အော်တစ်ဇင်ကလေးငယ် နှိပ်စက်ခံရမှု ၃လကြာပြီးနောက် မြောက်ဒဂုံတရားရုံးမှာ တရားစွဲမှုစတင်

ဓာတ်ပုံ ရင်းမြစ်, DAW KHANT KHANT WIN SHWE
ရန်ကုန်မြို့က အထူးစောင့်ရှောက်မှု လိုအပ်တဲ့ကလေးများ ပုဂ္ဂလိက လေ့ကျင့်ရေး ကျောင်းတစ်ကျောင်းမှာ စကားမပြောနိုင်တဲ့ ၁၀ နှစ်အရွယ် အော်တစ်ဇင် ကလေးငယ်တစ်ဦးကို ရိုက်နှက်နှိပ်စက်မှုနဲ့ အဲဒီ့ ကျောင်းက ဆရာ နှစ်ယောက်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) တရားရုံးမှာ ဒီကနေ့ ဇန်နဝါရီ ၄ရက်နေ့မှာ တရားစွဲတင်မှုစတော့မယ်လို့ သိရကြောင်း ကလေးမိခင် ဒေါ်ခန့်ခန့်ဝင်းရွှေကဘီဘီစီကိုပြောပါတယ်။
' ' ဒီနေ့ကတော့ ကလေးကိုရိုက်နှက်တဲ့ ဆရာ ၂ယောက်ကို တရားရုံးမှာ စတင်မှာလို့သိရတယ်။ ကျွန်မ တို့ကိုတော့မခေါ်သေးဘူး။ ထုံးစံအရ တရားလို မလိုဘူးလို့လည်း သိရတယ်။ ကျွန်မတို့ သွားဖို့လိုတဲ့ အပတ်ကျမှ တရားရုံးက စာနဲ့အကြောင်းကြားမယ်လို့ထင်ပါတယ်။''လို့ ဒေါ်ခန့်ခန့်ဝင်းရွှေကပြောပါတယ်။
ကလေးကို ရိုက်နှက်ထိုးကြိတ်မှုဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့ပြီးကျောင်းက အပြန် မျက်လုံးတစ်ဝိုက်မှာ ညိုမည်း ဒဏ်ရာ ရလာတာကြောင့် သိရှိခဲ့ပြီး နောက်တနေ့ မှာ စီစီတီဗီကို ပြန်ကြည့် ရာကနေ တွေ့ခဲ့တာလို့လည်း ကလေးရဲ့မိခင် ကပြောပြပါတယ်။
'' ဖြစ်စကတည်းကနေ တစ်လစာ စီစီတီဗီ မှတ်တမ်းကြည့်ဖို့ ကျောင်းကို စာတင်ပြီးတောင်းထားတာ အခုထိ မရသေးဘူး။ တစ်ရက်စာကိုပဲ ကြည့်ခဲ့ရတာ ။ အခုထိလည်း ကျောင်းက ဆက်သွယ်လာတာ မရှိဘူး'' လို့ လည်း သူမကပြောပြပါတယ်။
အနိုင်ကျင့်မှုဟာ အခုမှ ဖြစ်တဲ့ပုံမဟုတ်ဘဲ အရင်ကတည်းက ဖြစ်နေတယ်လို့ ကလေးမိခင်က ယူဆမှု တွေရှိလို့ စီစီတီဗီ မှတ်တမ်း တစ်လစာကို စာနဲ့တင်ပြပြီး တောင်းတာ ဖြစ်တယ်လို့လည်း သူကရှင်းပြ ပါတယ်။
ရိုက်နှက် နှိပ်စက်ခံခဲ့ရတဲ့ကလေးငယ်ဟာ အဆိုပါ ပုဂ္ဂိလလေ့ကျင့်ရေးသင်တန်းကျောင်းမှာ ၂၀၁၂ ကနေ ၂၀၁၉ ခုနှစ်အောက်တိုဘာလအထိ တက်ရောက်ခဲ့တာဖြစ်ပြီး ကျောင်းမထွက်ခင်အထိ ကလေးငယ်ရဲ့ ကျောင်းလခဟာ တစ်လကို နှစ်သိန်း ရှစ်သောင်း ကျပ် ဝန်းကျင် ပေးရတယ်လို့ သူမက ပြောပါတယ်။
'' ကျွန်မကတော့ ပုဒ်မ ၁၀၃ (က)နဲ့အမှုဖွင့်ထားတာ။ တရားရုံးမှာ ဘယ်ပုဒ်မနဲ့စွဲတင်မလဲဆိုတာတော့ မသိရသေးဘူး။'' လို့ တရားစွဲဆိုထားတဲ့အခြေအနေအပေါ် ကလေးမိခင် ဒေါ်ခန့်ခန့်ဝင်းရွှေကပြောပါတယ်။
ကလေးငယ်ဟာ အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိခဲ့တဲ့အတွက် မိခင်ကိုယ်တိုင် အလုပ်ကနေ လနဲ့ချီ ခွင့်ယူခဲ့ရပြီး ပြန်လည် ကုသပေးနေရတယ်လို့လည်း သိရပါတယ်။
'' အခုထိပဲ အလုပ်ကနေ လစာမဲ့ခွင့်ယူထားရတာ။ ကလေးနဲ့နေပေး သူ့ကို ပိုဂရုစိုက်ပေးလုပ်နေရတယ်။ ကျောင်းကိုတော့ မပို့တော့ဘူး။ အိမ်မှာပဲ ဆရာမလေးတစ်ယောက်ခေါ်ပြီး ပြန်လေ့ကျင့်ပေးနေတယ်။''လို့ ဒေါ်ခန့်ခန့်ဝင်းရွှေက ဇန်နဝါရီ ၄ရက်နေ့ကပြောပြပါတယ်။
အခုအမှုဖွင့်ထားတဲ့ပုဒ်မ ၁၀၃ ဟာ မသန်စွမ်းကလေးငယ်တွေကို နိုင်ထက်စီးနင်း အလွဲသုံးခြင်း၊ အကြမ်း ဖက်ခြင်း တို့နဲ့စွဲဆိုတာဖြစ်ပြီး ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ်ရှစ်လကနေ ၅နှစ်အထိ ကျခံရနိုင်ပါတယ်။










