ဧပြီ ၁၉ နောက်ပိုင်း ကိုဗစ်ကာလစည်းကမ်းချိုးဖောက်မှုကို ကူးစက်ရောဂါနှိမ်နင်းရေးဥပဒေနဲ့ အရေးယူဖို့ ညွှန်ကြားချက်ရှိထားဟု ဆို

ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကိုတရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲဖို့ အကြံပေးချက်ကို လက်မခံဘူးလို့ ကာယကံရှင် ဦးစည်သူမြင့်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win

ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကိုတရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲဖို့ အကြံပေးချက်ကို လက်မခံဘူးလို့ ကာယကံရှင် ဦးစည်သူမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့အစိုးရအဖွဲ့ဝင်တွေကို ၂၀၁၃ ခုနှစ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး အရေးယူပေးဖို့ တောင်ဒဂုံမြို့နယ်နေ ဦးစည်သူမြင့် ဆိုသူက ဗိုလ်တထောင်မြို့မရဲစခန်းမှာ မေ ၂၉ ရက်က လာရောက်အမှုဖွင့်ခဲ့ပါတယ်။

ဗိုလ်တထောင်ဘုရားမှာ မေလ ၂၄ ရက်က ရှင်ဥပဂုတ္တ မထေရ်မြတ် ရေချပူဇော်ပွဲအခမ်းအနားကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဥပဒေချုပ်၊ ရန်ကုန်မြို့တော်ဝန်အပါအဝင် အစိုးရအဖွဲ့ဝင်တချို့ တက်ရောက်ခဲ့ပါတယ်။

ဒီစွပ်စွဲမှုတွေက ဥပဒေမဲ့စွပ်စွဲမှုတွေသာဖြစ်တယ်လို့ ဝန်ကြီးချုပ်က တုံ့ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yangon Regional Government

ဓာတ်ပုံ ပုံစာ, ဒီစွပ်စွဲမှုတွေက ဥပဒေမဲ့စွပ်စွဲမှုတွေသာဖြစ်တယ်လို့ ဝန်ကြီးချုပ်က တုံ့ပြန်ထားပါတယ်။

ဒီဖြစ်စဉ်ကို ကိုဗစ်ကြောင့် ချမှတ်ထားတဲ့ ညွှန်ကြားချက်နဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ရာရောက်တယ်လို့ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီး ဝန်ကြီးချုပ်က ဥပဒေမဲ့စွပ်စွဲမှုတွေသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားပါတယ်။

ဒီနေ့မေ ၂၉ ရက်မနက် အမှုဖွင့်တဲ့ဖြစ်စဉ်မှာတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်မရခဲ့ဘူးလို့ ဦးစည်သူမြင့်က ပြောပါတယ်။

ဧပြီလ ၁၉ ရက်နောက်ပိုင်း အစိုးရက ညွှန်ကြားထားချက်အရ ကိုဗစ်ကာလညွှန်ကြားချက်တွေကို ဖောက်ဖျက်မှုတွေနဲ့ပတ်သက်လို့ ကူးစက် ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့သာအရေးယူရမယ်ဆိုတာ ရှိနေတယ်လို့ ရဲစခန်းကပြောကြောင်း ကာယကံရှင်ဦးစည်သူမြင့်က ဒီမနက်သတင်း ထောက်တွေကို ဗိုလ်တထောင်မြို့မရဲစခန်းရှေ့မှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဖို့ တိုင်ကြားတယ်။ ဒါပေမဲ့ ညွှန်ကြားချက်တွေရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ကူးစက်ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးဥပဒေနဲ့ အရေးယူပေးပါဆိုပြီးညွှန်ကြားထားတာရှိတယ်။ ကျွန်တော်တောင်းဆိုတာက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ သူ့ဇနီး ဒေါ်ခင်မိမိကြွယ်ပေါ့။ ဒါ ကျွန်တော်တို့က လုပ်ကြံပြီးစွဲတာမဟုတ်ပါဘူး။ တိုင်းဒေသကြီးဝန်ကြီးချုပ် ပေ့ချ်ကိုယ်တိုင်က ဒီပွဲကို မေ ၂၄ ရက်မနက် ၇ နာရီမှာ လုပ်တယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ ဒီမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးက ခေါ်ပြီးပြောတယ်။ ၁၉ ရက် ၄ လ ၂၀၂၀ ရက်နေ့က ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီကနေ ညွှန်ကြားချက်လာတယ်ပေါ့။ ဒီညွှန်ကြားချက်က ကန့်သတ်ဖြစ်လို့ ဓာတ်ပုံရိုက်ယူလို့မရဘူးပြောတယ်။ အဲဒီညွှန်ကြားချက်က ဘာလဲဆိုတော့ နောက်နောင်ဖြစ်လာတဲ့ပြဿနာတွေကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့အရေးယူဖို့ ညွှန်ကြားထားတာပေါ့။ အဲဒီအတွက် အဲဒီညွှန်ကြားချက်က ဥပဒေဟုတ်သလားလို့ မြို့နယ်မှူးကို ကျွန်တော်မေးပါတယ်" လို့ ဝန်ကြီးချုပ်ကို အမှုဖွင့်သူ ဦးစည်သူမြင့်က ရဲစခန်းရှေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အမှုဖွင့်ခွင့်ရရေး ဆက်လက်ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win

ဓာတ်ပုံ ပုံစာ, အမှုဖွင့်ခွင့်ရရေး ဆက်လက်ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

အခုလို ညွှန်ကြားချက်ဟာ ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေကို ကျော်လွန်ပြီး ပေးတဲ့အမိန့်ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရဲတပ်ဖွဲ့က အမှုမဖွင့်ပေးချင်တာမဟုတ်ဘဲ ညွှန်ကြားချက်ရှိနေတဲ့အတွက် အထက်အမိန့်ကို လိုက်နာရမှာဖြစ်တယ်လို့ ဗိုလ်တထောင်ရဲစခန်းက တာဝန်ရှိသူတွေက ပြောကြောင်း ဦးစည်သူမြင့်က ပြောပါတယ်။

အခုအမှုဖွင့်တဲ့ကိစ္စကို အထက်ကို ဆက်လက်တင်ပြပေးမှာဖြစ်တယ်လို့လည်း သိရတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒီတိုင်ကြားချက်ကို မြို့နယ်မှူးထံ ပေးအပ်ခဲ့တယ်လို့ ဦးစည်သူမြင့်က ပြောပါတယ်။

"ကျွန်တော့်ကို မြို့နယ်မှူးက နောက်ဆုံးပြောတာကတော့ ဒါကို ခရိုင်ရဲတပ်ဖွဲ့မှူးကိုတင်ပြမယ်။ အထက်ကို အဆင့်ဆင့်တင်ပြမယ်။ တင်ပြပြီးတော့ ဖွင့်လို့ရတဲ့တစ်နေ့မှာ ကျွန်တော့်ကိုဖုန်းဆက်ပြီးအကြောင်းကြားမယ်ပြောပါတယ်။ ကူးစက်ရောဂါနှိမ်နင်းရေးဥပဒေနဲ့ ဆွဲခိုင်းတော့ တရားရုံးကို ဦးတိုက်လျှောက်ရမယ်ပြောတယ်။ ဒါကိုတော့ ကျွန်တော်လက်မခံပါဘူး။ ဒါက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေကိုချိုးဖောက်တာဖြစ်တဲ့အတွက် ဒါနဲ့ပဲ ဆွဲတာပါ" လို့ သူက ပြောပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေကို ချိုးဖောက်ပါက သုံးနှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင် တယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီဥပဒေပါပြစ်မှုတွေကို ချိုးဖောက်ရင် ရဲအရေးပိုင်တဲ့ ပြစ်မှုအဖြစ် သတ်မှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေကတော့ တရားရုံးကို ဦးတိုက်လျှောက်ထားရတာဖြစ်ပြီး ဒီဥပဒေကို ချိုးဖောက်ရင် ထောင်ခြောက်လဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ (လောလောဆယ်မှာတော့ ဒီဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်မှာ ဥပဒေကြမ်းတင်သွင်းထားတာရှိပါတယ်။)

အမှုကို ဖွင့်ခွင့်မပေးတာမဟုတ်ဘဲ ကိုဗစ်နဲ့ ဆိုင်တဲ့ ညွှန်ကြားချက်တွေအရ ကူးစက်ရောဂါကာကွယ်ရေးဥပဒေနဲ့ သာ ဖွင့်ရမှာဖြစ်တယ်လို့ ရဲစခန်းက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win

ဓာတ်ပုံ ပုံစာ, အမှုကို ဖွင့်ခွင့်မပေးတာမဟုတ်ဘဲ ကိုဗစ်နဲ့ ဆိုင်တဲ့ ညွှန်ကြားချက်တွေအရ ကူးစက်ရောဂါကာကွယ်ရေးဥပဒေနဲ့ သာ ဖွင့်ရမှာဖြစ်တယ်လို့ ရဲစခန်းက ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ဗိုလ်တထောင်ရဲစခန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျသူတစ်ဦးက အခုလိုပြောပါတယ်။

"သူက လာဖွင့်တာက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ပေါ့နော်။ ဒါကကျတော့ ကိုဗစ်နဲ့ ဆိုင်တဲ့ညွှန်ကြားချက်တွေမှာဆို ကူးစက်ရော ဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူဖို့ ညွှန်ကြားချက်ရှိတော့ ကျွန်တော်တို့စခန်းက လူကြီးတွေက သူ့ကိုရှင်းပြတယ်။ ကူးစက်ရောဂါဥပဒေနဲ့ဆိုရင် တရားရုံးကို ဦးတိုက်လျှောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သူလည်း တရားရုံးကို ဦးတိုက်လျှောက်မယ်ဆိုပြီးတော့ ပြန်သွားပါတယ်"လို့ ဗိုလ်တထောင်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အမှုကို ဖွင့်ခွင့်မပေးတာမဟုတ်ဘဲ ကိုဗစ်နဲ့ ဆိုင်တဲ့ ညွှန်ကြားချက်တွေအရ ကူးစက်ရောဂါကာကွယ်ရေးဥပဒေနဲ့ သာ ဖွင့်ရမှာဖြစ်တဲ့အတွက် အဲဒီတိုင်း ဆောင်ရွက်ဖို့ စခန်းက ပြန်လည် ရှင်းပြပေးခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးစည်သူမြင့်ပြောတဲ့ ဧပြီ ၁၉ ရက်နောက်ပိုင်း ကိုဗစ်ကာလ စည်းကမ်းချက်ဖောက်ဖျက်ရင် ကူးစက်ရောဂါတားဆီးနှိမ်နင်းရေးဥပဒေနဲ့ အရေးယူဖို့ ညွှန်ကြားချက်နဲ့ပတ်သက်လို့ ဘီဘီစီက မေးမြန်းတဲ့အခါမှာတော့ စခန်းမှူးကိုသာမေးမြန်းဖို့နဲ့ လောလောဆယ် စခန်းမှူးလည်း ပြင်ပကို တာဝန်နဲ့ သွားနေတာကြောင့် ပြန်လည်ဆက်သွယ်ဖို့ ဖြေကြားပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ က လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေး တက်ရောက်နေ ကြောင်းနဲ့ ပြန်လည်ဆက်သွယ်ပေးဖို့ ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ပခုက္ကူက နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုသာထက်အောင်က ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးဖြိုး မင်းသိန်းနဲ့ အစိုးရအဖွဲ့ကို လူစုလူဝေးပြုလုပ်မှုနဲ့ ပခုက္ကူမြို့မရဲစခန်းမှာ တိုင်ကြားခဲ့ပြီး ရဲအရေးပိုင်မှုမဟုတ်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ထားဖို့ ရဲစခန်းဘက်က ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်း လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကျင်းပတာကို မေ ၃၁ ရက်ထိ တားမြစ်ထားပြီး အခုဆို ဒီကန့်သတ်ချက်ကို ဇွန် ၁၅ ရက်ထိ တိုးမြှင့်ထားပါတယ်။

အဲဒီကြားထဲ လူစုလူဝေးနဲ့ ဘာသာရေးပွဲပြုလုပ်ခဲ့သူတချို့ကို အရေးယူမှုတွေပြုလုပ်ခဲ့ပြီး ကျိုက်မရောမြို့မှာ ဘုရားထီးပင့်ဆောင်ပွဲဦးဆောင်သူကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) အရ ထောင်ကိုးလ၊ မန္တလေးမှာ အိမ်တစ်အိမ်တွင်း စုဝေးဆုတောင်းပွဲပြုလုပ်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တချို့ကို ထောင် သုံးလနဲ့ ရန်ကုန်က အုပ်စုလိုက် ကူးစက်မှုအများဆုံးဖြစ်စေခဲ့တဲ့ ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လား အပါအဝင်နှစ်ဦး၊ အင်းစိန်က ဘာသာရေးဆရာနှစ်ဦးတို့ကို တရားစွဲထားတာတွေရှိပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝန်ကြီးချုပ်တက်ရောက်ခဲ့တဲ့ အဲဒီ ရှင်ဥပဂုတ္တ မထေရ်မြတ် ရေချပူဇော်ပွဲတက်ရောက် တဲ့အခမ်းအနားကို သတင်းအဖြစ်ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီသတင်းကို ပြန်လည် ဖယ်ရှားခဲ့ပါတယ်။

ဒါပေမဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ေ့ဖစ်ဘွတ်ခ်စာမျက်နှာတွေမှာတော့ ဒီပူဇော်ပွဲအကြောင်း သတင်းဓာတ်ပုံနဲ့တကွ တင်ပြထားပါတယ်။