ခွဲနမူနာ အားလုံးကတော့ မျိုးဗီဇီ ပြောင်းပြီးသား အမျိုးအစားတွေ ဖြစ်နေတယ်ဆိုတာ ထူးခြားချက်အနေနဲ့ တွေ့ရတယ်" လို့လည်း ဒေါက်တာ မြတ်ထွဋ်ညွန့်က ဆိုပါတယ်။
ဒီဗိုင်းရပ်စ်ပိုးမျိုးဗီဇသစ်ဟာ ပြည်ပကနေ ပြန်လာသူတွေဆီကနေ အများစု တွေ့ခဲ့ရပေမယ့် ပြည်တော်ပြန်တွေကို ၂၁ ရက် သီးခြားခွဲနေခိုင်းပြီး လိုအပ်တဲ့ ဆန်းစစ်မှုတွေ လုပ်ခဲ့တဲ့အတွက် ပြည်တွင်းမှာ ကိုဗစ်ဒုတိယလှိုင်း မဖြစ်ပွားခဲ့တာလို့လည်း သူက အကြမ်းဖျင်း သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတွေ့ရှိတုန်းက ရန်ကုန်မြို့မှာ ပြည်တွင်း ကူးစက်မှု (local Transmission) တချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဗိုင်းရပ်စ်ပိုးဟာ အခုလိုမျိုး မျိုးဗီဇ ပြောင်းလဲနေတာ မဟုတ်ဘူးလို့ သုတေသီတွေက ယူဆနေကြတာပါ။
ဒါပေမဲ့ ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်တဲ့ ဒီမျိုးဗီဇသစ် တကျော့ပြန် ဝင်ရောက်လာပြီး ပြည်တွင်းကူးစက်မှုနှုန်း မြင့်မားလာမှာကို အားလုံးက စိုးရိမ်နေကြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ် ဒုတိယလှိုင်း ကြီးနိုင်တယ်ဆိုတာ ကို တောက်လျှောက် သတိပေးနေပါပြီ။
ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့ရာဗဟိုချက်ဖြစ်တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာတော့ ပျော်ပွဲရွှင်ပွဲတွေ ပြန်လည် ကျင်းပပြီး ပုံမှန်ပြန်ဖြစ်သလောက်ရှိနေပါပြီ။ ကမ္ဘာ့နိုင်ငံ တချို့မှာတော့ ကိုဗစ်ရဲ့ ဒုတိယလှိုင်းကို ရုန်းကန်ရင်ဆိုင်နေရပါတယ်။
ကိုဗစ်အရေးကိုင်တွယ်ပုံကောင်းမွန်တယ်လို့ မှတ်ချက်ပြုခံထားရတဲ့ မြန်မာနိုင်ငံကလည်း ကိုဗစ် ဒုတိယလှိုင်းကို အထိအခိုက်အနည်းဆုံးနဲ့ အကောင်းဆုံး ဘယ်လိုကျော် လွှားနိုင်မလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။









