ခွဲထွက်ရေးကိစ္စ တတိယအကြိမ် ပင်လုံညီလာခံပြီးမှ ဆက်ဆွေးနွေးမယ်

ဓာတ်ပုံ ရင်းမြစ်, UNFC FACEBOOK
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရ အကြား ရှေ့မတိုးသာ အချက်တခုဖြစ်တဲ့ ခွဲထွက်ရေးကိစ္စကို ယာယီ ရပ်ဆိုင်းထားပြီး တတိယအကြိမ် ပင်လုံညီလာခံပြီးမှ ဆက်ဆွေးနွေးမယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘောတူလိုက်ပါတယ်။
ပြည်ထောင်စုကနေ ခွဲမထွက်ရေးအချက်ကို လာမယ့်ပင်လုံညီလာခံမှာဆွေးနွေးဖို့ ညှိနှိုင်းခဲ့ပေမယ့် အခက်အခဲတွေဖြစ်နေပြီး ပင်လုံညီလာခံကျင်းပဖို့ နှောင့်နှေးစေနိုင်တာကြောင့် ညီလာခံပြီးမှပဲ ဆက်ဆွေးနွေးမယ်လို့ အပစ်ရပ်အဖွဲ့နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ မကြာသေးခင်က အလွတ်သဘော ဆွေးနွေးပွဲတခုမှာ သဘောတူလိုက်ကြပါတယ်။
နိုင်ငံသားကိစ္စ၊ ဖက်ဒရယ် ဥပဒေအခြေခံ ခုံရုံး၊ တိုင်းရင်းသားများ ရသင့် ရထိုက်တဲ့ အခွင့်အရေးများ စတဲ့ လွယ်လွယ်ကူကူနဲ့ ဆွေးနွေးလို့ရမယ့် ခေါင်းစဉ်တွေကို အရင် ဆွေးနွေးမယ်လို့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တဖွဲ့ ဖြစ်တဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌက ခွန်မြင့်ထွန်းက ပြောပါတယ်။
တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို ညှိနှိုင်းဖို့ အခြေအနေအရ ရွှေ့ဆိုင်းရတာ ဟာ သဘာဝကျပြီး နှစ်ဦးနှစ်ဖက် သဘောတူတဲ့အထိ အချိန်ပေး ညှိနှိုင်း ဆောင်ရွက်ဖို့ လိုတယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ထဲမှာ တိုင်းရင်းသားတွေအနေနဲ့ ၁၀ နှစ်အတွင်း ခွဲထွက်ချင်ရင် ခွဲထွက်နိုင်တယ်ဆိုတဲ့ အချက်ပါရှိခဲ့တဲ့ အတွက် အခုပင်လုံညီလာခံမှာ ခွဲထွက်ရေးကိစ္စကိုထည့်သွင်းဆွေးနွေးဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင် တချို့က ထောက်ပြ ကြပါတယ်။
ဒါပေမယ့် ပြည်ထောင်စုကနေ ခွဲထွက်တာဟာလက်တွေ့မကျဘူးလို့ လေ့လာသူ တချို့က ထောက်ပြကြပါတယ်။
ခွဲထွက်လိုက ခွဲထွက်ခွင့်ဆိုတဲ့ မူကို ပယ်လိုက်ပြီးတော့ ကျန်တဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် နဲ့ ပတ်သက်တဲ့ အချက်တွေ၊ ပြည်ထောင်စု စစ်စစ် ဖြစ်ရမယ်၊ ဒီမိုကရေစီ နိုင်ငံ ဖြစ်ရမယ်ဆိုတာတွေကို ပြည့်ပြည့်၀၀ လိုချင်တဲ့ သဘောထားရှိတယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ အခုခေတ်နဲ့ကိုက်ညီတဲ့ ပြည်ထောင်စုစနစ်နဲ့ လက်တွေ့ ကျတဲ့အခွင့်အရေးရရှိဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဇွန်လ ၃၀ ရက်နေ့မှာ ကျင်းပဖို့ စီစဉ် ထားပြီး နှစ်ဖက်သဘောတူ လက်ခံနိုင်တဲ့ ဘုံသဘောတူညီချက်ကိုလည်း အဖြေရှာ ဆွေးနွေးသွားမယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။
အရင်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုး နိုင်ခဲ့ပေမယ့် လက်ရှိအစိုးရ လက်ထက်မှာတော့ တိုင်းရင်းသားအဖွဲ့ ၂ ဖွဲ့သာ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။
ဒါ့အပြင်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေ တွေမှာ တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတချို့က ဝေဖန်ထောက်ပြနေ ကြပါတယ်။








