ခွေးလေး ဂျက်ကီကို နောက်တစ်ပတ် ထပ်စောင့်ကြည့်မယ်

ဓာတ်ပုံ ရင်းမြစ်, Aung Kyaw Moe
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ပထမဆုံး စောင့်ကြည့်ခံ အိမ်မွေးတိရစ္ဆာန် ခွေးလေး ဂျက်ကီ ကို ၁၄ရက် စောင့်ကြည့်နေတာဟာ ရက်ပြည့်သွားပါပြီ။
ဒါပေမယ့် သူ့ကို နောက်ထပ် တစ်ပတ် ထပ်မံစောင့်ကြည့်သွားမယ်လို့ သူ့ကို စောင့်ကြည့်ပေးနေတဲ့ ပြည်မြို့၊ အနန္တမေတ္တာ ပိုင်ရှင်မဲ့လေလွင့်ခွေးများ ကယ်ဆယ်စောင့်ရှောက်ရေးဂေဟာက ကိုအောင်ကျော်မိုးက ဘီဘီစီကို ပြောပါတယ်။
"အစိုးရ က ၁၄ ရက်နဲ့ မလုံလောက်ဘူးလို့ပြောတော့ ထပ်ပြီး ၇ ရက်စောင့်ကြည့်ဖို့ ဆုံးဖြတ်လာတာပါ" လို့လည်း သူက ပြောပါတယ်။
ပြည်မြိုနဲ့ မလှမ်းမကမ်းက ရိုးမတောထဲမှာ သူ့ကို စောင့်ကြည့်နေတာ ဖြစ်ပြီး ဂျက်ကီ ကျန်းမာရေးကောင်းတယ် လို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung Kyaw Moe
ဂျက်ကီဟာ ကိုရိုနာဗိုင်းရပ်စ် မိသားစုလိုက် ကူးစက်ခံရတဲ့ ပေါက်ခေါင်း ဒုတိယ အုပ်ချုပ်ရေးမှူး နေအိမ်က ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ နံပါတ် ၁၅ လူနာရဲ့ ခင်ပွန်းဖြစ်သူ ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးအပါအဝင် မိသားစုဝင် ၄ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂ရက်နေ့ည ၈နာရီ ထုတ်ပြန်ခဲ့ပါတယ်။
နံပါတ် ၁၅ လူနာ အသက်(၄၅)နှစ်အရွယ်အမျိုးသမီးရဲ့ ခင်ပွန်း အသက်(၄၇)နှစ် ဒုအုပ်ချုပ်ရေးမှူး၊ သား အသက်(၁၀)နှစ်၊ သမီး အသက်(၈)နှစ်၊ တူမ အသက်(၁၈) နှစ် တို့ဟာ မတ်လ ၃၁ရက်ညပိုင်းက နှာခေါင်းတို့ဖတ်ယူ စစ်ဆေးရာ ဧပြီ ၂ရက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒုမြို့နယ်အုပ်ချုပ်ရေးမှူး မိသားစု မွေးထားတဲ့ခွေးလေး ဂျက်ကီကို ရှင်းပစ်မယ်လို့ သတင်းတွေကြားပြီးတဲ့အချိန်မှာ ဧပြီ ၃ရက်နေ့က ပိုင်ရှင်မဲ့လေလွင့် ခွေးများ ကယ်ဆယ်စောင့်ရှောက်ရေးဂေဟာက ကိုအောင်ကျော်မိုးက လဝက၀န်ကြီး ဦးထွန်းထွန်းဦးထံ ဖုန်းနဲ့ဆက်သွယ်ပြီး သီးခြားထိန်းသိမ်းစောင့်ရှောက်မယ့် အကြောင်းပြောပြီး အကူညီတောင်းခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung Kyaw Moe
ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ မိသားစုဝင် ၄ဦးဟာ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကနေ တစ်ဆင့် ပြည်ခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူခဲ့ပြီးနောက် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဧပြီလ ၈ ရက်က ဒုအုပ်ချုပ်ရေးမှူး ကွယ်လွန်သွားခဲ့ပါတယ် ။
သူမကွယ်လွန်ခင်က ဂျက်ကီနဲ့ ဗိုင်ဗာကနေ စကားပြောကြသေးတယ် လို့လည်း ကိုအောင်ကျော်မိုးက ပြောပါတယ်။
"ဂျက်ကီ က လေချွန်ခေါ်ရင်သိတယ်၊ မှတ်မိတယ်၊ သူတို့ ဧပြီ ၄ ရက် နဲ့ ၅ ရက်နေ့ ကခေါ် ကြသေးတယ်" လို့လည်း သူက ပြောပါတယ်။
ဒုအုပ်ချုပ်ရေးမှူး ကွယ်လွန်ပြီးနောက် ကျန်မိသားစုဝင်တွေကို ရန်ကုန်ဝေဘာဂီ ဆေးရုံကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ဂျက်ကီဟာ ဒီနေ့ အထိ သူ့သခင်မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်နေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung Kyw Moe
ဂျက်ကီကို အခုလို စောင့်ရှောက်ရတာဟာ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးပိုင်ရှင်မှာ ကူးစက်မှုတွေ ရှိလာရင် အိမ်မွေးတိရစ္ဆာန် လေးတွေ အသတ်ခံရတာဟာအစဉ် အလာ လို မဖြစ်အောင်လို့ လည်း ကိုအောင်ကျော်မိုး ကပြောပါတယ်။
"သူကဧပြီ ၃ ရက်နေ့ထဲက ကွာရန်တင်းဝင်နေတာ။ ကျွန်တော် အကုန်လုံးမှတ်တမ်းရေးထားပါတယ်။ ဘယ်အချိန် အစာကျွေးတယ်၊ အပူတိုင်းတယ်၊ ရေချိုးတယ်၊ အကုန်မှတ်တမ်းထားပါတယ်" လို့ သူကပြောပါတယ်။
ဂျက်ကီ့ အပူချိန်ဟာ ပျမ်းမျှ ၉၅ ဒီဂရီ ဖာရင်ဟိုက်နဲ့ ၉၉ ဖာရင်ဟိုက် ကြားရှိပြီးတော့ ၁၀၀ ဖာရင်ဟိုက်ကို မကျော်ဘူးလို့လည်း ဆိုပါတယ်။
ဂျက်ကီဟာ သူစပြီးခေါ်လာတုန်း က သူ့ကို ခပ်စိမ်းစိမ်းဖြစ်နေပေမယ့် အခုတော့သူ့ကို ခင်တွယ်နေပြီလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung Kyaw Moe
၁၄ရက်စောင့်ကြည့်ချိန်မှာ ဂျက်ကီရဲ့နှာခေါင်းတို့ဖတ်နမူနာနဲ့ သွားရည် ကို ဓာတ်ခွဲအဖြေပြုလုပ်ကာစစ်ဆေးမှာဖြစ်သလို ကိုအောင်ကျော်မိုးကိုတော့ ဂျက်ကီနဲ့အတူ ၁၄ရက် စောင့်ကြည့်ခြင်းအပြင် နောက်ထပ် ၁၄ရက်၊ စုစုပေါင်း ၂၈ရက်စောင့်ကြည့်ခံရမယ်လို့သတ်မှတ်ထားပါတယ်။
ကိုအောင်ကျော်မိုးရဲ့တို့ဖတ် နမူနာကို ဧပြီ၁၅ ရက်က ယူသွားပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ မရှိ အဖြေဟာ ဧပြီလ ၁၆ ရက်နေ့ ညနေမှာသိရ ဖို့ရှိပြီး သူကတော့ အတော်ကို စိတ်လှုပ်ရှားနေပါတယ်။
ခွေးလေးဂျက်ကီကိုတော့ အခုပြည်မြို့ အနီးက ရိုးမတောတစ်နေရာ မှာကိုအောင်ကျော်မိုး မိတ်ဆွေတစ်ဦးက ကူညီ စောင့်ရှောက်ပေးနေပါတယ်။
အဖြေက ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိတယ်ထွက်လာခဲ့ရင် ကျွန်တော့် အတွက်ထက် ခွေးလေးဂျက်ကီအတွက် တခုခု ဖြစ်မှာကို စိုးရိမ်တယ်လို့ ကိုအောင်ကျော်မိုးက ပြောပါတယ်။








