၂၁ ပင်လုံတက်ဖို့ မြောက်ပိုင်း ခေါင်းဆောင်တွေ ရောက်လာ

ဓာတ်ပုံ ရင်းမြစ်, HEIN HTET
ဇူလိုင်လ ၁၁ ရက် မှာ ပြုလုပ်မယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကို တိုင်းရင်းသားခေါင်းဆောင်တချို့ ရောက်ရှိလာပါတယ်။
ဒီလိုရောက်တဲ့အထဲမှာ မူလက မတက်ဖို့ ငြင်းဆန်ထားတဲ့ ကိုယ်စားလှယ်တချို့လည်း ပါဝင်ပါတယ်။
၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို အလယ်အလတ် အရာရှိတွေလောက်ပဲ စေလွှတ်မယ်လို့ သတင်းထွက်ခဲ့တဲ့ ကေအိုင်အို အဖွဲ့ဟာ ဇူလိုင်လ ၉ ရက်မှာတော့ ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်ပြီး နေပြည်တော်ကို ရောက်လာ ခဲ့ပါတယ်။
ဒါ့အပြင် NCA လက်မှတ်မထိုးသေးတဲ့ SSPP /SSA က ကိုယ်စားလှယ်တွေလည်း နေပြည်တော်ကို ရောက်နေပြီဖြစ်ပါတယ်။
တရုတ်အနေနဲ့ လုံခြုံရေး အာမခံသလို ၂၁ ပင်လုံ အကြိမ်တိုင်းမှာ ကူညီခဲ့တယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။
၂၁ ပင်လုံတက်ဖို့ ကေအိုင်အို ကိုယ်စားလှယ်တွေ စာရင်းစောစော မပေးရတာဟာ ကချင်လွတ်မြောက်ရေး အဖွဲ့မှာ ပါဝင်နေတဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နဲ့ဖွဲ့ထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှု ကော်မတီ FPNCC အစည်းအဝေး မပြီးပြတ်သေးတာကြောင့် ကိုယ်စားလှယ်တွေ မရွေးရတာကြောင့်လို့ ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါတယ်။
၂၁ ပင်လုံမှာ ရလဒ်ကောင်းမျှော်လင့်ဖို့ ဆိုတာထက် နှစ်ဘက်အသွယ်ပြတ်နေတာကြောင့် ဆက်သွယ်ရေး လမ်းကြောင်း တွေပြန်ရှိလာဖို့ မျှော်လင့်ထားတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG
ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ နေပြည်တော် ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အစိုးရထိပ်သီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖွယ် ရှိနေပါတယ်။
နေပြည်တော်ကို ရောက်လာတဲ့ ဝ UWSA နဲ မိုင်းလားအဖွဲ့တို့ကတော့ မြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်က အလွန်အရေးပါတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံ ကူမင်းကနေ ရောက်ရှိလာတဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် အဖွဲ့တွေရဲ့ လေယာဉ်မှာ တရုတ်ရဲ့ မြန်မာ့အရေး အထူးသံတမန် ဆွန်းကော့ရှန် လည်းလိုက်ပါလာပြီး တယ်ဟုန်ပြည်နယ်ခွဲ ဒုတိယ အုပ်ချုပ်ရေးမှူး နဲ့အတူ ယူနန်ပြည်နယ်က ထိပ်တန်းအရာရှိတွေလည်း လိုက်လာပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုးထားတဲ့ မြောက်ပိုင်း အဖွဲ့က ခေါင်းဆောင်တွေဟာ တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ ကူမင်းကနေ နေပြည်တော်ကို အထူးလေယာဉ်နဲ့ လာခဲ့ကြတာပါ ။
အစိုးရအနေနဲ့ မြောက်ပိုင်းအဖွဲ့တွေကို တဖွဲ့ချင်း ဖိတ်ကြားခဲ့တာပါ။
အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ ပါလာရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကတွေ့မယ်လို့ ငြိမ်းချမ်းရေးကော်မရှင်ဘက်က သတင်းစကားပါးတဲ့အတွက် ဇူလိုင်လ ၉ ရက်ကမှ တချို့အဖွဲ့ခေါင်းဆောင်တွေ လာဖို့ ဆုံးဖြတ်ခဲ့တာလို့ ဘီဘီစီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SI THU MKN
ဝပြည်သွေးစည်းညီညွတ် ရေးပါတီ ဝပြည်တပ်မတော် အဖွဲ့ကိုယ်စား ဒုဥက္ကဋ္ဌ နှစ်ဦးဖြစ်တဲ့ ဦးပေါက်ယူရိနဲ့ ဦးကျောက်ကော် အန်းတို့ တက်ရောက်လာပါတယ်။
ရခိုင် တပ်မတော် AA အဖွဲ့နဲ့ MNDAA အဖွဲ့တွေကလည်း ဒုတိယခေါင်းဆောင်တွေ လာတာ တွေ့ရပါတယ်။
မြောက်ပိုင်း ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဇူလိုင်လ ၁၂ ရက်နဲ့ ၁၃ ရက်မှာ တွေ့ဖို့ရှိတယ်လို့ မိုင်းလားအဖွဲ့ ကိုယ်စားလှယ်တဦး ပြောပါတယ်။
၇ ဖွဲ့လုံး တပြိုင်တည်းတွေ့မှာ မဟုတ်ဘဲ တချို့အဖွဲ့တွေကို သီးခြားစီခွဲတွေ့ဖို့ရှိတယ်လို့လည်း သိရပါတယ် ။

ဓာတ်ပုံ ရင်းမြစ်, HEIN HTET
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ တွေ့ဆုံဖို့လည်း ရှိပါတယ်။
၂၁ ရာစုပင်လုံညီလာခံရဲ့ ဒုတိယအကြိမ်အစည်းအဝေးမှာလည်း မြောက်ပိုင်းအဖွဲ့ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပါတယ်။
ဒါပေမဲ့ ညီလာခံနောက်ပိုင်း တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်လကျော်လောက်မှာ တိုက်ပွဲတွေ သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။








