အာပဲ့ခြောက်လုပ်တဲ့ ငါးနှပ်ထဲမှာ ဖော်မလင် ပါမပါ ဘယ်လို စစ်ဆေးမလဲ

ငါးနှပ်တွေမှာ ဖော်မလင် စစ်ဆေးတွေ့ရှိရတဲ့အတွက် မွန်ပြည်နယ်မှာ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနက သိမ်းဆည်း ဖျက်စီးခဲ့ရပါတယ်။
မြန်မာနိုင်ငံတွင်းမှာ အခြေခံ လူတန်းစားတွေ အနေနဲ့ အဖိုးနည်း၀န်ပါ ဒီလို ငါးနှပ်မျိုးတွေကို အားကိုး စားသုံးနေရချိန်မှာ တစ်ဘက်ကလည်း အခုလို ဖော်မလင် အန္တရာယ်ကို စိုးရိမ်မှု တိုးလာနေပါတယ်။
အရပ်အခေါ် အာပဲ့ခြောက်လို့ ခေါ်တဲ့ ငါးနှပ်ခြောက် ပုံတွေမှာ အရင်ကဆိုရင် အညှီနံ့တလှိုင်လှိုင်နဲ့ ယင်ကောင် အများအပြား တွေ့ရပေမယ့် အခုဆိုရင် အညှီနံ့ကင်း ယင်ကောင်ရှင်းလာတဲ့ အပေါ် လူတွေရဲ့ သံသယ ကလည်း ကြီးထွား လာနေပါတယ်။
ငါးနှပ်မှာ သဘာ၀ အလျှောက်ကိုက ဖော်မလင်ပါနေတယ် ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပေမယ့် ဘယ်စားသောက်ကုန်မျိုး မဆို ဖော်မလင် 0.01 PPM ထက် ကျော်ရင်ကို လက်ခံနိုင်စရာ မရှိဘူးလို့ အစာ အာဟာရ သိပ္ပံနဲ့ နည်းပညာ အသင်းရဲ့ အလုပ်အမှုဆောင် ဒေါက်တာ ကျော်ငြိမ်းအေးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, FDA Myanmar
ဆိုလိုတာကတော့ လူတွေ ထည့်ထားတဲ့ ဘယ်ပမာဏမျိုး မဆို လက်ခံ နိုင်စရာကို မရှိဘူး၊ စားသောက်စရာတွေမှာ ဖော်မလင် ပါဝင်မှုကို လက်မခံနိုင်ဘူးလို့ သူက ဆိုပါတယ်။
အများပြောနေကြသလို ငါးနှပ်မှာ သဘာ၀အလျှောက် ဖော်မလင် ပါတယ်ဆိုနေကြပေမယ့် တကယ်တော့ ဖော်မလင် အနေနဲ့ ပါတာမျိုး မဟုတ်ဘဲ လူ၊ သတ္တဝါ၊ တိရစ္ဆာန်တွေ သေကြေ ပျက်စီးတဲ့အခါ မီသိန်း၊ ယူရီးယား၊ နိုက်ထရိုဂျင်လို ဓါတ်ငွေ့တွေ ထွက်တဲ့အခါ ဖော်မလင်ရဲ့ ဓါတုနာမည် ဖြစ်တဲ့ ဖော်မယ်လ် ဒီဟိုက် ဆိုတဲ့ ဒြပ်ပေါင်းက အဲဒီအထဲမှာ နည်းနည်း ရောပါတဲ့ သဘောမျိုး ဖြစ်တယ်လို့ ဒေါက်တာ ကျော်ငြိမ်းအေးက ရှင်းပြ ပါတယ်။
လက်ရှိ မြန်မာ နိုင်ငံက စားသောက်ကုန်တွေမှာ တွေ့ရတဲ့ ဖော်မယ်လ် ဒီဟိုက်ဟာ သဘာ၀ အလျှောက် ရှိနေတဲ့ အနေအထားမျိုး Pure Substance အနေနဲ့ ရှိနေတာ မဟုတ်ဘဲ တခြား compound တွေနဲ့ ဓာတ်ပြုပြီး complex form အနေနဲ့ ရှိနေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် လူတွေက ထည့်လိုသာ ဖော်မယ်လ် ဒီဟိုက် ဆိုတာ Chemical အနေနဲ့ ရှိတာ ဖြစ်နိုင်ပြီး သဘာ၀ အတိုင်း ဆိုရင် ဘယ်တော့မှ Pure အနေနဲ့ မရှိနိုင်ဘူး ၊ ဓာတ်ခွဲခန်းမှာ စစ်ရင်တော့ ဖော်မယ် ဒီဟိုက် အဖြစ် တွေ့နိုင်ပေမယ့် သဘာ၀ အရကတော့ Pure Substance အနေနဲ့ လုံး၀ မဖြစ်နိုင်ဘူးလို့ အစာ အဟာရ သိပ္ပံနဲ့ နည်းပညာ အသင်းရဲ့ အလုပ်အမှုဆောင် ဒေါက်တာ ကျော်ငြိမ်းအေးက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, kyaw nyein aye facebook
တိတ်တဆိတ် လူသတ်သမား ဖော်မလင်
မြန်မာနိုင်ငံမှာ မုန့်ဟင်းခါးဖတ်၊ ပဲပြား၊ ချက်နို့ဆီ စတဲ့ စားသောက်ကုန်တွေမှာ ဖော်မလင် သုံးကြတာ တွေ့ရပြီး ဒါကို သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်မှုတွေ ပြုနေပေမယ့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို တစ်နေ့ကို ဖော်မလင် 15 ppm ၀င်နေမယ် ဆိုရင် ကြာလာပါက ကင်ဆာ ဖြစ်လာနိုင်တယ်လို့ ငါးလုပ်ငန်း ဦးစီးဌာန ဓါတ်ခွဲခန်းမှူး ဒေါက်တာ စုမျိုးသွယ်က ပြောပါတယ်။
ဒါ့အပြင် လူ့ခန္ဓာကိုယ်တွင်း မျိုးရိုး ဗီဇ ဖောက်ပြန် ပျက်စီးလာတာမျိုးတွေ ကြုံရနိုင်တယ်လို့ သူက ဆိုပါတယ်။
ဖော်မလင် ဆိုတာဟာ မာတက်တဲ့ သဘောရှိတော့ ကိုယ်ခန္ဓာမှာ မမာသင့်တဲ့ တစ်သျှူးတွေက မာလာပြီး ခန္ဓာကိုယ် လုပ်ငန်းစဉ်တွေ အလုပ်မလုပ်တာ ဖြစ်လာနိုင်တယ် လို့ သူက ထောက်ပြထားပါတယ်။
လူတစ်ယောက်ဟာ ဖော်မလင် များများ စားမိတာနဲ့ ဖြစ်ဖြစ်ချင်း ဗိုက်အောင့်တာ၊ အန်တာ၊ သတိလစ်တာတွေ ဖြစ်ကာ ကြာရှည်မှာ အဆုတ်၊ အစာအိမ်၊ ကိုယ်တွင်း ကလီစာတွေမှာ ကင်ဆာ ဖြစ်လာနိုင်တယ်လို့ ဒေါက်တာ စုမျိုးသွယ်က ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Soe Naing
ငါးနှပ်နဲ့ ဖော်မလင်
ငါးနှပ် ဆိုတဲ့ သဘောသဘာ၀က ပျော့ပြောင်းတဲ့ သဘောရှိပေမယ့် ဖော်မလင် စိမ်ထားတဲ့ ငါးတွေဟာ မာတောင့် နေသလို နမ်းကြည့်တဲ့ အခါ ဖော်မလင်လို ဓာတုဆေး အနံ့ ထွက်နေတတ်တဲ့ အပြင် ငါးရဲ့ အရောင်အသွေး ကိုကြည့်ပြီး ဖော်မလင် ပါ၀င်မှုကို အကြမ်းဖျင်း အကဲခတ် နိုင်တယ်လို့ ဒေါက်တာ စုမျိုးသွယ်က ပြောပါတယ်။
လူသေကောင်တွေကို မပုတ်မသိုးအောင် လုပ်တဲ့အခါ ဖော်မလင်ကို သုံးစွဲကြသလို အဲဒီ ဓာတုပစ္စည်းကိုက စက်မှုလုပ်ငန်းသုံးဆိုင်ရာ ပစ္စည်း ဖြစ်တာကြောင့် ဥပဒေအရ သုံးစွဲမှုက အကျုံးမ၀င်ဘူးလို့ ဆိုပါတယ်။

ဒေါက်တာကျော်ငြိမ်းအေး (အစာ အဟာရ သိပ္ပံနဲ့ နည်းပညာ အသင်း)ရဲ့ အကြံပြုချက်
ငါးနှပ် ဝယ်ယူမယ်ဆိုရင်
၁။ စနစ်တကျ ခင်းကျင်းထားပြီး ယုံကြည် စိတ်ချရတဲ့ ဆိုင်တွေကနေသာ ၀ယ်ယူသင့်တယ်။
၂။ ကိုယ်၀ယ်မယ့် ငါးနှပ်ဟာ စနစ်တကျ ရေခဲရိုက် ထုပ်ပိုးထားတာကိုသာ ကြည့်ဝယ်ပါ။
၃။ ငါးနှပ်ဟာ အနံ့အရ လတ်ဆတ် ငါးညှီနံ့ထွက်နေရမယ်၊ ဓါတုဆေး အနံ့ မရှိစေဘဲ အရေခွံ အရောင်ကလည်း တောက်နေရမယ်။
ချက်ပြုတ် ပြင်ဆင်မယ်ဆိုရင်
၁။ ငါးကို ၀ယ်လာပြီးတာနဲ့ ချက်ချင်းချက်တာ ဒါမှမဟုတ် ရေခဲသေတ္တာထဲ တန်းထည့်ပါ။
၂။ ချက်မယ် ဆိုရင် ရေဘုံဘိုင်အောက် သေချာဆေးကြောတာ၊ ဒါမှမဟုတ် တခြား သန့်စင်နည်းတွေနဲ့ စနစ်တကျ သေချာစွာ ဆေးပါ။
၃။ ဟင်းချက်တဲ့အ ခါ ၇၅ ဒီကရီ စင်တီဂရိတ် အထက် အပူချိန်နဲ့ အချိန်ယူ ချက်ပြုတ်ပါ။
ငါးနှပ် ရောင်း၀ယ်သူတွေအတွက်ဆိုရင်
၁။ ဖော်မယ်လ် ဒီဟိုက် ဆိုတဲ့ ဖော်မလင် ကို အစားအသောက်မှာ လုံး၀ မသုံးစွဲသင့်ပါ။
၂။ ကိုယ်ရောင်းချမယ့် ငါးတွေကိုလည်း ဖော်မလင်မသုံးတဲ့၊ ယုံကြည်စိတ်ချရတဲ့ နေရာကနေ ၀ယ်ယူ သင့်ပါတယ်။
၃။ ငါးကို ရေခဲရိုက်တဲ့ အခါမှာလည်း လိုက်နာရမယ့် နည်းစနစ်တွေအတိုင်း ရေခဲတစ်လွှာ ငါးတစ်လွှာ မှုန်နေတဲ့ ရေခဲတွေကိုသာ သုံးသင့်တယ်။








