မူဆယ်မြို့က တရုတ် အငှားကိုယ်ဝန်ဆောင် ကြော်ငြာအတွက် ဘာတွေ အရေးယူနေလဲ

ဓာတ်ပုံ ရင်းမြစ်, Thaung Tun
တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့က လမ်းမီးတိုင်နဲ့ လူနေအိမ်နံရံတချို့မှာ အငှားကိုယ်ဝန်ဆောင် ခေါ်ယူတဲ့ ကြော်ငြာ စာရွက်တွေကို တွေ့ရှိရတယ်လို့ မူဆယ်မြို့ခံတချို့က ဘီဘီစီကို ပြောပါတယ်။
တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့က တရုတ်အမျိုးသားတွေအတွက် အငှားကိုယ်ဝန်ဆောင်ပေးနိုင်မယ့် အမျိုးသမီး တွေ ခေါ်ယူတဲ့ကြော်ငြာစာတွေကို ဒီဇင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းက မူဆယ်မြို့က နာရီစင်အနီးမှာရှိတဲ့ ဓာတ်တိုင်တွေနဲ့ မြို့လယ်ရပ်ကွက်အချို့ နေအိမ်နံရံတွေမှာ မူဆယ်မြို့ခံတွေ တွေ့ရှိခဲ့ရ တာပါ။
တစ်လကို ကျပ်ငွေ သိန်း ၃၀ ဝန်းကျင်နဲ့ ညီတဲ့ တရုတ်ငွေပေးမယ်ဆိုပြီး အငှား ကိုယ်ဝန်ဆောင်လုပ်ဖို့ ကြော်ငြာစာကပ်တာဟာ ဒါဟာ ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ ဆိုပါတယ်။
'' အခုလို ကျွန်တော်တို့ နိုင်ငံဘက်ထဲကိုလာကပ်တယ်ဆိုတာ စော်ကားတာဖြစ်သွားပြီ၊ ဒါက လူကုန်ကူး တာကို ကြော်ငြာပြီးတော့ ကူးတာမျိုး ဖြစ်သွားပြီ၊ ဒါကို မြို့ကအာဏာပိုင်တွေအနေနဲ့ သေချာအရေးယူဆောင်ရွက်သင့်တယ်'' လို့ မူဆယ်မြို့ခံတစ်ဦးလည်းဖြစ်တဲ့ ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thaung Tun
မြို့ခံတွေရဲ့ ယူဆချက်
ဒီရက်ပိုင်းမှာတွေ့ရတဲ့ အငှားကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားခေါ်စာမှာ အသက် ၃၅ နှစ် အောက် ကျန်းမာသန်စွမ်းတဲ့အမျိုးသမီးတွေကို တစ်လကို ကျပ်ငွေ သိန်း ၃၀ ဝန်းကျင်နဲ့ညီမျှတဲ့ တရုတ် ယွမ် တစ်သောင်းကျော်ပေးမယ်လို့ရေးသားထားတာပါ။ အိမ်ထောင်ရှိသူတွေအနေနဲ့လည်း မိမိခင်ပွန်းကိုပါ ခေါ်သွားပြီးလုပ်ကိုင်လို့ရမယ်လို့လည်း ကြော်ငြာစာမှာ ပါရှိတာကို တွေ့ရပါတယ်။
ဒီလို ကြော်ငြာစာကပ်ပြီးခေါ်ယူတာကို ပြီးခဲ့တဲ့ ငါးလဝန်းကျင်လောက်ကလည်းတွေ့ခဲ့ရပြီး ပုံစံ ၄ မျိုးနဲ့ ကြော်ငြာထားတာကိုတွေ့ရတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
'' ပထမတစ်ခေါက်တုံးကတော့ 'သတို့သမီးအလိုရှိသည်' တို့၊ 'အိမ်ထောင်ပြုရန်ဖိတ်ခေါ်စာ' တို့ ဆိုပြီး ခေါ်ယူခဲ့တာ၊ အခုတစ်ခေါက်တော့ အရင်နဲ့ပုံစံနည်းနည်းကွဲတယ်၊ ဒါက ဒုတိယအကြိမ်ဖြစ်ပြီး မြို့လယ်ခေါင်ထိ လည်းရောက်လာပြီ၊ အဓိကကတော့ အာဏာပိုင်တွေဘက်ကအရေးယူတာတွေ မရှိလို့ ရဲတင်းလာတာ ပေါ့'' လို့ မြို့ခံ ဦးသောင်းထွန်းက သူ့ရဲ့ ယူဆချက်ကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thaung Tun
သက်ဆိုင်ရာရဲ့ အရေးယူဆောင်ရွက်မှု
ပြီးခဲ့တဲ့အကြိမ်က အငှားကိုယ်ဝန်ဆောင် ကြော်ငြာစာတွေအပေါ် အရေးမယူနိုင်ခဲ့ပေမယ့် ဒီရက်ပိုင်းအတွင်း ကပ်ယူလာတဲ့ ခေါ်စာတွေအပေါ်မှာတော့ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပြီလို့ အမှတ် ၁၇ လူကုန်ကူးမှု တားဆီးနှိမ်နှင်းမှုရဲတပ်ဖွဲ့ရုံး ရဲမှူးကျော်ညွှန့်က ဘီဘီစီကိုပြောပါတယ်။
' 'ဒါနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ဒီနေ့ပဲ တရုတ်ဘက်က BLO (မြန်မာ-တရုတ် နယ်စပ် ဆက်ဆံရေးရုံး) ကို ဆက်သွယ်အကြောင်းကြားထားတယ်၊ သူတို့ဘက်ကလည်း ကွမ်ကျိုးဆိုတော့ နည်းနည်းဝေးတော့၊ သူတို့ထပ်ပြီးဆက်သွယ်စုံစမ်းပေးမယ်ဆိုပြီး ပြန်ဖြေတယ်လို့ ရဲမှူး ကျော်ညွန့်က ပြောပါတယ်။
ကြော်ငြာစာသားမှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ရာမှာလည်း အဆက်အသွယ် မရဘူး ဆိုပါတယ်။ ကြော်ငြာမှာပါတဲ့ WeChat တရုတ်လူမှုကွန်ရက် စာမျက်နှာ အကောင့်ကိုလည်း စောင့်ကြည့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ရဲမှူးကျော်ညွှန့်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ပြဿနာ
မြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေပေမယ့်လည်း လူကုန်ကူးခံရမှုတွေက ရှိနေဆဲဖြစ်ပါတယ်။ အခုလို လူကုန်ကူးမှုမြောက်တဲ့ အကြောင်းအရာတွေကို စာရွက်တွေပေါ်မှာ တရားဝင် သဘောမျိုးနဲ့ခေါ်ယူတာကိုလည်း မြန်မာနိုင်ငံက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ စိတ်ဝင်စားမှုမြင့်မားနေသလို ဝေဖန်ပြောဆိုမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရတဲ့ထဲမှာ တရုတ်နိုင်ငံကို ၇၀ ရာနှုန်းကျော်နဲ့ အများဆုံး လူကုန်ကူးခံနေရတယ်လို့ လေ့လာမှု စာရင်းဇယားတွေက ဆိုပါတယ်။ အခုနောက်ပိုင်းမှာတော့ အငှားကိုယ်ဝန်ဆောင်တဲ့လူကုန်ကူးမှုပုံစံအသစ်တွေကိုလည်း တေ့ွနေရပြီလို့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အခမ်းအနား တစ်ခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
တရုတ်အမျိုးသားတွေနဲ့ အတင်း အဓမ္မ မင်္ဂလာဆောင်ပြီး ကလေးမွေးပေးဖို့ လူကုန်ကူးရောင်းစားခံရတဲ့ မြန်မာပြည်က အမျိုးသမီးတွေထောင်နဲ့ချီရှိနေပြီး အခုဆိုရင် အမျိုးသမီးပေါင်း ၇,၅၀၀ လောက်ရှိတယ်လို့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဂျွန်ဟော့ပ်ကင်းစ် ဘလွန်းဘတ် ကျောင်းက ပြည်သူ့ ကျန်းမာရေးဌာနနဲ့ ကချင်အမျိုးသမီးအဖွဲ့ - ထိုင်းနိုင်ငံ တို့က ပူးတွဲလေ့လာမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။









