ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်း ကိစ္စ ကချင်ပြည်နယ် အစိုးရကို တိုင်ကြား

ဗန်းမော်- မြစ်ကြီးနား လမ်းပိုင်း ကတ္တရာလမ်းခင်းတဲ့ ကိစ္စမှာ အဂတိမကင်းတာတွေ ရှိနေတယ် ဆိုပြီး ကချင်ပြည်နယ်အစိုးရကို စစ်ဆေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ရှေ့နေ တဦးက တိုင်ကြားလိုက်ပါတယ်။
လမ်းခင်းတဲ့ ကိစ္စမှာ ပြည်နယ်အစိုးရက ဘတ်ဂျက်ချပေးပြီး တင်ဒါမခေါ်ဘဲ ကုမ္ပဏီတစ်ခုကို ပေးခဲ့တာ အပြင် လွှတ်တော်ကိုလည်း တင်ပြခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
ဗန်းမော် -မြစ်ကြီးနား လမ်းမကြီး မိုးမောက်မြို့နယ် အတွင်းက (၂၃) မိုင်လမ်းပိုင်း AC ကတ္တရာလမ်းခင်းတဲ့ ကိစ္စဟာ ကချင်ပြည်နယ် လွှတ်တော်မှာ အဆိုအောင်ထားတာ၊ မေးခွန်းမေးမြန်းထားတာ မရှိခဲ့ကြောင်း စီမံကိန်း ဘဏ္ဍာရေးနဲ့ ပြည်သူ့ငွေစာရင်းကော်မတီကနေ ကချင်ပြည်နယ် လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းတာမှာ ဖော်ပြတင်သွင်းခဲ့ပါတယ်။
လွှတ်တော် သဘောတူဖို့လိုအပ်တာရယ်၊ တင်ဒါခေါ်ရမှာအပြင် လမ်းခမ်းတဲ့ ကုမ္ပဏီဘက်က လမ်းကို အရည်အသွေး ပြည့်မီ အောင် မလုပ်ထားတာတွေကြောင့် အခုလို တိုင်ကြားရတာဖြစ်တယ်လို့ တိုင်ကြားသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက ဘီဘီစီကို ပြောပါတယ်။
အွန်လိုင်းက ပို့လိုက်တဲ့ တိုင်ကြားစာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က လက်ခံရရှိကြောင်း အကြောင်းပြန်ပေမယ့် ဘာဆက်လုပ်မယ် ဆိုတာကို မသိသေးတာကြောင့် နောက်ထပ်တရားဝင်စာနဲ့လည်း စာတိုက်ကနေ တဆင့် ပေးပို့ တိုင်ကြားသွားဦးမယ်လို့ ဦးတင်ထွန်းသိန်းက ဆိုပါတယ်။
"ပြည်နယ်အစိုးရ အဖွဲ့က အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဒီလို ဆုံးဖြတ်ပြီး တင်ဒါ ချပေးခဲ့တယ်လို့ ထင်ပါတယ်၊ လက်လွတ်စပယ် ချပေးတာတော့ မဟုတ်ပါဘူး" လို့ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဦးဝင်းညွန့်က ပြောပါတယ်။
ဒီလမ်းပိုင်းအတွက် မြန်မာငွေ ၁၁ ဘီလီယံ ကို ကချင်ပြည်နယ် အစိုးရက ချပေးခဲ့ပြီး လမ်းခင်းဖို့အတွက် တင်ဒါခေါ်တာ မရှိဘဲ ပါဝါဖိုက်စတား ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။




