ခေါင်းဆောင်တွေကိုတရားစွဲတာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်လို့ အေအေပြော

ရက္ခိုင့်တပ်မတော် (အေအေ)ခေါင်းဆောင်တွေကို တရားခံပြေးမှုနဲ့ အမှုဖွင့် တရား စွဲထားတာက ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်လို့ အေအေဘက်က တုံ့ပြန်ပါ တယ်။
အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် အပါအဝင် အေအေထိပ်ပိုင်းခေါင်း ဆောင်ဖြစ်တဲ့ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီးကျော်ဟန်နဲ့ အေအေပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခ တို့ကို တရားခံပြေးမှုနဲ့ ဒုရဲမှူး အောင်သူရက စစ်တွေခရိုင်တရားရုံးမှာ ဇူလိုင် ၄ ရက်နေ့မှာ အမှုဖွင့်ထားတယ်လို့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
မတ်လက မြောက်ဦးမြို့နယ်မှာ လူနာတဦး အပါအဝင် လူ ၁၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က)နဲ့ တရားစွဲခဲ့ပါတယ်။
ဒီလိုတရားစွဲတဲ့ တိုင်ချက်မှာ ဒီလူ ၁၃ ဦးကို အကြမ်းဖက်ဖို့ စေခိုင်းတာဟာ အေအေ အဖွဲ့ ဖြစ်တယ်ဆိုပြီး အေအေအဖွဲ့ကိုပါ ရဲတပ်ဖွဲ့က တရားစွဲခဲ့တာလို့ တရားစွဲခံရတဲ့ ကျောင်းတောင် ရွာသား ၆ ဦး ဘက်ကနေ ရှေ့နေ့လိုက်ဖို့ ကိုယ်စားလှယ် လွှဲစာ တင်ထားတဲ့ ဒေါ်အေးနုစိန်က ပြောပါ တယ်။
'ဒီထွန်းမြင့်နိုင် ၊ ညိုထွန်းအောင်၊ ကျော်ဟန်၊ ခိုင်သုခကျတော့ စိစစ်ဆဲဆိုပြီးတော့ သူတို့မှာ တရားခံပြေးအဖြစ်နဲ့ ရာဇဝတ် အထွေထွေအမှုဖွင့်ထား လိုက်တာ'လို့ သူက ပြောပါတယ်။
အေအေအဖွဲ့အပေါ်စွဲဆိုမှုနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ပေမယ့် ဆက်သွယ်မရ ဖြစ်ခဲ့ပါတယ်။
အေအေ အကြီးအကဲတွေကို တရားခံပြေးအဖြစ်သတ်မှတ်လိုက်တာကြောင့် အစိုးရရဲ့ အာဏာသက်ရောက်တဲ့ နယ်မြေတွေကို သွားလို့မရဘူးလို့ အေအေပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
'အခုအနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ်တွေမှာ တဘက်နဲ့တဘက် ယုံကြည်မှုက ပိုပြီးတော့ ပျက်ပြားသွားနိုင်တာပေါ့၊ တဘက်မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပျက်စီးအောင် အစိုးရဘက်က လုပ်နေသလားဆိုတဲ့ သံသယလည်း ကျွန်တော်တို့ဘက်က ရှိမိတယ်'လို့ ခိုင်သုခက ပြောပါတယ်။
ဒါပေမဲ့ လုံခြုံရေးကောင်းတဲ့ နေရာတွေမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပရင် အေအေအနေနဲ့ တက်သွားမယ်လို့ သူက ဆိုပါတယ်။
အစိုးရရဲ့ အုပ်ချုပ်မှု၊ ဥပဒေတွေကို မကြိုက်လို့ တော်လှန်ရေး လုပ်နေတာ ဖြစ်တာ ကြောင့် အစိုးရဘက်က ဘာလုပ်သလဲဆိုတဲ့ အပေါ်ကို မူတည်ပြီး တုံ့ပြန်သွားမယ်လို့လည်း ခိုင်သုခက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ခိုင်သုခရဲ့ ယောက်ဖတော်စပ်သူ တစ်ဦးနဲ့ နောက်ထပ် လူနှစ်ဦးကို စစ်တပ်က ခေါ်ဆောင်သွားပြီး အမ်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။









