လူ့အခွင့်အရေးကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်မယ်

၂၀၁၇ ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတုန်းက ဒဂုံဆိပ်ကမ်းမြို့နယ်က မဲပေးနေသူ အမျိုးသမီး တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP/Getty Image

ဓာတ်ပုံ ပုံစာ, ၂၀၁၇ ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတုန်းက ဒဂုံဆိပ်ကမ်းမြို့နယ်က မဲပေးနေသူ အမျိုးသမီး တစ်ဦး

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က နိုဝင်ဘာ ၃ ရက် မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လေ့လာစောင့်ကြည့်မယ်လို့ ပြောပါတယ်။

"လူ့အခွင့်အရေးမှာ လွတ်လပ်စွာ မဲပေးပိုင်ခွင့်၊ ကြိုက်တဲ့ကိုယ်စားလှယ် ရွေးချယ်ပိုင်ခွင့် ဒီအခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ရမရကိုကြည့်ဖို့ တာဝန်ရှိလို့ အခုလို လေ့လာစောင့်ကြည်ဖို့ စီစဉ်တာပါ " လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က အခုလို ရွေးကောက်ပွဲကို စောင့်ကြည့်တာက ပထမဆုံးအကြိမ် ဖြစ်ကြောင်းနဲ့ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း လေ့လာ စောင့်ကြည့်နိုင်ဖို့ အခုကတည်းက စတင်လုပ်ဆောင်တာ ဖြစ်တယ်လို့ ဦးယုလွင်အောင်က ဆိုပါတယ်။

ကော်မရှင် အဖွဲ့ဝင် လူအင်အား အခက်အခဲကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာလုံးကိုတော့ စောင့်ကြည့်မဟုတ်ဘဲ ရန်ကုန်၊ ပဲခူး၊ မြစ်ကြီးနား၊ မင်းဘူးနဲ့ မန္တလေးမြို့တွေမှာသာ စောင့်ကြည့်သွားမယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လေ့လာစောင့်ကြည့်ဖို့ စောင့်ကြည့်လေ့လာရေး အဖွဲ့ ၅ ဖွဲ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားတင်ပြထားတယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

လေ့လာစောင့်ကြည့်မယ့် အဖွဲ့တွေက Pace - Myanmar (ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားရေးအဖွဲ့)၊ ဖန်တီးအိမ် (PTE)၊ Rain maker၊ ရွေးကောက်ပွဲ ပညာပေးရေးနဲ့ စောင့်ကြည့်လေ့လာရေး မိတ်ဖက်များ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောခွင့်ပုဂ္ဂိုလ် ဦးမြင့်နိုင်က ပြောပါတယ်။

" လေ့လာစောင့်ကြည့်မယ့် အဖွဲ့ ၅ ဖွဲ့လုံးက အရပ်ဘက်အဖွဲ့တွေပါ။ နိုင်ငံတကာအဖွဲ့တွေကတော့ စောင့်ကြည့်ဖို့ တင်ထားတာတွေ မရှိပါဘူး။ သံရုံးတွေဘက်က ပြင်သစ်၊ ရုရှ၊ ဘရုနိုင်း၊ စင်္ကာပူနဲ့ ကိုရီးယားနိုင်ငံတို့က စောင့်ကြည့်ဖို့ ကော်မရှင်ကို တင်ပြထားပါတယ် " လို့ ဦးမြင့်နိုင်က ဆိုပါတယ်။

၂၀၁၇ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနေကြသူတချို့ကို တွေ့ရပုံ
ဓာတ်ပုံ ပုံစာ, ၂၀၁၇ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနေကြသူတချို့ကို တွေ့ရပုံ

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်မြေမှာ နေကြသူတွေရဲ့ မဲစာရင်းတွေကို အောက်တိုဘာ ၁ ရက်ကနေ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေမှာ ကြည့်ရှုနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။