မြန်မာ့စီးပွားရေး ဆက်လက်တိုးတက်မယ်ပြောပေမယ့် ကုန်ဈေးနှုန်းတွေ ကြီးလာနိုင်တဲ့ ၂၀၂၀

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘဏ်ချေးငွေ၊ အခွန်နဲ့ ပြည်တွင်းတိုက်ပွဲတွေ အပါအဝင် ငွေကြေးဖောင်းပွမှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်က မြန်မာ့စီးပွားရေးလုပ်ငန်းတွေဟာ ရုန်းကန်ခဲ့ရသလို၂၀၂၀ ဟာလည်း ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံတွင်းလုပ်ငန်းတစ်ချို့ဟာ တုံ့ဆိုင်းနေကြပါတယ် ။
ဒါပေမယ့် ကမ္ဘာဘဏ် အပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းတွေကတော့ မြန်မာ့စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှုန်းဟာ၂၀၂၀ မှာ ပြီးခဲ့တဲ့၂၀၁၉ ထက် ဆက်လက်တိုးတက်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မီတာခတွေ တက်ခဲ့တာကြောင့် မြန်မာနိုင်ငံတွင်း ကုန်ထုတ်လုပ်ငန်းတွေဟာ အပိုဆောင်း ကုန်ကျစရိတ်တွေ များလာသလို ငွေကြေးဖောင်းပွမှုတွေ ကြုံတွေ့နေရတာတွေလည်း ရှိတယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။
လာမယ့် ၂၀၂၀ မှာ ငွေစက္ကူသစ် ထပ်ထုတ်တာလည်း ရှိလာတာကြောင့်ငွေကြေးဖောင်းပွမှုဟာ ဆက်ရှိလာနိုင်ပြီး ကုန်ဈေးနူန်းတွေတက်လာမယ့်အခြေအနေကို မြန်မာနိုင်ငံသားတွေ ရင်ဆိုင်ရဖို့ရှိတယ်လို့လည်း ဒေါက်တာဇော်ဦးက ပြောပါတယ်။
ငွေစက္ကူအသစ်ထုတ်တိုင်း ကောလာဟလက ထွက်လာလေ့ရှိပြီး ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်လာမယ်လို့ သုံးသပ်တာတွေအပေါ် စိုးရိမ်စရာမလိုဘူးလို့ အငြိမ်းစား ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတကာအဖွဲ့အစည်းတွေကမြန်မာ့စီးပွားရေးတိုးတက်မယ်လို့ဘာကြောင့်မှန်းတာလဲ
နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ ပြည်တွင်းက စီးပွားရေးဖွံဖြိုးမှုကို တွက်တဲ့ အခါမှာ ဂျီဒီပီ လို့ခေါ်တဲ့ ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုးကို အခြေခံပြီး တွက်ကြတာပါ။ အဲဒီထဲမှာ ပြည်တွင်းက တယ်လီဖုန်း အော်ပရေတာတွေရဲ့ ဝန်ဆောင်မှုနဲ့ နိုင်ငံတကာရောက် မြန်မာလုပ်သားတွေက မြန်မာပြည်ငွေ ပြန်ပို့တာတွေကြောင့် ပြည်တွင်းမှာ စားသုံးမှုတွေမြင့်နေတယ်၊ ဒီအချက်က ဂျီဒီပီပေါ်မှာ သက်ရောက်မှုတွေရှိပြီး ဂျီဒီပီတိုးတက်မှုတွေ ဆက်ရှိနေတာ ဖြစ်တယ်လို့လည်း ဒေါက်တာဇော်ဦးက ပြောပါတယ် ။
ဒီလို ဂျီဒီပီ မြင့်တက်မှုတွေဟာ ရေရှည်မှာ မြန်မာနိုင်ငံအတွက် အလားအလာကောင်းတွေ ဖြစ်နေသလားလို့ ပြောရင်တော့ စီးပွားရေးပညာရှင် တစ်ယောက် အနေနဲ့ စိတ်ပူမိတယ်လို့လည်း ဒေါက်တာဇော်ဦးကပြောပါတယ်။
နိုင်ငံရဲ့ ရေရှည်တည်တံ့တဲ့ တိုးတက်မှု ဖြစ်ဖို့ဆိုတာကတော့ ပြည်တွင်းက ကုန်ထုတ်လုပ်မှုတွေ တန်ဖိုးတက်လာဖို့ လိုအပ်ပြီး မြန်မာနိုင်ငံရဲ့ အဓိက ကုန်ထုတ်လုပ်မှုက လယ်ယာကဏ္ဍနဲ့ စက်မှုကဏ္ဍတို့ဟာ လက်ရှိအချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဒေါက်တာဇော်ဦးက ပြောပါတယ်။
နိုင်ငံတကာ အစီရင်ခံစာတွေမှာ ဒီလိုအချက်တွေကိုထည့်သွင်းစဉ်းစားတာ သိပ်မတွေ့ရတဲ့ အတွက် သူ့အနေနဲ့စိုးရိမ်မိတယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပို့ကုန်ကနိုင်ငံခြားငွေရမယ့် အလားလာ
မြန်မာနိုင်ငံက နိုင်ငံခြား ပို့ကုန်တင်ပို့မှုမှာ သဘာဝဓာတ်ငွေ့ဟာ ထိပ်တန်းပို့ကုန်ဖြစ်သလို လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ ပဲ ကလည်း ထိပ်တန်းပို့ကုန်တွေစာရင်းမှာ ပါပါတယ်။
၂၀၁၉ ခုနှစ်မှာ စပါးဈေး တင်းတစ်ရာကို ကျပ် ၅ သိန်းအောက် ရောက်သွားလို့ တောင်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာပြည် အထက်ပိုင်း ပဲဈေးကွက်ဟာ ရာသီဥတု မကောင်းတာနဲ့ အိန္ဒိယ အဝယ်နည်းတာကြောင့် ဈေးကောင်းမရဘဲ ရှိခဲ့ပါတယ်။
မြန်မာ့စက်မှုကဏ္ဍက အခုနှစ်တွေအတွင်း ထိပ်တန်းဝင်ငွေရနေတဲ့ အထည်ချုပ်လုပ်ငန်းကလည်း ရခိုင်ပြည်နယ် ပြဿနာကြောင့် အဓိကဈေးကွက်ဖြစ်တဲ့ ဥရောပ သမဂ္ဂက GSP လို့ခေါ်တဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းဖွယ်ရာ အနေအထား ကို ရောက်လာတာကြောင့် စိုးရိမ်စရာ အခြေအနေ ရှိနေတယ်လို့ လည်း စီးပွားရေးရှင်ပညာရှင် ဒေါက်တာ ဇော်ဦးက ပြောပါတယ်။
ဒါပေမယ့် ဂျီဒီပီ ရဲ့ ၂၀ ရာခိုင်နှုန်းကျော် ပါဝင်ပတ်သက်နေတဲ့ သဘာဝဓာတ်ငွေ့က ဝင်ငွေတွေက ပုံမှန်ရှိနေပြီးတော့ အလားလာကောင်းတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။
ပို့ကုန်ကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေဘက်က ဒေါ်လာနဲ့ မြန်မာငွေလဲလှယ်မှုကို ထည့်တွက်ရတာ ဖြစ်ပြီးတော့ ဒေါ်လာဈေး ကျဆင်းနေတဲ့ အတွက် ပို့ကုန်ကဝင်ငွေ ရရှိမှုဟာလည်း ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများနဲ့ ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့်
ကမ္ဘာ့ဘဏ်က အောက်တိုဘာလ အတွင်းထုတ်ပြန်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့် "Doing Business 2020 Report" မှာ မြန်မာနိုင်ငံရဲ့အဆင့်က ၁၆၅ ရရှိခဲ့လို့ မနှစ်ကထက် ၆ ဆင့် တိုးတက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ခွင့် လွယ်ကူလာတယ်ဆိုပေမယ့် လက်ရှိလုပ်ငန်းတွေဟာ ဘဏ်ချေးငွေတွေပြန်ဆပ်ဖို့၊ ဝန်ထမ်းတွေလစာပေးဖို့၊ အခွန်တွေပေးဖို့နဲ့ ရုန်းကန်နေရပြီး အကျိုးအမြတ်ရဖို့ထက် လုပ်ငန်းလည်ပတ်ဖို့ကို ရုန်းကန်နေရတယ်လို့လည်း ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
"နိုင်ငံတကာ အဖွဲ့စည်းတွေကပြောတဲ့ ကိန်းဂဏန်းတွေက ပြန်လည်ဆန်းစစ်ကျရင်တော့ ကောင်းမယ်။ သန်းခေါင်စာရင်းပဲ ကြည့်လေ မြန်မာလူဦးရေ သန်း၆၀ နဲ့တွက်နေကြတာ တကယ်လည်းကောက်ရော ၂၀၁၄ မှာ ၅၁ သန်းကျော်ပဲ ရှိတယ် "လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
အခုလက်ရှိ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေဟာ မီတာခ တိုးမြင့်လာတာကြောင့် အခက်အခဲတွေ ရှိနေသလို၂၀၂၀ မှာ ရွေးကောက်ပွဲကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတချို့ဟာ လုပ်ငန်းသစ်တွေ မစဘဲ တုံ့ဆိုင်းနေကြတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုန်ဈေးနှုန်း
မြန်မာနိုင်ငံမှာ လူဦးရေ အများဆုံးနေထိုင်တဲ့ ရန်ကုန်မြို့မှာ မနက်စာ မုန့်ဟင်းခါးတစ်ပွဲကို ကျပ် ၇၀၀ ဝန်းကျင်ရှိနေပြီး လက်ဖက်ရည်တစ်ခွက် ကို ၅၀၀ ကျပ်ခန့်ရှိပါတယ်။ နေ့စဉ် ဟင်းချက်စရာဝယ်ယူရာမှာလည်း စားသောက်ကုန်စျေးနှုန်းတွေ တက်တာရှိတယ်လို့ မြိုခံတွေက ပြောပါတယ်။
အခုလောလောဆယ် ကုန်ဈေးနှုန်းကြီးတာဟာ ငွေရေးကြေးရေးကဏ္ဍကြောင့် တခုတည်း မဟုတ်ဘဲ ပြည်တွင်းကုန်ထုတ်လုပ်မှု ကျဆင်းနေတာကြောင့်ဖြစ်ပြီး ပြည်ပသွင်းကုန်ကို အများကြီးမှီခိုလာရလို့ ဖြစ်တယ်လို့လည်း ဒေါက်တာဇော်ဦးက ထောက်ပြပါတယ်။
ဒါအပြင် ကုန်ဈေးနှုန်းတက်လာခဲ့ရင်လည်း ပြည်တွင်းလယ်ယာ ကဏ္ဍနဲ့ စက်မှုကဏ္ဍ ကလူတွေက ဝင်ငွေတွေတိုးမလာတဲ့ အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ လည်း ဒေါက်တာဇော်ဦးက ပြောပါတယ်။








